သူယုတ်မာဆိုသည်မှာ – ဥူး သုမင်္ဂလ



အကြင်သူသည် အမျက်ထွက်လေ့ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကို ချေဖျက်တတ်၏၊ အယူပျက်စီးသူ ဖြစ်၏၊ လှည့်ပတ်တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ဤလောက၌ အကြင်သူသည် တစ်ကြိမ် ဖွားဖြစ်သော လူစသော သတ္တဝါကို လည်းကောင်း၊ နှစ်ကြိမ် ဖွားဖြစ်သော၁ ငှက်စသော သတ္တဝါကို လည်းကောင်း ညှဉ်းဆဲသတ်ဖြတ်၏၊ အကြင်သူအား သတ္တဝါ၌ သနားကြင်နာမှု မရှိ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။အကြင်သူသည် ရွာတို့ကို ဖြစ်စေ နိဂုံးတို့ကို ဖြစ်စေ ဖျက်ဆီးတတ်၏၊ ပိတ်ပင်တတ်၏၊ ရွာနိဂုံးတို့ကို ဖျက်ဆီး တတ်သူ ဟူ၍ (လောက၌) ထင်ရှား၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။

အကြင်သူသည် ရွာ၌သော် လည်းကောင်း၊ တော၌သော် လည်းကောင်း သူတစ်ပါးတို့ မြတ်နိုးအပ်သော ပိုင်ရှင်မပေးသော ဝတ္ထုကို ခိုးယူလိုသော စိတ်ဖြင့် ဆောင်ယူ၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။

အကြင်သူသည် သူ့ကြွေးမြီကို အမှန်ပင် ချေးယူပြီးလျှင် မြီရှင်တို့က တောင်းအပ်သည်ရှိသော် ငါ့ထံ၌ မရှိဟု ပြောဆိုလျက် ထွက်ပြေး၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။အကြင်သူသည် အနည်းငယ်မျှလောက်သာ ဖြစ်သော ဥစ္စာကို အလိုရှိသဖြင့် လမ်းခရီး၌ သွားလာနေသော လူကို သတ်လျက် အနည်းငယ်မျှသော ဘဏ္ဍာကို ယူ၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။

အကြင်သူသည် မိမိကို သက်သေထား၍ မေးအပ်သည်ရှိသော် မိမိဟူသော အကြောင်းကြောင့်သော် လည်းကောင်း၊ သူတစ်ပါးဟူသော အကြောင်းကြောင့် သော် လည်းကောင်း၊ မိမိ၏ဖြစ်စေ သူတစ်ပါး၏ဖြစ်စေ ဥစ္စာဟူသော အကြောင်း ကြောင့်သော် လည်းကောင်း မုသားဆို၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။

အကြင်သူသည် ဆွေမျိုးတို့၏ မယားတို့၌သော် လည်းကောင်း၊ မိတ်ဆွေ ခင်ပွန်းတို့၏ မယားတို့၌သော် လည်းကောင်း အနိုင်အထက်အားဖြင့်ဖြစ်စေ၊ နှစ်ဦး သဘောတူ ချစ်သဖြင့်ဖြစ်စေ လွန်ကျူးပြစ်မှား၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။

အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကို လည်းကောင်း၊ အဖကို လည်းကောင်း ကျွေးမွေးပြုစု နိုင်စွမ်းသူ ဖြစ်လျက် မကျွေးမွေး မပြုစုပေ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။

အကြင်သူသည် အမိကိုသော် လည်းကောင်း၊ အဖကိုသော် လည်းကောင်း၊ အစ်ကိုနှင့်ညီကိုသော် လည်းကောင်း၊ အစ်မနှမကိုသော် လည်းကောင်း၊ ယောက္ခမ မိန်းမသူ ယောက္ခမ ယောက်ျားသူကိုသော် လည်းကောင်း ရိုက်နှက် ပုတ်ခတ်၏၊ ကြမ်းတမ်းသော စကားဖြင့် ညှဉ်းဆဲ၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။

အကြင်သူသည် အကျိုးစီးပွါးကို မေးမြန်းအပ်သည် ဖြစ်လျက် အကျိုး စီးပွါးမဲ့ကို ပြောကြား သွန်သင်၏၊ မေးမြန်းသူ မသိနိုင်လောက်အောင် လျှို့ဝှက်သော စကားဖြင့် ပြောဆို ညွှန်ကြား၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။

အကြင်သူသည် ယုတ်မာသော အမှုကို ပြုပြီးလျှင် ငါ့ကို သူတစ်ပါး မသိပါစေလင့်ဟု အလိုရှိ၏၊ အကြင်သူ သည် မိမိပြုသော မကောင်းမှုကို ဖုံးလွှမ်း၏၊ ထိုသူနှစ်ဦးကို သူယုတ်မာ ဟူ၍ သိရာ၏။

အကြင်သူသည် သူတစ်ပါးအိမ်သို့ သွားပြီးလျှင် မွန်မြတ်သော ဘောဇဉ်ကို စားပြီး၍လည်း မိမိအိမ်သို့ လာသော ထိုအဆွေခင်ပွန်းကို အတုံ့အပြန် မကျွေးမွေး၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။

အကြင်သူသည် ဗြာဟ္မဏကို လည်းကောင်း၊ သမဏကို လည်းကောင်း၊ ထိုမှတစ်ပါးသော ဖုန်းတောင်း ယာစကာကို လည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားပြီးဖြစ်လျက် မုသား ပြောဆိုခြင်းဖြင့် လှည့်ပတ်၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။
အကြင်သူသည် ထမင်းစားချိန် ရောက်လတ်သော် ဗြာဟ္မဏကို လည်းကောင်း၊ သမဏကို လည်းကောင်း စကားဖြင့် ခြုတ်ခြယ်၏၊ ပေးကားမပေး၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။

ဤလောက၌ အကြင်သူသည် မောဟဖြင့် မြှေးရစ်သည်ဖြစ်၍ တစ်စုံတစ်ခုသော ဝတ္ထုကို ရှာမှီးလာသည် ရှိသော် မသူတော်တို့ စကားကို ပြောဆို၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။

အကြင်သူသည် မိမိကိုယ်ကို ချီးမြှောက်ပလွှား၏၊ သူတစ်ပါးတို့ကို မူကား ရှုတ်ချ၏၊ မိမိကိုယ်ကို ပလွှားမှု သူတစ်ပါးတို့ကို ရှုတ်ချမဟှုသော မိမိမာနကြောင့် ဆုတ်ယုတ်၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။

အကြင်သူသည် ခြုတ်ခြယ်တတ်၏၊ သူတစ်ပါး ပေးလှူသည်ကို မူလည်း ဝန်တိုမှုရှိ၏၊ ယုတ်မာသော အလိုရှိ၏၊ ဝန်တို စေးနဲ၏၊ စဉ်းလဲ ကောက်ကျစ်၏၊ အရှက် မရှိ၊ အကြောက် မရှိ၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။

အကြင်သူသည် မြတ်စွာဘုရားကို သဗ္ဗညုမဟုတ် စသည်ဖြင့် ရေရွတ် စွပ်စွဲ၏၊ ထိုမှတစ်ပါး ထိုဘုရား၏ တပည့်ရဟန်းကိုသော် လည်းကောင်း၊ ပရိဗိုဇ်ကိုသော် လည်းကောင်း၊ လူကိုသော် လည်းကောင်း ရေရွတ်စွပ်စွဲ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။

အကြင်သူသည် ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု ဝန်ခံ၏၊ ဤသူသည်သာလျှင် ဗြဟ္မာနှင့် တကွသော လောက၌ အယုတ်မာဆုံးဖြစ်သော ခိုးသူကြီးပေတည်း၊ ပုဏ္ဏား ငါဘုရားသည် ရှေး၌ အကျဉ်းအားဖြင့် ဆိုခဲ့သော သူယုတ် တို့ကို အကျယ်အားဖြင့် ပြအပ်ကုန်ပြီ။

အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့်သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။

ပုဏ္ဏား ထိုစကား၏ အဓိပ္ပာယ်ကို ဤညွှန်းပြမည့် စကားဖြင့်လည်း သိကုန်လော့၊
ဤညွှန်းပြချက် စကားကား အဘယ်နည်း၊ ခွေးသေတို့ကို ချက်၍ စားတတ်သော ဒွန်းစဏ္ဍား၏သားသည် မာတင်္ဂ ဟူ၍ ထင်ရှားကျော်စော၏။

ထိုမာတင်္ဂသည် အလွန့်အလွန် ရနိုင်ခဲသော မြတ်သော ကျော်စောခြင်းသို့ ရောက်၏၊ ထိုမာတင်္ဂအား လုပ်ကျွေးခစားရန် မင်းမျိုးတို့သည် လည်းကောင်း၊ ပုဏ္ဏားမျိုးတို့သည် လည်းကောင်း၊ များစွာသော ကုန်သည်နှင့် သူဆင်းရဲတို့သည် လည်းကောင်း ခစားရာ အရပ်သို့ လာရောက်ကြကုန်၏။

ထိုမာတင်္ဂသည် ကိလေသာ ကင်း၍ မြတ်သော ခရီးဖြစ်သော ဗြာဟ္မာ့ပြည်သို့ ရောက် ကြောင်း သမာပတ် ရှစ်ပါး နတ်ယာဉ်ကို တက်စီး၍ ကာမ၌ တပ်စွန်းမှု ‘ကာမရာဂ’ ကို ကင်းစင်စေလျက် ဗြဟ္မာ့ပြည်သို့ ကပ်ရောက်ရသူ ဖြစ် ခဲ့၏၊ ထိုမာတင်္ဂကို ဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းမှ အမျိုးဇာတ်က မတားမြစ်နိုင်။

ဗေဒင်ကို သရဇ္ဈယ်တတ်သည့် အမျိုး၌ ဖြစ်ကုန်သော ပုဏ္ဏားတို့သည် ဗေဒင်ဟူသော အဆွေခင်ပွန်း ရှိကုန်၏၊ ထိုပုဏ္ဏားတို့သည်လည်း ယုတ်မာသော အမှုတို့၌ မပြတ် ထင်ကုန်မူ ယခုဘဝ၌ပင်လျှင် ကဲ့ရဲ့ဖွယ် ဖြစ်ကုန်၏၊ တမလွန်ဘဝ၌လည်း ဒုဂ္ဂတိဘဝသို့ လားရောက်ရကုန်၏၊ ထိုပုဏ္ဏားတို့ကို ဒုဂ္ဂတိဘဝသို့ လားရောက်ရခြင်းမှ လည်း ကောင်း၊ ကဲ့ရဲ့ ခံရခြင်းမှ လည်းကောင်း အမျိုးဇာတ်က မတားမြစ်နိုင်။

အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။

 ဝသလသုတ်၊ ဥရဂဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့စီမံပုံ – အရှင်ဇနကာဘိဝံသ

image

ဤရုပ်ခန္ဓာကြီးကို ကံက စီမံပုံ၊ စိတ်က
စီမံပုံ၊ ဥတုက စီမံပုံ၊ အာဟာရက စီမံပုံ
ကိုလည်း အသီးသီးခွဲခြားပြပါ။

အကြောင်း ၄ပါးတို့ ပြုပြင်နေပုံ
ဤနေရာဝယ် ဓာတ်ကြီးလေးပါးတို့
စုပေါင်းနေပုံနှင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့်
ရုပ်တို့ ဖြစ်ရကြောင်းကို ထင်ရှားစေရန် ထပ်ရှင်း
ပါဦးမည်။ ရှေးဦးစွာ မြေကြီးဖြင့် ပြုလုပ်အပ်သော
လူရုပ်ကလေးကို စဉ်းစားကြစို့။ မြေမှုန့်တွေချည်း
သက်သက် လူရုပ်ဖြစ်နိုင်မလား။ မဖြစ်နိုင်။
မြေမှုန့်ချည်းသက်သက်ထားလျှင် လေတိုက်
သဖြင့် လွင့်သွားလိမ့်မည်။ သို့ဖြစ်၍ လွင့်မသွား
နိုင်အောင် ရေဆွတ်ပေးရလိမ့်မည်။
မြေနှင့်ရေ ပေါင်းမိရုံဖြင့်လည်း လူရုပ်
ဖြစ်ဖို့ မဆိုထားဘိ စည်းစည်းလုံးလုံးပင် မဖြစ်နိုင်
သေး။ ထို့ကြောင့် စည်းလုံးမိအောင် စုပေးရဦးမည်။
ထိုမျှဖြင့်လည်း လူရုပ်မဖြစ်နိုင်သေး။ ရေဆွတ်ထား
သဖြင့် စိုစွတ်နေသောရွှံ့ကို အရုပ်လုပ်ဖြစ်ရုံ
ခပ်ထန့်ထန့်ဖြစ်အောင် နေလှန်းပေးရဦးမည်။
ထိုသို့ မြေဓာတ် ရေဓာတ် လုံးထွေးမိအောင် ပြုပေး
သော လေဓာတ်၊ အပူ(မီး)ဓာတ်တို့ဖြင့် သင့်တင့်ရုံ
ညီမျှနေသော ရွှံ့ကိုမှ အရုပ်ပြုလုပ်တတ်သူက
အရုပ်လုပ်ပေးသောကြောင့် လူရုပ်ကလေး
ဖြစ်လာရလေသည်။ ဤကား ဥပမာသဘောအားဖြင့်
ပြောပြခြင်းသာတည်း။

ကံစီမံပုံ
ထို့အတူ ပထဝီဓာတ်ချည်းသက်သက်
ခန္ဓာကိုယ်မဖြစ်နိုင်။ ပထဝီဓာတ် လွင့်မသွားအောင်
အာပေါဓာတ်က စိမ့်စိုလျက်ရှိရ၏။ စိုထိုင်းထိုင်းမရှိ
ရအောင် တေဇောဓာတ်က အငွေ့ပေးလျက်ရှိရ၏။
တစ်ဖွ့စီတစ်ဖွဲ့စီ (တစ်ကလာပ်စီ) တွဲမိအောင်
ဝါယောဓာတ်က တွန်းထိုး ဖိညပ်လျက်ရှိရ၏။
ထိုဓာတ်ကြီး ၄ခု အစုအဖွဲ့၌ မကင်းစကောင်းသော
ဝဏ္ဏ ဂန္ဓ ရသ သြဇာတို့ ပါရှိကြ၏။ ထိုသို့ ရုပ်ကလာပ်
များစွာတို့ ပူးပေါင်းမိသောအခါ (တော်စွာလျော်စွာ
မပူးပေါင်းဘဲ) ရှေးကလူရုပ်ဖြစ်သော လုပ်နိုင်သော
ကံစီမံချက်အတိုင်း “လူ့ကိုယ်ကောင်” ဖြစ်အောင်
ပူးတွဲမိကြလေသည်။
ထိုကဲ့သို့ ကံကစီမံရာ၌ ကံပြုစဉ်က
စိတ်အနေအထားလိုက်၍ ယောက်ျားသဏ္ဍာန်၊
မိန်းမသဏ္ဍာန်ဖြစ်အောင်လည်း စီမံရ၏။
အကုသိုလ်ကံအလိုက် ငရဲသဏ္ဍာန်၊ ပြိတ္တာသဏ္ဍာန်
များကိုလည်းစီမံရ၏။ ကုသိုလ်ကံ
ကောင်းမကောင်းကိုလိုက်၍ လှပသောသဏ္ဍာန်၊
မလှပသောသဏ္ဍာန်များကိုလည်း စီမံရ၏။
အကုသိုလ်ကံကြောင့် တိရစ္ဆာန်သဏ္ဍာန်ကို
ရသော်လည်း ရှေးကုသိုလ်ကံများက အခွင့်သာ
လာလျှင် တိရစ္ဆာန်လှလှကလေးဖြစ်အောင်၊
ကျွေးချင် မွေးချင်စရာ ကောင်းအောင်
စီမံပြန်၏။ ကုသိုလ်ကံကြောင့် လူဖြစ်သော်လည်း
အကုသိုလ်ကံက မလှမပဖြစ်အောင်၊
သူတစ်ပါးရွံမုန်းအောင်၊ ပေးကမ်းချင်သူနည်း
အောင် စီမံဖန်တီးပြန်၏။ ဤသို့လျှင်
ကံတရားသည် မိမိစွမ်းအားရှိသလောက်
ဤခန္ဓာကိုယ် (ရုပ်)တရားကြီးကို ပဋိသန္ဓေ
တည်စ အမိဝမ်းတွင်းကစ၍ စီမံဖန်တီးထား
လေသည်။ (ဤကံကြောင့်ဖြစ်သော ရုပ်ကို
“ကမ္မဇရုပ်” ဟုခေါ်၏။။

စိတ်ကပြုပြင်ပုံ
ကံစီမံထားသော ထိုရုပ်ကြီးကို
စိတ်ကလည်း ထပ်မံ၍ပြုပြင်ပြန်၏။ စိတ်၏
အလိုအတိုင်း ထိုင်ရ၊ အိပ်ရ၊ ရပ်ရ၊ သွားရ၏။
သွားလိုသောစိတ် ဖြစ်သောအခါ စိတ္တဇရုပ်တို့
သည် တစ်ကိုယ်လုံးပျံ့နှံ့လျက်ဖြစ်၏။
ထိုစိတ္တဇရုပ်များ၌ ဝါယောဓာတ်သည် ခါတိုင်း
ထက် သတ္တိကောင်း၏။ ထိုဝါယောဓာတ်အစွမ်း
ကြောင့် တစ်ကိုယ်လုံး လှုပ်လှုပ်ရွရွဖြစ်၏။
ဝါယောဓာတ်လွန်ကဲသော ရုပ်ကလာပ်တွေ
များသည်ထက် များလာသောအခါ ရွေ့ကာ
ရွေ့ကာဖြစ်ရာ၌ (ရွေ့ချင်တိုင်း မရွေ့ဘဲ
စိတ်အလိုကျအောင်) ရွေ့ကြရလေသည်။
ဤနေရာ၌ “ရွေ့ကာရွေ့ကာဖြစ်ခြင်း”
ဟူသောစကားကို ထပ်၍ ထင်ရှားစေဦးအံ့-
ယခုကာလ ရုပ်ရှင်ရိုက်ကူးရာ၌ လူတစ်ယောက်၏
ခြေလှမ်း၍ သွားနေပုံထင်ရှားအောင် ကားငယ်ကလေး
ပေါင်းများစွာ ရိုက်ကူးရ၏။ ပထမကား၌ ရပ်နေပုံသာ
ပါသေး၏။ ဒုတိယ တတိယစသော ကားများ၌လည်း
ထူးခြားခြင်း မရှိလှသေး၏။ ကားပေါင်းအတော်များမှ
ခြေကြွသလိုပေါ်လာ၏။ ထို့နောက်လည်းကားပေါင်း
အတော်များမှ ခြေကိုမြှောက်သလို ပေါ်လာ၏။
ဤသို့ သွားနေပုံပေါ်လာအောင် ကားပေါင်းများစွာ
ဆက်ရလေသည်။ ထိုကားပုံကလေးများလည်း
တကယ့်လူ၏ အနေအထားကို အဆက်ဆက်
ထင်ရှားစေသော ပုံကလေးများတည်း။
ထို့ကြောင့် “လူသွားသည်”ဟုဆိုရာ၌
သွားလိုသောစိတ်ကြောင့် ပထမဖြစ်သော
ုရုပ်များမသွားသေး။ မတ်တတ်ရပ်လျက် ရှိသေး၏။
သို့သော် ပထမရုပ်ကလာပ်၌ ပါဝင်သော ဝါယောဓာတ်
အစွမ်းကြောင့် မငြိမ်မသက်သော အမူအရာဖြစ်လာ၏။
ထို့ကြောင့် ဒုတိယရုပ်စုသည် ပထမရုပ်စု၏ နေရာ၌
ထပ်၍မဖြစ်ဘဲ ထိုနေရာနှင့် ဆက်ကပ်နေသော
ဒုတိယနေရာ၌ ဖြစ်၏။ ဤသို့လျှင် နောက်နောက်ဖြစ်
ရသော ရုပ်ကလာပ်စုက နေရာရွေ့၍ရွေ့၍ ဖြစ်နေရာ
ဝယ် (မျက်စိတစ်မှိတ်ခန့်အတွင်း၌ ကုဋေတစ်သိန်းမက
အထပ်ထပ်ဖြစ်သောကြောင့်) မျက်စိတစ်မှိတ်ခန့်
အချိန်အတွင်းမှာပင် သွားလာနေသော ပုံသဏ္ဍာန်
ထင်ပေါ်လာလေသည်။
ထို့ပြင် “စိတ်ပျိုတော့ကိုယ်နု” ဆိုသည့်အတိုင်း
စိတ်ချမ်းသာသောသူ၌ ကြည်လင်သော စိတ္တဇရုပ်များဖြစ်၍
ချစ်ချစ်ခင်ခင် စကားပြောနေသောအခါဝယ် မျက်နှာများ
ကြည်လင်၏။ ထိုက်တန်သမျှကျန်းမာအောင် ကြည်လင်သော
စိတ်က စွမ်းဆောင်နိုင်၏။ “စိတ်ထောင်းတော့ကိုယ်ကြေ”
ဟုပြောရိုးရှိသည့်အတိုင်း စိတ်မချမ်းသာလျှင် စိတ်ကြောင့်
ဖြစ်သောရုပ်များ ညှိုးနွမ်း၏။ စကာပြောမတည့်၍
စိတ်မကောင်းသောအခါ၌ ချိုနေသောမျက်နှာသည်ပင်
ချက်ချင်း ပျက်တော့၏။
အိမ်တစ်ဆောင်ကို မီးလောင်လျှင်
နီးကပ်နေသော အခြားအိမ်းများလည်း လောင်ရသကဲ့သို့
စိတ္တဇရုပ်က ညှိုးနွမ်းပူလောင်နေလျှင် ဆက်စပ်နေသော
ကမ္မဇ၊ ဥတုဇ၊ အာဟာရဇရုပ်များလည်း ပူလောင်ရတော့၏။
ထို့ကြောင့် အလွန့်လွန် စိတ်မချမ်းသာသော သူသည်
အရွယ်နှင့်မတန်အောင် အိုဆိုး၍ ထိုထက်ပူပန်လာသော
အခါ နှလုံးကွဲ၍ စုတေရလေတော့၏။ ဤသို့လျှင် ခန္ဓာကိုယ်ကို
ပဋိသန္ဓေကစ၍ စိတ်ကလည်း ပြုပြင်လျက်ရှိလေသည်။

ဥတုက ပြုပြင်ပုံ
ဥတုကလည်း ရုပ်ကိုပြုပြင်နိုင်၏။ သာယာသော
ဥတု၌ နေထိုင်လျှင် ရုပ်ကြည်လင်၏။ ကျန်းမာဝဖြိုး၏။
သန့်ရှင်းသောအိပ်ရာ နေရာ အဝတ်များကို ဝတ်လေ့ရှိသူ၌
ထိုအဝတ်များတွေ့ထိသော ဥတုကြောင့် သန့်ရှင်းသော
ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာ၏။ ထို့ကြောင့်
အမြဲသန့်ရှင်းနေသော အဝတ် အိပ်ရာ နေရာများကို
သုံးစွဲခြင်းသည် ကျန်းမာဖို့အကြောင့် နည်းကောင်းအစစ်
ပင်တည်း။ မသန့်ရှင်းသော အဝတ် အိပ်ရာ နေရာများကို
သုံးစွဲသူ၌ကား ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာရေး
ဆုတ်ယုတ်ပျက်ပြား၏။ တော တောင် သစ်ပင်တို့သည်
မိုးကျသောအခါ၌ ဥတုကောင်းနှင့်တွေ့ရ၍ တိုးတက်ပြန့်ပွား
စည်းကားကြ၏။ နွေဥတုကျသောအခါ မကောင်းသော
ဥတုနှင့်တွေ့၍ ညှိုးနွမ်းခြောက်သွေ့ကြရလေသည်။
ဤသို့လျှင် ဥတုကလည်း ခန္ဓာကိုယ်ကို အမိဝမ်းတွင်း
အောင်းနေစဉ်ကပင် ပြုပြင်နေရကား ဥတုအလိုက်
သစ်ပင်တောတောင်တို့ ပြောင်းလွဲပုံကို ကြည့်၍
မိမိကိုယ်၌လည်း ဥတုကောင်းမကောင်းလိုက်၍
ဥတုဇရုပ်များပြောင်းရပုံကို သတိပြုပါကုန်။

အာဟာရက ပြုပြင်ပုံ
စားသမျှအစာ၌ (သောက်ရေ၌ပင်) ပါရှိသော
သြဇာသည် ရုပ်ကိုဖြစ်စေနိုင်၏။ မိမိနှင့်သင့်သော
အစားအသောက်နှင့် ဆေးများသာ စားသောက်သုံးစွဲလျှင်
ကောင်းသောရုပ်များ တိုးပွား၍ ဝဖြိုးကြည်လင်
စည်ပင်ကျန်းမာ၏။ မသင့်တော်သော အစားအသောက်နှင့်
ဆေးများကို သုံးစွဲစားသောက်မိလျှင် မကောင်းသော
ရုပ်များတိုးပွား၍ ညှိုးနွမ်းသွေ့ခြောက် ရောဂါရောက်ရသည်မှာ
မျက်မြင်ပင်ဖြစ်သကဲ့သို့ သင့်တော်သော အစားအသောက်နှင့်
ဆေးများကို သုံးစွဲစားသောက်လေ့ရှိသူတို့ အသက်ရှည်ကြ၊
အနာကင်းကြသည်မှာလည်း မျက်မြင်ပင်ဖြစ်သည်။
အမိဝမ်းတွင်း သန္ဓေတည်နေစဉ်မှာလည်း
ကိုယ်ခန္ဓာကလေး ထင်ရှားသည်မှစ၍ အမိစားသမျှအစာသည်
သူငယ်၏ ကိုယ်အတွင်းသို့ စိမ့်ဝင်၏။ ထိုအခါ ကလေး၏
ကိုယ်၌ အာဟာရကြောင့်ရုပ်များ တိုးပွားကြ၏။
ထို့ကြောင့် မိမိကလေး၏ ကျန်းမာရေးကို လိုလားသော
မိခင်တိုင်းပင် ကိုယ်ဝန်ရှိသည်ကစ၍ ကလေးနှင့်
မသင့်တော်သော အစာအာဟာရများကို အထူးရှောင်ကြဉ်
ကြရသည်။ အမိသည် အကြင်အစားအသောက်ကို
စားသောက်၏။ ထိုအစားအသောက်ဖြင့် အမိဝမ်း၌
တည်နေသော ကိုယ်ဝန်သူငယ်သည် မျှတရရှာ၏။
အမိစားသောအစာသည် ချက်ကြိုးမှစိမ့်၍ ကလေး
ကိုယ်၌ ပျံ့နှံ့၏ဟု ကျမ်းစာတို့၌ဆို၏။ ယခုအခါကား
ကျန်းမာရေးကို အတောနားလည်သော ဆရာတို့ညွှန်
ကြားချက်ဖြင့် သန္ဓေရှိသည်ကစ၍ မိခင်သည်
အားရှိသောအစာကို စားရ၏ ကြမ်းကြမ်းတမ်းတမ်း
သွားလာမှုကို သတိပြုရ၏။ မကြာမကြာ ကိုယ်ဝန်ကို
ဆိုင်ရာဆရာ့ထံ ပြရ၏။ အအိပ်အစား မှန်စေရ၏။
မိမိကိုယ်တိုင်က ရောဂါကင်း၍ ထိုကဲ့သို့ ဂရုစိုက်ခြင်း
ရှိပါမူ ကျန်းမာသော သားသမီးတို့က များပေလိမ့်မည်။
ထို့ကြောင့် မိခင်ကိုယ်တိုင်ကလည်း ကလေး၏
အာဟာရကို ကိုယ်ဝန်ရှိစဉ်ကစ၍ ပြုပြင်ပေးကြပါကုန်။

Ref: http://tunkyaw92.blogspot.sg/2012/10/blog-post_7301.html?m=1

 

ပုဏ္ဏောဝါဒ ကမ္မဋ္ဌာန်းကျမ်း – လယ်တီဆရာတော်ဘုရားကြီး

Ledi Sayadaw

Ledi Sayadaw

“ဥဒ္ဒေသ”
၁။ ဤကိုယ်သည် ဓာတ်ကြီးလေးပါး ဟုဆိုအပ်သော မဟာဘုတ်တို့၏ အပေါင်းအစု သည်ဖြစ်၏။
၂။ ခြောက်မျိုးသော အကြည် အလင်း အတွင်းဓာတ်နုတို့ဖြင့် ပြည့်၏။
၃။ ရှစ်မျိုးသော ဓာတ်မီးတို့သည် အမြဲ အုပ်စိုးအပ်၏။
၎။ ငါးမျိုးသောဓာတ်ဆီတို့သည် စောင့်အပ်၏။ ထောက်ပံ့အပ်၏။
၅။ ဖြစ်ပွားသမျှသော ဓာတ်ကြမ်း၊ဓာတ်နုတို့ကို အမြဲပုံသေ စား၍နေသောတစ်ခုသော ဓာတ် ဘီလူးသည် အုပ်စိုး၏။
၆။ ထို့ဓာတ်ဘီးလူးတို့၏ အပင်းအသင်းတို့သည်ကား အသိန်းမက မျာပြားကုန်၏။
ဥဒ္ဒေသော အကျည်းတည်း။

“နိဒ္ဒေသ”

မဟာဘုတ်တို့၏ အပေါင်းအစု
အကျယ်မူကား ဤကိုယ်အလုံးကို လေးပုံလေးစု ပြုအပ်သည်ရှိသော ပထဝီ-မြေကြီး တစု၊အာပေါ-ရေတစု၊ တေဇော-မီးတစု၊ဝါယော-လေတစု ဤသို့လေးပုံလေး စုဖြစ်၏။ ထိုလေးစုတို့တွင် –
၁။ အနု၊အကြမ်း စမ်း၍သိရသော အမှုသည် ပထဝီ-မြေကြီး အစုတည်း။
၂။ စိုစွတ်စေးတွဲ သောအမှုသည် အာပေါ-ရေအစုတည်း။
၃။ အေးမှု,နွေးမှုသည် တေဇော-မီးအစုတည်း။
၎။ လျော့ရဲ,တောင့်တင်း,ထောက်ခံခြင်း အမှုသည် ဝါယော-လေအစုတည်း။

မြေအစု (ပထဝီ)
မြေသည်သိလာပထဝီ လည်းကောင်း၊ ပံသုပထဝီလည်းကောင်း ဤသို့နှစ်ပါးအပြား ရှိ၏။ နှစ်ဆယ် သောခြေသည်း၊ လက်သည်းတို့သည်လည်းကောင်း၊ သုံးဆယ့်နှစ်ချောင်းသော သွားအရိုးတို့သည် လည်း ကောင်း၊ သုံးရာမျှသော အရိုးကြီးငယ်တို့သည်လည်းကောင်း သိလာပထဝီ တို့သာတည်း။ ကျောက်မြေတို့ သာတည်း။ ဤသုံးရာငါး ဆယ်မျှသော ကျောက်စု ကျောက်ခဲတို့သည် စင်စစ်အားဖြင့် မြေဓာတ် အစုတို့သာ တည်း။ သတ္တဝါ မဟုတ်ကုန်။ အရှင် မဟုတ်ကုန်၊ သိမှု,ကြံမှု မရှိကုန်။
ဆံပင်တို့လည်းကောင်း၊ မွေးညှင်းတို့ လည်းကောင်း၊ အရေ လည်းကောင်း၊ ကိုးရာ သောအသားစိုင် အသားခဲလည်းကောင်း၊ ကိုးရာသောအကြောကြီး၊ အကြောငယ်တို့လည်းကောင်း၊ ရိုးတွင်းခြင်ဆီစုလည်း ကောင်း၊ နှလုံးခ၊ အသဲခဲ၊ အတွင်းအမြှေးလွှာ၊ အ ပြင်အမြှေးလွှာ၊ အဖျဉ်းခ၊အဆုပ်ခ၊ အူမလွှာ၊ အူနှအူသိမ်၊ အစာစိမ်း၊ အစာကျက်၊ ဦးနှောက်ခဲလည်းကောင်း ဤမြေတို့သည် ပံသုပထဝီ၊ ရွှံ့မြေ၊ ညွန်မြေ၊ အမှုန့်မြေ တို့သာတည်း။ သတ္တဝါမဟုတ်ကုန်၊ အရှင်မဟုတ်ကုန် ၊ ကြံသိမှု မရှိကုန်။ထိုအလုံးစုံသည် ကံမှဖြစ်သောမြေ၊ စိတ်မှဖြစ်သောမြေ၊ ဓာတ်မီးမှဖြစ်သောမြေ၊ ဓာတ်ဆီမှဖြစ်သောမြေ ဟူ၍လေးပါးအပြား ရှိ၏။ ငရဲကောင်၊ ပြိတ္တာကောင်၊ အသူရကာယ်ကောင်၊ တိရစ္ဆာန်ကောင် ဖြစ်၍နေသောမြေ စိုင်မြေခဲစုသည် ကြမ်းတမ်း၏။ လူကောင်သဏ္ဌာန်ဖြစ်၍နေသောမြေစိုင်မြေခဲစုသည်သိမ်မွေ့နူးညံ့၏။ ဆိုဖွယ်အထူးကားထို စတုမဟာရာဇ် နတ်မြေစုတွင် ဘူမဇိုဝ်ခေါ်သောမြေစိုင်မြေခဲစုတို့သည်ရှိကုန်၏၊ ထိုဘူမဇိုဝ်ဟူသော မြေစိုင် မြေခဲစုတို့တွင် အချို့ကုန်သော ဘုန်းကံမဲ့ကုန်သော နတ်ဆိုး၊ နတ်ဝါး၊ အစိန်းသရဲ၊ တဇ္ဇေ၊ မှင်စာစသော အသူရာခေါ်ရ သော ဒုက္ခိတဘူမ ဇိုဝ်မြေစိုင်မြေခဲစုတို့သည်ကားမြေကြမ်းတို့ပင်ဖြစ်ကုန်၏။
ထိုစတုမဟာရာဇ်နတ်ကောင်ဖြစ်ကုန်သော မြေစုထက်တာဝတိံသာနတ်ခေါ်ရ သောမြေစိုင်မြေခဲ စုသည်သိမ်မွေ့နူးညံ့၏၊ ဤအတူအကနိဋ္ဌာဗြဟ္မာမင်းကြီးဟုခေါ်ရသော မြေစိုင်မြေခဲစုတိုင်အောင် တဆင့် ထက်တဆင့် သိမ်မွေ့နူးညံ့သောအဖြစ်ကိုသိအပ်၏။ အကနိဋ္ဌဗြဟ္မာ ခေါ်ရသော မြေစိုင်မြေခဲစုမှ အထက်၌ မြေစိုင်မြေခဲစုမည် သည် မရှိပြီး။
ပထဝီ မြေဓာတ် ပြီးပြီ ။

ရေအစု (အာပေါ)

သည်းခြေရည်, သည်းခြေခဲ လည်းကောင်း၊ သလိပ်ရည်, သလိပ်ခဲ လည်းကောင်း၊ ပြည်ရည်ပြည်ခဲ လည်းကောင်း၊ သွေးရည်သွေးခဲလည်းကောင်း၊ ချွေးရည်ချွေးခဲလည်းကောင်း၊ အဆီပြင်အဆီခဲလည်း ကောင်း၊ မျက်ရည်လည်းကောင်း၊ အဆီကြည်လည်းကောင်း၊ တံထွေးရည်တံထွေးခဲလည်းကောင်း၊ နှာရည် နှာခဲလည်းကောင်း၊ အစေးပုပ်လည်းကောင်း၊ ကျင်ငယ်လည်းကောင်း ဤအစုတို့သည် ရေအစု(အာပေါ) တို့တည်း။
နှစ်မျိုးကုန်သော ရေချို၊ရေငံတို့တွင် ရေငံသက်သက်တို့သာတည်း၊ ဤရေတို့သည် သတ္တဝါ မဟုတ် ကုန်၊ အရှင်မဟုတ်ကုန်၊ ကြံမှုသိမှုမရှိကုန်။ ထိုအလုံးစုံသောရေစုသည် ကံမှဖြစ်သောရေ၊ စိတ်မှဖြစ်သော ရေ၊ ဓာတ်မီးမှဖြစ်သောရေ၊ ဓာတ်ဆီမှဖြစ် သောရေ ဟူ၍လေးပါး အပြားရှိ၏။
အပါယ်ဘုံသားသဏ္ဌာန်ဖြစ်၍နေသော ရေရည်ရေခဲစုသည် ကြမ်းတမ်း၏။ လူရည်လူစေးဖြစ်၍နေ သောရေစုသည် သိမ်မွေ့နူးညံ့၏။ ဤသို့အစရှိသည်ဖြင့် အကနိဋ္ဌဗြဟ္မာရည် ဗြဟ္မာစေးဖြစ်၍နေသော ရေစု တိုင်အောင်ဆိုအပ်၏။ မကနိဋ္ဌဗြဟ္မာရည် ဗြဟ္မာစေးဖြစ်၍နေသော ရေအစုမှအထက်၌ ရေမည်သည် မရှိပြီ။

အာပေါ ရေဓာတ် ပြီးပြီ။
မီးအစု (တေဇော)
တကိုယ်လုံးကို ပေါင်းနွေး၍သွေး, သည်းခြေ, လေ, သလိပ်တို့ကိုကြည်လင်စေ တတ်သောကိုယ် စောင့်ဓာတ်မီးလည်းကောင်း၊ အစာအိမ်၌ဆိုက်လာသမျှသောအရည်အဖတ်တို့ကို ကျိုချက်သမှု မနုအကြမ်း ခွဲခြမ်းရွေးနှုတ်အဆီထုတ်သော ပါစကဓာတ်မီးလည်းကောင်း၊ နုနယ်သောအရွယ်အဆင်းကို ရင့်သန်မောက်မာခြင်းသို့ရောက်လေအောင်၊ ရင့်သန်မောက်မာသော အရွယ်အဆင်းတို့ကို တရွေ့တရွေ့ခြောက်သွေ့ ကုန်ခန်း ဟောင်းနွမ်းဆွေးမြေ့ခြင်းတို့ ရောက်လေအောင် အမြဲဆောင်သောဓာတ်မီးလည်းကောင်း၊ ရက် ဆက်ရက်ချန် ဖျားမှု၊ ထုံကျင်ကိုက်ခဲမှု စသည်ကို ပြုတတ်သော အပျက် ဓာတ်မီး လည်းကောင်း၊ ပေါက်နာ, ကျောက်နာ, ဝတ်သက်နာ, နူနာစသည်ဖြစ်၍ သွေး သည်းခြေ တို့ကို အခြေပျက်အောင် လောင်ကျွမ်းလျက် မန်းရည်, ငန်းရည်,ပြည်ပုတ်,
သွေးပုတ် ဖြစ်အောင်ပြုတတ်သော ဒါဟဓာတ်မီးလည်းကောင်း ဤအစုတို့သည် တေဇောမီးအစုတို့တည်း။ နှစ်မျိုးကုန်သော အေး၍လောင်မှု, ပူ၍လောင်မှုတို့တွင် ပူလောင်သော ဥဏှဓာတ်မီး တို့သာတည်း။ ဤမီးတို့သည်လည်း သတ္တဝါမဟုတ်ကုန်, အရှင်မဟုတ်ကုန်, ကြံမှုသိမှုမရှိကုန်။ ထိုအလုံးစုံသော ဓာတ်မီးစုသည် ကံမှ ဖြစ်သောဓာတ်မီး, စိတ်မှဖြစ်သော ဓာတ်မီး, ဥတုမှဖြစ်သောဓာတ်မီး, ဓာတ်ဆီမှ ဖြစ်သောဓာတ်မီး ဟူ၍ လေးပါးအပြား ရှိ၏။အဝီစိ ငရဲကောင်ရှိ ဓာတ်မီးသည် အလွန်ကြမ်းထန်း၏။ အကနိဋ္ဌ ဗြဟ္မာပူ ဗြဟ္မာငွေ့သည်အလွန်သိမ်မွေ့၏။ အလယ်အကြား ဘုံစု၌ တဆင့်ထက်တဆင့် သိမ်မွေ့သောအဖြစ်ကို သိအပ်၏။ဓာတ်မီးတို့၏ ပူမှုအေးမှု နှစ်ပါးတို့တွင် ပူလောင်မှုသည် အဝီစိငရဲမီး ဖြင့်လည်းကောင်း၊ စကြာဝဠာကုဋေတစ်သိန်းအတွင်း ပထမဈာန်သုံး ဘုံတိုင်အောင် အကုန်လောင်သော ကမ္ဘာဖျက်မီးဖြင့်လည်းကောင်း ထင်ရှား၏။
အေးမှု မူကား လောကန္တရိက် ငရဲရေဖြင့် လည်းကောင်း၊ စကြဝဠာကုဋေတစ်သိန်း အတွင်း ဒုတိယဈာန် သုံးဘုံတိုင်အောင်အကုန်လောင်သော ကမ္ဘာဖျက် ရေဖြင့် လည်း ကောင်း ထင်ရှား၏။ ဤရေဖြင့် ကမ္ဘာပျက်ရာ၌ ပျက်မှုသည် သီတမီး၏ အစွမ်းပေတည်း။
ရေဓာတ်၏ အစွမ်းသည် မဟုတ်။ ။
တေဇော မီးဓာတ်ပြီးပြီ။
လေအစု (ဝါယော)
ထွက်သက်လေ လည်းကောင်း, ဝင်သက်လေ လည်းကောင်း, ကိုယ်၏သန်မြန် ခြင်း, ဦးခေါင်း ခြေလက် စသော အင်္ဂါကြီးငယ်တို့၏ သန်မြန်ခြင်းတည်း ဟူသောအား ခွန် ဗလခေါ် ဆိုကြသော ဗလဓာတ် လေ လည်းကောင်း၊ ထမ်းခွင့် ဆိုက်ခါဖြင့်ပေါ်လာ၍ ကိုယ်အင်္ဂါ ကြီးငယ်ကိုထမ်းသော ထမ္ဘနဓာတ် လေ လည်းကောင်း၊ ဆောင်ခွင့်ဆိုက်ခါ ဖြစ်ပေါ်လာ၍ ကိုယ်အင်္ဂါကြီးငယ်ကိုပင့်ဆောင်သောဓာရဏဓာတ် လေ လည်းကောင်း၊ ကိုယ်အင်္ဂါကြီးငယ်ကို ရွေ့ရှားစေတတ်သောစလနဓာတ် လေ လည်းကောင်း၊ သွားလို သော အခါ ဖြစ်ပေါ်လာသောဂမနဓာတ် လေလည်းကောင်း၊ ကြပ်ရပ် လိုသောအခါ ဖြစ် ပေါ်လာသော ဌာနဓာတ်လေ လည်းကောင်း၊ ထိုင်လိုသောအခါ ဖြစ်ပေါ်လာသော နိသ ဇဓာတ် လေ လည်းကောင်း၊ ကိုယ်အင်္ဂါ ကြီးငယ်ကို ချီးမြှောက် သောအခါ ဖြစ်ပေါ်လာ သော ဥက္ခေပ ဓာတ်လေ လည်းကောင်း၊ ပစ်ချလိုသော အခါ ဖြစ်ပေါ်လာ သောနိက္ခေပ ဓာတ်လေ လည်းကောင်း၊ ထိုမှဤမှပစ်လိုသောအခါ ဖြစ်ပေါ်လာသောဝိက္ခေပဓာတ်လေ
လည်းကောင်း၊ အင်္ဂါကြီးငယ်တို့ကို ကွေးလို ကောက်လိုသောအခါ ဖြစ်ပေါ်လာသော သမိဉ္ဇနဓာတ်လေလည်းကောင်း၊အင်္ဂါကြီးငယ်တို့ကို ဆန့်တန်းလိုသောအခါ ဖြစ်ပေါ်လာ သော ပသာရဏ ဓာတ်လေ လည်းကောင်း၊ ကိုင်လို, ဆွဲလိုသောအခါ ဖြစ်ပေါ်လာသော ဂဟဏဓာတ်လေ လည်းကောင်း၊ ဆွဲငင်သော အာကဍ္ဎုနဓာတ်လေ လည်းကောင်း၊တွန်း ဖယ်သော အပကဍ္ဎုနဓာတ်လေ လည်းကောင်း၊ စကားစမြီ ပြောဆိုလိုသောအခါ ဖြစ် ပေါ်လာသော ကထန ဓာတ်လေလည်းကောင်း၊ တုန်လှုပ်သော ကမ္ပန ဓာတ်လေ လည်း ကောင်း၊ ဝမ်းမီးစစ်၍ အနှစ်အဆီ ရအပ်သော ရသဓာတ်ရည်ကို လည်းကောင်း၊ နှလုံး အိမ်, သည်းခြေအိမ် အသည်းလွှာတို့၌ ထာဝရ ဖြစ် ပွားသော သွေးရည်, သည်း ခြေ ရည် တို့ကိုလည်းကောင်း၊ ကိုယ်လုံးပြန့်နှံ့အောင် ဖြန့်ဖြူးသော ဖရဏ ဓာတ်လေ လည်း ကောင်း၊ ဝမ်းတွင်း၌ ကိန်းသော ဓာတ်လေ လည်းကောင်း၊ အူတွင်း၌ ကိန်းသော ဓာတ် လေလည်းကောင်း၊ ပျို့အန်ခြင်း စသည်ဖြင့်အထက်သို့ ဆန်တက်သော ဓာတ်လေ လည်းကောင်း၊ အောက်သို့ သက်သော ဓာတ်လေ လည်းကောင်း၊ ဤနှစ်ဆယ့်လေးပါး သော အစုတို့သည် လေ အစုတို့တည်း။ ဤလေအစုတို့သည် သတ္တဝါ မဟုတ်ကုန်, အရှင်မဟုတ်ကုန်, ကြံမှုသိမှုမရှိကုန်။
ထိုအလုံးသော လေအစုသည် ကံမှဖြစ်သော လေ, စိတ်မှဖြစ်သော လေ, ဓာတ်ဆီမှဖြစ်သော လေ ဟူ၍ လေးပါးသော အပြားရှိ၏။

ဝါယော လေဓာတ် ပြီးပြီ။

အကြည် ၆- မျိုး ကိုယ်လုံးဖြိုး
အပ၌ နေရိပ်, လရိပ်, မျက်နှာရိပ်အစရှိကုန်သော အရိပ်သဏ္ဌာန်တို့၏ ထင်ရာပေါ် ရာ ဖြစ်ကုန်သော၊ အလွန်ကြည်လင်လှစွာသော မှဏ်ကြည် ဖလ်ကြည် စသည် တို့နှင့် ထပ်တူ တွင်းပသိမ်းကျုံး တစ်ကိုယ်လုံး၌ ကံမှဖြစ်ကုန်သော ခြောက်မျိုးသောအကြည် ဓာတ် အလင်းဓာတ်တို့သည်ကောင်းစွာတည်ရှိကုန်၏။ အဘယ်သည်တို့ နည်းဟူမူကား၊
၁။ စက္ခု ဟူသော အကြည်ဓာတ်လည်း တစ်ပါး။
၂။ သောတ ဟူသော အကြည်ဓာတ်လည်း တစ်ပါး။
၃။ ဃာန ဟူသော အနံ အကြည်ဓာတ် တစ်ပါး။
၎။ ဇိဝှါ ဟူသော အရသာ အကြည်ဓာတ် တစ်ပါး။
၅။ ကာယဟူသော အကြည်ဓာတ် တစ်ပါး။
၆။ မနော စိတ်ဟူသော အကြည်ဓာတ် လည်းတစ်ပါး။ ။ဤခြောက်ပါးတို့တည်း။

၁။ စက္ခု အကြည်
ထိုခြောက်ပါးသော အကြည်တို့တွင် စက္ခုဟူသော အကြည်သည်သာလျှင် အဆင်း နှင့်တကွကြည်သည်ဖြစ်၍ မျက်စိဖြင့်ပင်မြင်၍သိရ၏၊ ကျန်သော အကြည်ငါးပါးတို့မူကား မျက်စိဖြင့်ကြည့်၍ မသိရကုန်၊ ဥာဏ်ဖြင့် သိရသော အရသာဖြစ်ကုန်၏။ ။ ရဟန်းတို့ ဤသတ္တဝါတို့၏ စိတ် ဟူသောဓာတ် အထူးသည် တလျှမ်းလျှမ်း တလက်လက် ပြိုးပြိုး ပြက်လျှင် ကြည်လင်တောက်ထွန်း၏ဟူ၍လည်းကောင်း၊ စိတ်မည်သော ဓာတ်အထူး သည် ဆွတ်ဆွတ်ဖြူလျှင် ကြည်လင်တောက်ထွန်း၏ ဟူ၍လည်းကောင်း။ မြတ်စွာဘုရား ဟောကြားတော် မူသောကြောင့် ထိုခြောက်ပါးသော ဓာတ်ကြည်မျိုးတို့တွင် စိတ်ဟူ သောဓာတ်ကြည်သည် အတိုင်းထက်အလွန်ပင် ကြည်လင်လှ၏၊ ဖြူစင်လှ၏၊ ပြိုးပြိုး ပျက် တလက်လက် တောက်ထွန်း၏ ဟူ၍ ရှုအပ်၏။. ။ ထိုခြောက်ပါးသော အကြည် တို့တွင် အမြင်ဓာတ်ဟူသော စက္ခုအကြည်သည် မျက်လုံးအိမ် အလယ်၌ တည်၏။
အကြင်အခါ၌ အိုးသဏ္ဌာန်, ခွက်သဏ္ဌာန် စသော အဆင်းသဏ္ဌာန်, အရိပ်အယောင် တို့
သည် စက္ခု အကြည်၌ ထင်လာကုန်၏၊ ခိုက်လာကုန်၏၊ ထိုအခါ နှလုံး၌ စိတ်အစဉ်သည် ပြတ်၏၊စက္ခုအကြည်၌ ဖြစ်ပေါ်၏။

၂။သောတ အကြည်
အကြားဓာတ်ဟူသော သောတသည် နားတွင်း၌ တည်၏။ အသံရိပ်တို့သည် သောတအ ကြည်၌ ထင်လာကုန်သည် ရှိသော၊ ခိုက်လာကုန်သည် ရှိသော နှလုံး၌ စိတ်အစဉ် သည် ပြတ်၏၊ သောတအကြည်၌ ဖြစ်ပေါ်၏။

၃။ ဃာန အကြည်
အနံဓာတ် ဟူသော ဃာနသည် နှာခေါင်းတွင်း၌ တည်၏။ အနံ့တို့သည် ဃာနအ ကြည် ၌ ထင်လာကုန်သည် ရှိသော, ခိုက်လာကုန်သည်ရှိသော နှလုံး၌ စိတ်အစဉ်သည် ပြတ်၏၊ ဃာနအကြည်၌ ဖြစ်ပေါ်လာ၏။

၎။ ဇိဝှါ အကြည်
အလျက်ဓာတ် ဟူသော ဇိဝှါသည် လျှာအလယ်၌ တည်၏။ အရသာတို့သည် ဇိဝှါ ဓာတ်အကြည်၌ ထင်လာကုန်သည် ရှိသော ခိုက်လာကုန်သည် ရှိသော နှလုံး၌ စိတ်အ စဉ်သည် ပြတ်၏။ ဇိဝှါအကြည်၌ ဖြစ်ပေါ်၏။
၅။ကာယ အကြည်
အတွေ့ဓာတ်ဟူသောကာယသည်ကား တကိုယ်လုံး၌သူမရှိသော အရပ်မည်သည် မရှိ။ အလုံးစုံသော အတွင်းအပ ရှိသမျှသော တကိုယ်လုံးကို ပြန့်နှံ့၍တည်၏။ တကိုယ် လုံးသည် ကြည်လင်စွာသော ဖလိတုံးကြီး မှန်တုံးကြီးနှင့် ထပ်တူဖြစ်၏။တွင်း ပသိမ်းကျုံး တကိုယ်လုံးတွင် အကြင်နေရာ၌ အနုအကြမ်းဟုသော မြေဓာတ်အတွေ့၊အအေး, အပူ ဟူသော မီးဓာတ် အတွေ့၊ အလှုပ်အရှား အတင်းအလျော့ဟူသောလေ ဓာတ်အတွေ့တို့ သည် တွေ့ထိကုန်အံ့,ခိုက်တိုက်ကုန်အံ့ နှလုံး၌ စိတ်အစဉ်သည်ထိုတွေ့ထိရာအရပ်ပြတ် ၍ ထိုတွေ့ထိရာအရပ်၌ ဖြစ်ပေါ်၏။

၆။မနော အကြည်
အတုမရှိထွန်းတောက်ဘိသော စိတ်အကြည်မှုကား နှလုံးအိမ်၌အမြဲ ဖြစ်၏။ စိုပြည် ရွှမ်းရွှမ်း တောင်အဝှမ်း၌ , ကျောက်တွင်း၌ ဗွက်ဗွက်ဗွက်ဗွက် အမြဲထွက်၍နေသော စိမ့် ရေ စမ်းရေ မည်သည်ရှိသတတ်၊ ဤအတူ ကိုယ်၏ အလယ်၌ နှလုံးအိမ်တည်းဟူသော အတွင်း၌ အမြဲပွက်၍, ထွက်၍နေသောဆွတ်ဆွတ်လင်းကြည် ဘဝင်ရည်တည်းဟူသော စိတ်ဓာတ်သည်ရှိ၏၊အလုံးစုံသောအာရုံနိမိတ် သဏ္ဌာန်ရိပ်တို့သည်ထို လက်လက်လက် လက် အမြဲပွက်၍ ပေါ်ထွက်ဖြစ်ပွားကာ နေသော ဘဝင် အစဉ်၌ ထင်ရကုန်၏၊အကြင် အခါ၌ ထိုဘဝင်ဟူသော ဓာတ်ကြည်၌ တစုံတခုသော အာရုံသစ်သည်ထင်၏။ထိုအခါ၌ အကြိမ်တရာချက်၍ ထက်မြက်လှစွာသော ယမ်းအစု၌ မီးပွားကျသောအခါ ကဲသို့ ထက် သန်, ပြင်းထန်, အလွန်မြန်သော အဟုန်ရှိသော ဇောစိတ် အစဉ်သည်တိမ် တိုက်အ တွင်းမှ တလျှမ်းလျှမ်းထသော လျှပ်ချက်ကဲ့သို့ လျှမ်းလျှမ်းတတ် ထကြွ၍ ကိုယ်၏ လှုပ် ရှားမှုအမျိုးမျိုး, နှုတ်၏လှုပ်ရှားမှု အမျိုးမျိုး, စိတ်၏ လှုပ်ရှားမှု အမျိုးမျိုးကိုပြီးစီးစေ၏။ ထင်လာသော အာရုံနိမိတ် အာရုံရိပ်သည် ကင်းကွာကွယ်ပျောက် ပြန်သည်ရှိသော ထို လျှမ်းလျှမ်းတောက် ထသော ဇောဓာတ် အစဉ်သည် ကွယ်ဆုံးပျောက်ပျက်ပြန်၏။
ထိုခြောက်ပါးသောအကြည်တို့သည်သတ္တဝါမဟုတ်ကုန်၊အရှင်မဟုတ်ကုန်၊ကြံမှုသိမှုကြောင့်ကြပြုသောဗျာပါရမရှိကုန်။ဤခြောက်ပါးသောအကြည်တို့သည်အပါယ်အကြည်မှနေဝသညာနာသညာဗြဟ္မာအကြည်တိုင်တိုင်အောင်အဆင့်ဆင့်လွန်ကဲကုန်၏။ဘုရား ခေါ်ရသော အကြည်တို့သည် အထွဋ်အထိပ်တို့ပေတည်း။

အကြည်ခြောက်မျိုးတို့သည် ပြီး၏။

ဓာတ်မီး ၈- မျိုး မြဲအုပ်စိုး

ရှစ်မျိုးသော ဓာတ်မီး တို့သည် ဤကိုယ်ကောင် အလုံးကို အုပ်စိုးအပ်၏၊ ထိုရှစ် မျိုးသောဓာတ်မီးတို့ဟူသည် အဘယ်သည်တို့နည်း ? ရှေးရှေးဘဝက ပြုခဲ့ကြသော ကံ မှဖြစ်သော ကမ္မဇဓာတ်မီး တစ်မျိုး၊ စိတ်မှဖြစ်သော စိတ္တဇဓာတ်မီးတစ်မျိုး၊ တခုတခု သော ဓာတ်မီးမှ အဆင့်အဆင့်ဖြစ်ပွားသော ဥတု ဓာတ်မီးတစ်မျိုး၊ ဓာတ်ဆီမှ ဖြစ်ပွား သော ဓာတ်မီးတစ်မျိုး၊ ဤလေးမျိုးသောဓာတ်မီးတို့သည် သီတ လေးပါး, ဥဏှ လေးပါး ၏အစွမ်းဖြင့် ရှစ်ပါး ပြားကုန်၏။
ထိုရှစ်ပါးတို့တွင် ရှေးဖြစ်ကုန်သော ကမ္မဇဓာတ်မီး, စိတ္တဇဓာတ်မီး နှစ်မျိုးတို့သည် သတ္တဝါကောင်သန္တာန်တွင်သာ ရအပ်ကုန်၏။ သတ္တဝါမဟုတ်ကုန်သော အပသန္တာန်၌ မရှိကုန်၊ ဥတုမှဖြစ်ပွားသော ဓာတ်မီးသည် သတ္တဝါတွင် အကျုံးဝင်သော ဓာတ်မီးလည်း ကောင်း၊ ရေ မြေ တော တောင် စသော ဗဟိန္ဓတွင် အကျုံးဝင်သော ဓာတ်မီးလည်း ကောင်း ဤသို့ နှစ်ပါးပြား၏။
အဟာရ ဓာတ်မီးသည်လည်း ထိုဥတု ဓာတ်မီးအတူ အဇ္ဈတ္တဗဟိဒ္ဓ နှစ်ပါးပြား၏။ အလုံးစုံသောမြေကြီးမြင့်မိုရ် စကြဝဠာ ဟိမဝန္တာ သီဒါသမုဒ္ဒရာ တော တောင် သစ်ပင် ချုံနွယ် ဘုံဗိမာန် အဝတ်ပုဆိုး စသော အပဝတ္ထုစုသည် ဗဟိဒ္ဓ ဓာတ်မီး၏ အပွားအစီး စုသာတည်း။
သတ္တဝါတို့၏ ကိုယ်သန္တဝန်၌ကား ကလလ ရေကြည်မှ စ၍ အသက်အရွယ်အ လယ်ပိုင်းတိုင်အောင် ဤရှစ်မျိုးသော ဓာတ်မီးတို့သည် တနေ့တခြား တိုးပွားတတ် ထွန်းကုန်လျက် ဆိုခဲ့ပြီးသော မံသအဋ္ဌိ အစရှိသော မြေစုမြေခဲ၊ အစရှိသော ရေရည် ရေခဲ၊ အစရှိသော မီးအစု, အဿသပဿ သဗလ အစရှိကုန်သော လေအစုတို့ကို လည်းကောင်း ထိုဓာတ်ကြီး လေးပါးတို့၏ အရောင်အရည် အကြည်အမွှမ်း ဖြစ်ကုန် သောခြောက်မျိုးသော ဓာတ်အကြည်တို့ကို လည်းကောင်း တနေ့တခြား တိုးပွားကြီးရင့် စေကုန်၏။ ကိုယ်အလုံးသည် ရှစ်ပါးသော ဓာတ်မီးတို့၏ အပွာအစီး အစုသာတည်း။
အသက်တန်း အလယ်ပိုင်းမှ နောက်၌ ဓာတ်မီးတို့သည် တစ်နှစ်တခြား လျော့ပါး ဆုတ်ယုတ်ကုန်သည်ရှိသော အလုံးစုံကုန်သော ဓာတ်ကြီးစုတို့သည် ဆုတ်ယုတ်ကုန်၏။ ဤဓာတ်မီးတို့သည် လည်း သတ္တဝါမဟုတ်ကုန် အရှင်မဟုတ်ကုန် ကြံမှုသိမှု မရှိကုန်။

ဥတု ဓာတ်မီးအခဏ်း ပြီးပြီ။

(၅)-မျိုး ဓာတ်ဆီ စောင့်ရှောက်သည်
ကံမှဖြစ်ပွားသော ဓာတ်ဆီ၊ စိတ်မှ ဖြစ်ပွားသော ဓာတ်ဆီ၊ ဥတု ဓာတ်မီးမှ ဖြစ် ပွားသောဓာတ်ဆီ၊ အာဟာရ အဇ္ဈတ္တသြဇာမှ ဖြစ်ပွားသောဓာတ်ဆီ၊ မျိုအပ်သမျှ အာဟာ ရမှ ဖြစ်ပွားသောဓာတ်ဆီ ဟူ၍ ငါးပါးပြား၏။
ရှေး၌ ဆိုခဲ့သမျှသော ဓာတ်ကြီးလေးပါး, ဓာတ်ကြည်ခြောက်ပါး, ဓာတ်မီးရှစ်ပါးတို့ သည်ဓာတ်ဆီငါးမျိုးလျှင် ကိုးကွယ်ရာရှိကြကုန်၏။ ရေ၌ဖြစ်ပွားသော ငါး အစရှိသော ရေ သတ္တဝါတို့သည် ရေလျှင် ကိုးကွယ်ရာရှိကြကုန်သကဲသို့တည်း။ မြေအပြင်ရှိ မြက်ဟူသမျှ တို့သည် မိုဃ်းရေမိုဃ်းပေါက်လျှင် ကိုးကွယ်ရာရှိကြကုန်သကဲ့သို့တည်း။
ဓာတ်ဆီတို့သည် တက်ပွားကုန်သည် ရှိသော်- ဓာတ်ဆီတို့သည် တက်ပွားကုန်၏၊ ဓာတ်မီးတို့သည် တက်ပွားကုန်သည် ရှိသော ဓာတ်ကြီးလေးပါးတို့သည် တက်ပွားကုန် ၏၊ ဓာတ်ကြီးလေးပါးတို့သည် တက်ပွားကုန်သည် ရှိသော်ဓာတ်ကြည်ခြောက်ပါးတို့သည် တက်ပွားကုန်၏၊ ဓာတ်ဆီတို့သည် လျော့ပါးကုန်သည် ရှိသောအစဉ်အားဖြင့်ဆုတ် ယုတ် လျော့ပါးကြကုန်၏။ဤကိုယ်လုံးပြည့်ထွေ စောင့်၍နေသောဓာတ်ဆီငါးမျိုးတို့သည်လည်း သတ္တဝါမဟုတ်ကုန် အရှင်မဟုတ်ကုန် ကြံမှုသိမှု မရှိကုန်။
အာဟာရသည် ပြီးပြီ။
ဓာတ်ဘီလူးကြီး အုပ်စိုးနည်း

ဖြစ်ဖြစ်သမျှသော ဓာတ်ကြီးဓာတ်နု တို့ကိုတစ်ခု တန်မျှ မကျန်ရအောင် အမြဲပုံသေ စား၍နေသောဓာတ်ဘီးလူးမျိုးဟူသည်အဘယ်နည်း? မရဏဟူသောဓာတ်မျိုးပေတည်း။
ဥပမာ မည်သည်ကား သံတုံး၌ သံချေးသည် သံသားကိုသာလျှင် အမြဲစား၏၊ ကြေး ခဲ၌ ကြေးချေးသည် ကြေးသားကိုသာ အမြဲစား၏၊ သံတုံး, ကြေးတုံးတို့၌ထိုသံချေး,ကြေး ချေးတို့၏ မရှိသော အရပ်မည်သည် မရှိ၊ အသစ်အသစ် ဖြစ်သမျှသော သံသား, ကြေး သားတို့သည် ထိုသံချေးကြေးချေးတို့၏ အစာတို့သည်သာ ဖြစ်ရကုန်၏။
ဤနည်းအတူ မရဏဟူသော ဓာတ်ဘီးဘူးမျိုးတို့သည် မြေဓာတ် ရေဓာတ် အစရှိ သော ဓာတ်တို့ကိုသာလျှင် အမြဲစားကုန်၏။ အသစ်အသစ် ဖြစ်ဖြစ်သမျှကုန်သော ဓာတ် တို့သည် ထိုဓာတ်ဘီးလူးတို့၏ အစာတို့သည်သာ ဖြစ်ရကုန်၏။ပဋိန္ဓေမှ စ၍ တခုတခု သောဓာတ်သည် ဖြစ်ပေါ်လာသည် ရှိသော်- တခုတခုသော ဓာတ်ဘီးလူးသည် တကွ ထက်ကြပ်ပါမြဲ သာတည်း။ ထို့ကြောင့် ဓာတ်ခဲဓာတ်တုံး တကိုယ်လုံးသည် ဓာတ်ဘီးလူး အပြည့်ရှိနေသည် ဖြစ်၍ဓာတ်ဘီးခဲပင် ဖြစ်၏။ ထိုဓာတ်ဘီးလူးတို့ကို အစာ ထမင်း အမြဲ
သွင်းရကုန်သော ဓာတ်တို့ကား ရှေးကံဟောင်းလည်း တစ်ခု၊ စိတ်လည်း တခု၊ ဓာတ်မီး ရှစ်မျိုးလည်း တခု၊ဓာတ်ဆီ ငါး မျိုးလည်း တခု၊ ဤလေးမျိုးတို့သည် ဓာတ်ဘီးလူးတို့ စား သောက်ရန် အစာ ထမင်း အမှန်သွင်းရသော ဓာတ်တို့ပေတည်း။ ထိုလေးပါးသော ဓာတ် မျိုးတို့သည် မိမိတို့သည်လည်း ဘီးလူးစာတို့ပင်တည်း။
ထင်ရှားစေအံ- နေ့တိုင်းနေ့တိုင်း မျိုမျိုသမျှကုန်သော အစာရေစာတို့ကို နှစ်ဘို့ တို့ ကိုပြု့၍ထက်ဝတ်တစုကား ဓာတ်ဆီစုပေတည်း၊ မျိုလိုက်သော ဗဟိဒ္ဓသြဇာသည် အစာ သစ်အိမ်သို့ ဆိုက်ရောက်သည် ရှိသော် ကိုယ်နှင့်အမျှ ရှိနေကြသော ဓာတ်ကြီးလေးပါး၊ ဓာတ်မီး ရှစ်ပါး၊ ဓာတ်ဆီလေးပါးတို့သည် အသစ်သော အားအစွမ်းကို ရကြကုန်သည် ဖြစ်၍ ထကြကုန်၏။
ဥပမာကား-
နွေလ၌ ကြီးစွာသော မိုဃ်းကြီးသည်ရွာသည်ရှိသော သစ်ပင် မြက်ပင် တို့သည် ထကြွကုန်သကဲ့သို့တည်း။
အဇ္ဈတ္တဓာတ်မီးတို့သည် အသစ်အသစ်သော ရုပ်ကလာပ်ပွင့်တို့ကို ပွင့်ကြကုန်၏၊ သီးကြကုန်၏၊ အဆင့်အဆင့်ကလာပ်ပွင့် တို့ကို တိုးပွားကြစေကုန်၏။ ထိုအခါ၌ တကိုယ် လုံးသည်အားအင်ရှိကုန်သော ရုပ်သစ်ကလာပ်သစ်တို့ဖြင့် တခဲနက်ပြည့်၏။ ထိုသတ္တဝါ သည် ထိုတကိုယ်လုံးဖြင့် ကလာပ်သစ်တို့ကို ငါဟု အလွဲအထင်စွဲ၍ ငါသည် အားရှိသည် ဖြစ်၏၊ ဤသို့ ရွှင်လန်းတက်ကြွရိုးရိုးရွသော စိတ်ရှိသည် ဖြစ်၏။
(နွေအခါ ခြောက်သွေ့နွမ်းပါး၍နေသော တောချုံမြက်ခင်းမှာ မိုဃ်းကြီးရွာ၍အသစ်သော
အညွန့် အရွက် အပွင့် အသီးတို့ ပေါ်ပေါက်ဖြစ်ပွားစည်ကားစည်ပင် စိမ်းရှင်ညိုမှိုင်း ဆိုင်း ဆိုင်းညို့ညို့ ရှိပြန်သကဲ့သို့ ဆာမွတ်ခေါင်းပါး၍ နေသောသူမှာ အစာရေစာ မျိုသောအ ခါ၌ တကိုယ်လုံးရှိဓာတ်ဆီ ဓာတ်မီးတို့မှ အသစ်အသစ် ပြိုင်းပြိုင်းထ၍ ဖြစ်ကြကုန်သော မြေကလာပ် လေကလာပ်မီးကလာပ် အကြည်ကလာပ် တို့ဖြင့် တခဲနက်ပြည့်၍ နေသော အခါ ရုပ် နာမ် တရားတို့၏ ဥဒယလက္ခဏာကို အဘယ်မြင်အောင် ကြည့်ရမည်။ )
ထိုတကြိမ်မျိုး၌ တကိုယ်လုံး ပြန့်နှံ့ပြီးသော ဓာတ်ဆီစုသည် နှစ်ပဟိုရ် သုံးပဟိုရ်စာ အတန်ငယ်ကြာသဖြင့် ပုပ်ရိနွမ်းပါး၍ ဓာတ်ဘီးလူးတို့၏ အစာသည် ဖြစ်ပြန်ခဲ့သော ထိုတကိုယ်လုံး၌ အုန်းအုန်းတက်ဖြစ်ပွားကြကုန်သော ကလာပ်သစ်တို့သည် နေတက် သောအခါ၌ ဆီးနှင်းပေါက်တို့ကဲ့သို့ လည်းကောင်း၊ တပေါင်း တန်ခူး၌ လေပြင်းခတ် ကုန်သော သစ်ရွက်ဟောင်းတို့ ကဲ့သို့လည်းကောင်း တကိုယ်လုံးမှ တဖြုတ်ဖြုတ်ကြွေ ပျောက်ကြကုန်လေ၏။
ထိုအခါ၌ ကိုယ်အင်္ဂါစုသည် ကျဲကျဲသောက်သောက် သွေ့ခြောက်ခေါင်းပါးသော တောချုံမြက်ခင်းကဲ့သို့ ခေါင်းပါးလျော့ရဲ အားအင်နဲသည် ဖြစ်၏။. ။ ထိုသတ္တဝါသည် ထိုအားအင်ပျော့နဲ့ကျဲရရဲရှိကုန်သော ကလာပ်ကြွင်းတို့ကို ငါဟု အလွဲအထင်စွဲ၍ ငါသည် အားနည်းသည် ဖြစ်၏၊ ဤသို့ ညှိုးငယ်နွမ်းပါးသော စိတ်ရှိသည် ဖြစ်၏။
( အစာသစ်အိမ်၌ အစာသစ်ပြည့် သောအခါ တကိုယ်လုံး၌ ကလာပ်သစ် ရုပ်သစ်တို့ သည်အပြည့်အနှက်ပွက်ပွက်ဆူ တိုးပွားကုန်၏။ ထိုအခါ မျက်လုံးသား နှစ်ခု လည်း သိပ် သည်းတောင့်တင်း၏။ အစာလည်၍ အောက်သို့ လျှောကျလေသောအခါ မျက်လုံးတွင်း ရှိကလာပ်သစ် ကလာပ်နုတို့သည် ရေပွက်ရေမြှုပ်တို့ တဖြုတ်ဖြုတ် ပျက်ဆုံးကုန် သကဲ့ သို့ ဖြုတ်ဖြုတ် ဖြုတ်ဖြုတ်ဆုတ်ယုတ်ပျက်ဆုံးကြကုန်၏။. ။မျက်လုံးသား၌ ရုပ်က လာပ် လျော့ပါးလေ၏။ ရုပ်နုကလာပ်နု တို့၏ တည်နေရာဖြစ်သော ဥတုဇရုပ်ကြမ်း တို့ သည် ကားသေသည့်နောက်မှာပင် အတော်ကြာ တည်နိုင်ကုန်သေး၏။) [ဤကားမျက်လုံးတွင် ကွက်၍ ရုပ်ကလာပ်တို့၏ ဖြစ်ပွားခြင်းဥဒယသဘော ပျက်ပြားခြင်း ဝယသဘောများကို အတတ်မြင်၍ ထင်အောင်ရှုနည်းကို ဆိုလိုက်သည်။]
ဤမျက်လုံးနည်းတူ နှလုံးခဲ အဆုတ်ခဲ အသဲလွှာ အမြှေးလွှာ ဦးနှောက်ခဲကျော ဘက် ရင်ဘက် လက်ဝဲနံ လက်ျာနံ စသော အသားလွှာ အသားစိုင် အသားခဲတို့၌လည်း နေ့စဉ် စားသောက်သော အဟာရနှင့် စပ်၍ တနေ့သုံးခါ တက်တုံ သက်တုံနေသော ဒီ ရေကဲ့သို့ ရုပ်ကလပ်သို့ တိုးတက်ဖြစ်ပွားတုံ ဆုတ်ယုတ်ကွယ်ဆုံးတုံ နေပုံကို အတပ်မြင် ၍ ထင်အောင်ရှုလေ။ ဤကားမျိုသောအစာရေစာကိုထက်ဝက်ပြု၍တစုတဘို့ ဖြစ် သော အာဟာရ ဓာတ်ဆီကြောင့် တကိုယ်လုံး၌ဒီရေတက်သကဲ့သို့ ရုပ်သစ် ကလာပ် သစ်တို့ ဖြစ်ပွားတိုးတက်ပုံ ဒီရေကျ၍ ရွှံ့ညွန်မျှကျန်သကဲ့သို့ တိုးတက်သမျှရုပ်ကလာပ် တို့ကို ဓာတ်ဘီးလူးစား၍ ကွယ်ဆုံးဖုံး ရုပ်ကလာပ်တို့ကို ဖြစ်ပွားစေတတ်သော အာဟာရဓာတ် ဆီတို့သည် ဓာတ်ဘီးလူးတို့၏ အလုပ်အကျွေးဖြစ်ပုံ မိမိတို့လည်းဓာတ်ဘီးလူးစာ ဖြစ်၍ ကွယ်ဆုံးပုံများကို ထင်ရှားအောင်ပြသော စကားရပ်တည်း။မျိုသောအစာ တို့ကို ထက် ဝက်ပြု၍တစုတဘို့ဖြစ်သောဓာတ်မီးတို့ကြောင့်အလုံးစုံသော ရင်တွင်းသားမျက်လုံး ဦး နှောက်ခဲ တို့နှင့်တကွ ကိုးရာ သောအသားစု၊ ကိုးရာသောအကြောစုတို့၌ရှိ သော ဓာတ် ဆီ ဓာတ်မီးတို့သည် ရိုးရိုးရွရွ ထကုန်ကြ၍ တကိုယ်လုံး ပွက်ပွက်ဆူ ရုပ်သစ်က လာပ် သစ်တို့ကို ဖြစ်စေကြ ပွားစေကြကုန်၏။ ထင်းအား မီးအားကောင်းလှ၍ ခွင်ပေါ် အိုးတွင်း ရှိရေမှ ဓာတ်မီးထလျက် ပွက်ပွက်ဆူဝေသော ရေပွက်ကဲ့သို့ရှု့။ ချောင်း လုံးပြည့် ဒီရေ တက်ချက်နှင့်လည်းတူပါ၏။ အစာသစ်အိမ်မှာ အစာသစ်ကြေကျက် လျှောကျ သောအ ခါ ယခင်ဖြစ်ပွားတိုးတက်သမျှ သောရုပ်ပွက် ကလာပ်ပွက်တို့သည် ခြေဖျား လက်ဖျား မျက်လုံးခဲ ဦးနှောက်ခဲတို့မှစ၍ တရွေ့တရွေ့ ချူပ်ပျက်ကွယ်ပျောက်ကြလေကုန်၏။ အောက်က မီးဆုတ်လျှင် အိုးတွင်းရေပွက်တို့ ဆုတ်ယုတ်ပျက်ပြားမှု ဒီရေကျမှုများနှင့် အတူရှု။ တနေ့တနေ့လျှင် နှစ်ကြိမ်စားသောသူတို့မှာ နေ့စဉ်အမှန် နှစ်ကြိမ်တက် နှစ် ကြိမ်ကျပြု၍ရှု့။ တကြိမ်တကြိမ်သာ စားသောသူတို့မှာတကြိမ်တက် တကြိမ်ကျပြု ၍ရှု့။ သံသရာ၌ သတ္တဝါ အနတ္တ အနှံ့အပြားရှု့။ ဤကား မျိုသောအစာရေစာ၌ ပါသော ဗဟိဒ်္ဓ ဓာတ်မီးတို့ကြောင့် ကိုယ်တွင်းရှိ အဇ္ဈတ္တဓာတ်မီး ရှစ်ပါး ဓာတ်ဆီ လေးပါးတို့ ထကြကုန် ၍ ရိုးရိုးရွရွ တကိုယ်လုံး ရုပ်ခိုး ရုပ်လျှံကလာပ်ခိုး ကလာပ် လျှံဖြစ်ပွားပုံ ဖြစ်ပွားသမျှတို့ သည်လည်း မကြာမှီ ဓာတ်ဘီးလူး၏အစာ ဖြစ်၍ ချူပ်ဆုံးပုံ ဗဟိဒ္ဓဓာတ်မီးတို့လည်း အဇ္ဈတ္တဓာတ်ဘီးလူးတို့၏ အလုပ်အကြွေးဖြစ်ပုံကို ဆိုသော စကားရပ်တည်း။

စိတ်မှာလည်း–
၁။ လောဘစိတ် ထ၍ဖြစ်သော ရုပ်ကား အသွေးအဆင်း တမျိုး၊
၂။ ဒေါသဇော ထ၍ ဖြစ်သော ရုပ်ကား အသွေးအဆင်း တမျိုး၊
၃။ မောဟဇော က္ကုဿာဇော မစ္ဆရိယဇော သဒ္ဓါဇော ပညာဇော မေတ္တာဇောကရုဏာဇော စသည်တို့ထရာ၌လည်း ရုပ်သွေးရုပ်ဆင်းတမျိုးစီ၊လေးတောင်ရှိ လိုဏ်ဂူတွင်းမှာအလယ် ၌ ညှိထွန်း၍ထားသော ဆီမီးအရောင်သည် ဆီမီးတောက်သည်နှင့် တပြိုင်နက်လိုဏ် အလုံးပြန့်နှံ့ ထွန်းလင်းသကဲ့သို့ဟဒယဓာတ်အိမ်မှထသောဇောတို့၏အခိုးအလျှံဖြစ်သော ရုပ်ကလာပ်တို့သည် ဇောထသည်နှင့် တပြိုင်နက် တကိုယ်လုံးပြန့်နှံ့၍ တည် ကုန်၏။ တ ခုတခုသောဇော ချူပ်ငြိမ်းပြန်လျှင် တကိုယ်လုံးမှာပင် ကွယ်ပျောက်ပျက်ဆုံး ပြန်၏။ တ ထိုင်တည်းမှာပင်ဇောဓာတ်မျိုး အထွေတရာမက ဖြစ်တုံပျက်တုံ ဖြစ်နိုင်၏။ ဓာတ်မီးနှင့် တကွသော စိတ္တဇရုပ်ကလာပ်တို့လည်း တထိုင်တည်းမှာပင် အထွေတရာမက လျှပ်စစ် ပြက်သကဲ့သို့ တရှိန်းရှိန်းတက် တမှိန်းမှိန်းကွယ်ပျောက်ကုန်၏။
” မြင်အောင်ကြည့်”
ကမ္မဇရုပ်ကလာပ်တို့မှာမူကား
တခြားတပါးသော ရုပ်ကလာပ်တို့ တိုးတက်ပွားများလျှင်လည်းတိုးတက်ပွားများ ကုန်တော့သည်။ အခြားတပါးသော ရုပ်ကလာပ်တို့ ဆုတ်ယုတ်ပျက်ပြုန်းပြန်လျှင်လည်း ဆုတ်ယုတ်ပျက်ပြုန်းကုန်တော့သည်။ အနောက်ကနေရောင်အရှေ့က မိုဃ်းတိမ်တိုက် ကြုံကြိုက်သော အခါ ဖြစ်ပေါ်လာသော သက်တန့်ရေးသည် လေတိုက်၍ တိမ်တိုက်အ ခြေပျက်လျှင်ပျက်တော့သည်။ တိမ်တိုက်ကျယ်ပြန့်လျှင်ရှည်လျားတော့သည်။ တိမ်တိုက် ကွယ်ပျောက်လျှင် ကွယ်ပျောက်တော့သည်။
နေနှင့်ရှေးကံ တူသည်။ မိုဃ်းတိမ်တိုက်နှင့် ဥတုဇ ရုပ်ကလာပ်, အာဟာရ ရုပ်က လာပ် အစုအခဲတူသည်။သက်တန့်ရေးနှင့်အကြည် ခြောက်ပါး၍စသော ၍ကမ္မဇရုပ်က လာပ် နာမ်ကလာပ်စုတူသည်။ တထိုင်တည်းမှာပင် အမျိုးမျိုးသော ဇောစိတ်တို့ကြောင့် တကိုယ်လုံးအထွေထွေ ဖြစ်ပေါ်ရသော စိတ္တဇရုပ်စု ဥတုဇ အာဟာရဇစိတ္တဇရုပ်ကလာပ် တို့ တိုးတက်လျှင်တိုးတက်ဖြစ်ပွားကုန်သော ကမ္မဇရုပ်ကလာပ်တို့သည်ဓာတ်ဘီလူး၏ အစာဖြစ်၍ ကွယ်ဆုံးကုန်သောကြောင့် ထိုစိတ်ထိုကံတို့သည်လည်း ဓာတ်ဘီလူး၏အ လုပ်အကျွေး တို့သာဟု မှတ်အပ်၏။
ဓာတ်ဘီလူး အုပ်စိုးမှု ပြီး၏။

ဓာတ်ဘီလူးမှာ သင်းများစွာ
အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးပါးကို ရှုလိုမြင်လိုသော သူသည် မရှုမီရှေး အဘို့၌ခန္ဓာငါးပါး ရုပ်နာမ်တရာတို့ကို ရိုးရိုးရွရွ အကုန်ထအောင် ဆွရသေးသည်။ ဆွ၍ ဥာဏ်၌ထပြီး နောက်မှ ထိုခန္ဓာတို့၌ ရှိသော လက္ခဏာရေး သုံးပါးကို အတပ်မြင်သာ သည်။ ဆွဟူသည်လည်း ဖြစ်တုံ, ပျက်တုံ, ကျတုံ နေချက်ကို အခြေရှာ၍ နေရာကျ အောင် ပြုခြင်းပင်တည်း။ (ဤတွင်ရွေ့ကား ခန္ဓာငါးပါး အပေါင်း ဖြစ်သော တကိုယ် ကောင်လုံးကို ရိုးရိုးရွရွ အကုန်ထအောင် ဆွနည်း ပြီး၏။ )

အနိစ္စ ရှုနည်း
ယခုအခါ ကိုယ်လုံးပြည့် ရှိနေသော မရဏဓာတ်ဘီလူးတို့၏ အပင်းအသင်းတို့ကို ထင်လင်း စွာပြ၍ အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ တို့ကို အတပ်မြင် အောင် ဆင်ခြင်၍ ကြည့်ရှု့နည်းကို ဆိုပေအံ့။
အကျဉ်းအားဖြင့် ရှစ်ပါးသောအနာရောဂါမျိုးတို့သည် ဓာတ်ဘီလူးတို့၏အပင်းအ သင်း တို့တည်း။ အကျယ်အကျယ်ထက် အကျယ်အားဖြင့် ကိုးဆယ့်ခြောက်ပါးသော အနာရောဂါတို့သည်လည်းကောင်း အသိန်းမကသော ရောဂါတို့သည်လည်းကောင်း ဓာတ်ဘီလူးတို့၏ အပင်းအသင်းတို့တည်း။

အဋ္ဌရောဂါနာမ၊ ရှစ်ပါးသော ရောဂါတို့မည်သည်ကား
၁။လေပျက်၍ ဖြစ်သောရောဂါ တမျိုး။
၂။သည်းခြေ ပျက်၍ ဖြစ်သောရောဂါ တမျိုး။
၃။သလိပ် ပျက်၍ ဖြစ်သောရောဂါ တမျိုး။
၎။လေ, သည်းခြေ, သလိပ် သုံးပါးစုံ ပျက်၍ ဖြစ်သောရောဂါ တမျိုး။
၅။အာဟာရ ဖေါက်ပြန်၍ ဖြစ်သောရောဂါ တမျိုး။
၆။သတိကင်းလွတ် ချော်ချွတ်တိမ်းပါး၍ ဖြစ်သော ရောဂါတမျိုး။
၇။ရိုက်နှက်ထောင်းထုပစ်ခတ်မှုစသောလုံးလပရောဂါကြောင့်ဖြစ်သောအနာရောဂါတမျိုး
၈။ဥပပီဠိကကံ, ဥပစ္ဆေဒကကံ တို့ကြောင့် ဖြစ်သော အနာရောဂါ တမျိုး။
ဤရှစ်ပါးတို့တည်း။ ။ဤရှစ်ပါးသော အနာရောဂါတို့ကြောင့် သေခြင်းတို့ကို ရှစ်ပါး သောသေခြင်းတို့ဟူ၍ ဆိုအပ်ကုန်၏။ အလုံးစုံကုန်သော ရောဂါမျိုးတို့၏ အမှုသည်ရင်း ကား ဓာတ်မီးရှစ်ပါးတို့တည်း။ ရှစ်ပါးသော ဓာတ်မီးစုသည် မညီမမျှထကြွသောင်းကျန်း ခဲ့သည် ရှိသော ထိုထိုရောဂါတို့သည် ဖြစ်လာကုန်၏။ ဓာတ်မီးရှစ်ပါးသည် ညီမျှငြိမ်သက် ခဲ့သည်ရှိသော ထိုထိုရောဂါတို့သည်ငြိမ်းကုန်၏။ ရှစ်မျိုးကုန်သော ဓာတ်မီးတို့တွင်လည်း တမျိုးသောဓာတ်မီးသည် ထကြွသောင်းကျန်းသည်ရှိသော အလုံးစုံကုန်သော ဓာတ်မီး တို့သည် ထကြွသောင်းကျန်းကုန်သည်။ မျိုသောအစာမှ ပါကုန်သော ဓာတ်ဆီဓာတ်မီး၊ မြေခိုးမြေငွေ့မှ ပါကုန်သောဓာတ်ဆီဓာတ်မီး၊ ရေခိုးရေငွေ့မှပါ ကုန်သော ဓာတ်ဆီဓာတ် မီး၊ အရပ်လေးမျက်နှာမှ ပါကုန်သော ဓာတ်ဆီဓာတ်မီး ဟုဆိုအပ်ကုန်သော ဗဟိဒ္ဓ ဓာတ် ဆီဓာတ်မီးတို့သည် အဇ္ဈတ္တဓာတ်ဆီဓာတ်မီးကို မထ ထအောင်, မကြွကြွအောင်နှိုးတတ် ကုန်၏။ မသောင်းကျန်း သောင်းကျန်းအောင် ဆွတတ် နှိုးတတ်ကုန်၏။ အတွင်းဓာတ်တို့ နှင့်သင့်မြတ်ကုန်သော ဓာတ်ဆီဓာတ်မီးတို့သည် တကိုယ်လုံး၏ကိုးကွယ်ရာတို့သည်ဖြစ် ကုန်၏။
ဥပမာကား မြစ်ညာတလျှောက်၌ အလုံးစုံသော ချောင်းကြီး ချောင်းငယ် မြောင်း ကြီးမြောင်းငယ် ရိုးကြီးရိုးငယ် စိမ့်ရေစမ်းရေ ဟူသမျှတို့သည် မြစ်မတွင်းသို့ အဆင်း အဝင် မရှိကုန်သည်ရှိသော မြစ်မကြီးသည် ခဏခြင်း ကုန်ခန်း၏။ အလုံးစုံသော ချောင်း ကြီးချောင်းငယ် မြောင်းကြီးမြောင်းငယ် ရိုးကြီးရိုးငယ် စိမ့်ရေစမ်းရေ ဟူသမျှတို့သည် အမြဲ စီးဝင်ကြကုန်သည် ရှိသော မြစ်မကြီးသည် မလျော့ပါးသည် ဖြစ်သကဲ့သို့တည်း။
ထို့ကြောင့် ပဋိသန္ဓေမှ စ၍အကြင်နေ့၌ အာဟာရသည် ကင်း၏ ထိုနေ့၌ရေမှဆယ် ယူ၍ မြေပူ နေပူ လေပူ၌ ထားအပ်သော လူလောက်ရှိသောရေမြှုပ်ခဲ ရေမြှုပ်စိုင်ကြီး ကဲသို့ ဤတကိုယ်လုံး၌ အတွင်းဓာတ်နု ဓာတ်စုဓာတ်ခဲတို့သည်ဖြုတ်ဖြုတ်အသံကိုယ်လုံး ညံမျှ ကွယ်ပချုပ်ဆုံးကြကုန်၏။ ကိုယ်အင်္ဂါစုသည်တရွေ့တရွေ့ကြုံရုံကျွန်ရွံ၍သွားသည် ဖြစ်၏။ တနေ့ထက်တနေ့ ခြောက့်သွေ့ ကုန်ခန်းသွားသည် ရှိသော ခုနှစ်ရက် မျှ၌ အလုံး စုံသော အတွင်းဓာတ်နုတို့သည် ကုန်ကုန်၏၊သေလေ၏။ ဓာတ်မီးမှဖြစ် ပွားသော အဖတ် ကြမ်းဖြစ်သော အခွန်ရုပ် အကာရုပ်စု သည်သာ ကြွင်းကျန်၏။
မျိုသော အာဟာရဓာတ်ဆီ တရွေ့တရွေ့ ကုန်ခန်းသောနာရီမှစ၍ မျက်လုံးခဲ ဦး နှောက်ခဲအတွင်းရှိ မြေဓာတ်နု ရေဓာတ်နု လေဓာတ်နု မီးဓာတ်နုတို့သည် တရွေ့တရွေ့ ချုပ်ကွယ်ပျောက်ဆုံးကုန်ကြ၏။ ခုနှစ်ရက်တိုင်လျှင် ဓာတ်ဆီ အငွေ့အသက်ကုန် သဖြင့် အတွင်းရှိ မြေနု ရေနု လေနု မီးနုတို့သည် ကုန်ကုန်၏။ အကြည်ဓာတ် ခြောက်မျိုးတို့မှထို မြေ ရေ လေ မီး ဓာတ်ကြီးအနု ဘုတ် လေးခုတို့၏အရည်အရောင် မျှသာဖြစ်ကုန်၍ အနု ဓာတ်ကြီးတို့ ရွေ့ယိုင်နွမ်းပါး၍သွားလျှင် အကြည်ဓာတ်တို့သည်ပျောက်ပျက် ကွယ်ပကုန် တော့သည်။ တနေ့တနေ့လျှင် နှစ်ထပ် အာဟာရဓာတ်ဆီ ဓာတ်မီးအသစ်အသစ်လောင်း ၍ လောင်း၍ အလျဉ်မပြတ်အောင် အသက်သစ်အသက်သစ် သွင်းကာသွင်းကာ ဆက် နွယ် စိုက်ပျိုး၍သွားပါမှ လဆန်းကလဆုတ် လဆုတ်ကလဆန်းသည်လ ကဟိုလသည် ဥတုက နောက်ဥတု သည်နှစ်က နောက်နှစ် နေရသည်။ လက်ရှစ်သစ်ခန့်သာ ရှိ သော မိစ္ဆာချည်တို့ကို နှစ်မြှင် သုံးမြှင်ကစ၍ အတောင်တရာ အလံတရာရှိ ကြိုးကျစ်၍သွားရာ ၌ အစဟောင်း အစသစ်ပြေပြစ်အောင် အမြှင်သစ်အမြှင်သစ် လောင်းစိုက်၍သွားရသည် နှင့်ထပ်တူပင်တည်း။ အစသစ်အစိုက်ကောင်းလျှင် အစဟောင်းဆုံးချက်ကြောင့်ကြိုးအ နေမပျက်။ ထို့အတူ တကြိမ်မျိုလိုက်သော အာဟာရကြောင့် တကိုယ်လုံး တိုးတက်ပြည့် လျှမ်၍ ဖြစ်ပေါ်ကုန်သော မြေနု ရေနု လေနု မီးနု အကြည်ဓာတ်ဟူသမျှတို့သည် ထိုအာ ဟာရတို့နှင့် အတူ ဆုတ်ယုတ်လျှင် ဆုတ်ယုတ်မြဲ ကုန်ဆုံး၍ ကုန်ဆုံးမြဲ ဓမ္မတာတည်း။ နောက်တကြိမ် မျို၍ အသစ် အသစ်ဖြစ်ပေါ်တိုးတက်သော ဓာတ်သစ်အသက်သစ်တို့နှင့် အလျဉ်မပျက် အဆက်သိပ်သည်းလှ၍ အခြား မထင်လေသည်။ ဥာဏ်နှင့်ပြတ်အောင် ဖြတ်၍ရှု။ ဘဝအသစ် အသစ်ဖြစ်ပေါ်ရန် စိုက်ပျိုးမှုမှာ ကံ ဟုသောစေတနာဟာရကို ပျိုး မှုပေတည်း။ သံသရာ၌ မိမိလာခဲ့ရပုံကိုလည်းကောင်း မြင်မြင်သမျှသောသတ္တဝါအနန္တ ဖြစ်ရပုံကိုလည်းကောင်း အတပ်မြင်ဆအာင်ရှု။ ရှုဘန် များ၍ဥာဏ်ပွင့်သော အခါခပ်သိမ်း သော ရုပ်တရား နာမ်တရားတို့သည် ရှေးရှေးတင်ရင်၍ ပျိုးနှင့်သောအကြောင်းဗီဇ ရှိမှ သာ အသစ်အသစ် ဖြစ်ပေါ်နိုင်သည်။ မိမိဘဝဖြစ်ပေါ်နိုင်သော ရုပ်နာမ် ဟူ၍ တခုမှမရှိ။ အကြောင်းဗီဇရှိ၍အသစ်ဖြစ်ပေါ်ပြန်ရာလက်ပူးလက်ကြပ် အစောင့်အရှောက်အထောက် အပံ့တင်းလင်းရှိမှအစဉ်သဖြင့်ဆက်လက်ဖြစ်ပေါ်၍သွားနိုင်သည်။ လက် ပူးလက်ကြပ်အ စောင့် အရှောက်တင်းလင်း မရှိခဲသော မျက်တောင်တခတ် လျှပ်တပြက် တမျှ မိမိဘ ဝအားဖြင့်တည်တံ့နိုင်သော ရုပ်နာမ် ဟူ၍ မရှိကြောင်းကို အတပ်မြင်လာလိမ့် မည်။ အနိစ္စ အနိစ္စ အနိစ္စ။( အာဟာရမှုကို အစွဲပြု၍ အနိစ္စလက္ခဏာကို အတပ်မြင် ဒိဋ္ဌမြင်ရှုရန် အမြွက်ပြီး၏။)
ဒုက္ခရှုနည်း
အလုံးစုံသော ဓာတ်ကြီးလေးပါး အကြည်ခြောက်ပါးစသောရုပ်တရားနာမ်တရားတို့ သည်ဘေးဥပါဒ်ကင်း၍ ချမ်းမြေ့သာယာစွာ မျက်တောင်တခတ်မျှ နေရသော ရုပ်နာမ်ဟူ ၍ တခုမှမရှိ။ရုပ်ချမ်းသာ နာမ်ချမ်းသာ ဟူ၍တခုမှ မရှိ။ဖြစ်ပေါ်မိလျှင်ပျက်မှုဟုသောသေ ဘေးသေဒဏ်နှင့် အမြန်ဆုံးရှုံးရသော တရားစုသာ ဖြစ်၍ ရုပ်ဆင်းရဲ နာမ်ဆင်းရဲ ရုပ်ဒုက္ခိ တ နာမ်ဒုက္ခိတတို့သာတည်း။ ထို့ကြောင့် ဓာတ်ဘီလူးဟု ဆိုအပ်သောအနိစ္စဘေးမှလွတ် နိုင်သော ရုပ်ဟူ၍ နာမ်ဟူ၍ ဤကိုယ်သန္တာန်ဝယ်မရှိခြင်းကြောင့် နိဗ္ဗာမှတပါးသော ရုပ် နာမ် ဓမ္မဟူသမျှတို့သည် ဒုက္ခအစုတို့သာတည်း။ လောက၌ သေဘေးထက် ကြောက်ရ သော ဘေးဟူ၍ မရှိ။ ထိုသေဘေးသည် ရုပ်တိုင်း နာမ်တိုင်းမှာ အမြဲပါ၍ ရုပ် နာမ်တို့ကို စားသတည်း။ ဤသေဘေးကိုပင် အနိစ္စလက္ခဏာ ဘေးလည်း ဆိုရသည်။ဓာတ်ဘီလူး လည်း ဆိုရသည်။(ရှေး၌ပြဆိုခဲ့ပြီးသော အနိစ္စအချက်စုကိုမြင်ပေလျှင် ခဏခြင်း ခဏခြင်း နွမ်းနယ်မှု ဆုံးရှုံးမှုဟုသော မခံသာသော ဒုက္ခလက္ခဏာကိုလည်း မြင်နိုင်ပေ လတ္တံ။)

ယခုအခါ ထင်ရှားစွာသော ဒုက္ခလက္ခဏာ ကို ပေါ်အောင်ဆိုအံ့
နိဗ္ဗာန်မှတပါး အလုံးစုံသော ရုပ်နာမ် တရားတို့သည် အစာရေစာက္ကရာယာပုတ်တို့ နှင့် မပြုမပြင်ဘဲ ပေါက်လွှတ်ထားခဲ့လျှင် တကိုယ်လုံး တကောင်လုံး ညှိုးချုံးရိနွမ်းပင်ပန်း ပွန်းနွမ်းခြင်းတည်း ဟူသော ဒုက္ခအစုတွေသာ ဖြစ်၍ကုန်မည်။ အစာရေစာကို ဖြတ်၍ ကြည့်၊ အလှုပ်အရှားမရှိဘဲအိပ်ခြင်း က္ကရာယာပုတ်တခုတည်း အမြဲထား၍ကြည့်။တနည်း ကား။ မလျောက်ပတ်သော ဗဟိဒ္ဓဓာတ်မီး ဆိုက်တိုက်လာခဲ့လျှင် တကိုယ်လုံး၌သော် လည်းကောင်း ကိုယ်အစိတ်၌သောလည်းကောင်း အတွင်းဓာတ်မီးစု ထကြွ သောင်း ကျန်း၍ ရှစ်မျိုးသော ရောဂါတို့သည် ဖြစ်ပေါ်လာကုန်၏။ နှလုံးအိမ် နှလုံးသား ဖြစ် ၍နေသော မီးရှစ်ပါးသည် ထကြွသောင်းကျန်းခဲ့သည်ရှိသော နှလုံးအိမ် နှလုံးခဲတခု လုံးကို လောင်၏။ နှလုံးခဲ ဖြစ်၍နေသော အလုံးစုံသော ရုပ်စုနာမ်စုသည် အနာခဲဖြစ် လေ၏။ မန်းခဲ ငန်းခဲ သွေးပုပ်ခဲ ပြည်ပုပ်ခဲ ဖြစ်လေ၏။
အသည်းခဲ ဖြစ်၍နေသော ရုပ်စု, အဆုတ်ခဲဖြစ်၍နေသောရုပ်စု, ဝမ်းတွင်းအသား အလုံးစုံဖြစ်၍နေသော ရုပ်စု, နား နှာခေါင်း နှုတ်သီး လျှာ သွား ဖြစ်၍နေသော ရုပ်စု, ဦး နှောက်ခဲပြစ်၍ နေသော ရုပ်စု, ဦးခေါင်းခွံ ဖြစ်၍နေသော ရုပ်စု, ဦးခေါင်းသား မျက်နှာ သား ဖြစ်၍နေသော ရုပ်စု, သားတစ် ကိုးရာ ဖြစ်၍နေသော ရုပ်စု တို့လည်း ဤအတူ ချည်း။ အလုံးစုံသော တရားအစုသည် ဇာတိ အမျိုးအရိုးအားဖြင့် ဒုက္ခမျိုး ဒုက္ခရိုး ရောဂါ မျိုး အနာမျိုးတို့သာအမှန်အစစ်တည်း။ ထို့ကြောင့်ကံ၏အစွမ်း ဥာဏ်၏အစွမ်း သတိ ဝီရိယ၏အစွမ်းဖြင့် လက်ပူးလက် ပြုပြင်ထိန်းကြောင်း၍ နေနိုင်ပါမူ ဖေါက်ပြန်ခြင်းတိုင်း မဖေါက်ပြန်သာလှ၍ မဖေါက်ပြန်ဘဲ ခိုင်မြဲလေယောင် နေထိုင်သမျှ နေပါသေး၏။အပြု အပြင်အထိန်းအကျောင်းမရှိ ပေါက်လွှတ်ခဲ့လျှင် အမျိုးအရိုး ဇာတိထင်ရှား ပေါ်မြဲတည်း။
( ဒုက္ခရှုနည်း အမြွက်ပြီး၏။ )

အနတ္တ ရှုနည်း
လောက၌ အတွင်းပြု၍ သိမ်းပိုက်သော ဝတ္ထုအပေါင်းတို့တွင်ငါဟူ၍ လည်းကောင်း ၊ငါ၏ကိုဟူ၍လည်းကောင်း၊ အတွင်းပြုခြင်းသိမ်းပိုက်ခြင်းသည်ကမ်းကုန်လမ်းကုန်အလွန် ဆုံးသောအတွင်းပြုခြင်းသိမ်းပိုက်ခြင်းတည်း။ ငါတည်း၊ ငါ၏ ကိုတည်းဟုအလွန်ဆုံးသိမ်း ပိုက်သော ခန္ဓာငါးပါး တို့တွင် လည်းရှေး၌ ပြဆိုခဲ့ပြီးသော စက္ခု သောတ အစရှိသော အ ကြည်ခြောက်ပါးတို့ကိုငါဟူ၍ ငါ့ကိုဟူ၍ အတွင်းထား၍အားကိုးအင်ကိုး သိမ်းပိုက်မှုသည် အလွတ်ဆုံးတို့၏ အစပေါ်တွင်အထွဋ်အထိပ်ပင် ဖြစ်ပြန်သတည်း။ထို့ကြောင့်ထိုအကြည် ခြောက်ပါးတို့ကို အဇ္ဈတ္တ, အဇ္ဈတ္တဓမ္မ, အဇ္ဈတ္တသဒ္ဒါ အပိုနှင့်ဆိုရသတည်း။

ထိုအတွင်းပြုခြင်းအမှုသည်–
၁။ လောကအားဖြင့် အတွင်းပြုခြင်း၊
၂။ဓမ္မ အားဖြင့် အတွင်းပြုခြင်းဟူ၍ -၂ ပါးရှိ၏။

၁။ အသည်းခဲ နှလုံးခဲ ဝမ်းထဲ ဦးခေါင်းထဲ မျက်လုံးထဲ အာထဲ လျှာထဲ၌ အနာပေါက်၍ သွေးပုပ် ပြည်ပုပ် ငန်းမန်းဖြစ်လာသောအခါ တောအရပ်၌ ပေါက်ရောက်သော သစ် မြစ်သစ်ဥကို မှီဝဲ၍ ထိုအနာပျောက်ငြိမ်းသည် ဟူရာ၌ လောကအားဖြင့် ထိုအနာပုပ် သည်ကိုယ်တွင်းကျ၍အတွင်းမည်၏။ တောဆေးမြစ်သည် အပမည်၏။

၂။ သတ္တဝါတို့ ဓမ္မတာသဘောသည် အမြဲလျှင် ချမ်းသာကိုသာ အလိုရှိသည်။ ထို့ ကြောင့်ထိုအနာပုပ်သည် သတ္တဝါတို့၏အလိုသဘောမှ အပဖြစ်၍ သတ္တဝါကို နာကြင် အောင်ပြု၍ ညှင်းပန်းရကား ထိုအနာပုပ်သည် ဓမ္မအားဖြင့် အပအစိမ်းသာ ဖြစ်၏။ တော ဆေးမြစ်သည်သာချမ်းသာကိုပေးပေ၍သတ္တဝါတို့၏အလိုသဘော၏အတွင်းကျပေရကား ဓမ္မ အားဖြင့် အတွင်းမည်၏။ အနတ္တသဒ္ဒါသည်ကား အတွင်း၏ ဆန့်ကျင်ဘက်ကို ဟော ၏။ မိမိန္တာန်ဖြစ်၍နေသော ခန္ဓာငါးပါးသည် သတ္တဝါတို့၏ အလိုသဘောကို သိခြင်း မရှိ။ မလိုသဘောကို လိုက်ခြင်းမရှိ။ ဇာတိ အမျိုးအရိုးအားဖြင့် သတ္တဝါတို့ ကြောက်လန့် ကြ သော ဒုက္ခဘက်သို့သာ တဖြောင့်ထဲ တသန်ထဲ အတင်းဆွဲ၍ ရုန်၍သွား၏။ မိမိကို ယခု သတ်မည့် ရန်သူအား ငွေတထောင်ပေး၍ ယခုနှစ်အဘို့ ချမ်းသာပေးပါဟုဆိုလျှင် ငွေတ ထောင်ရ၍ တနှစ်တာမျှ အလိုပါ၍ ချမ်းသာပေးသကဲ့သို့ သင့်လျော်သော အကြောင်းဗီဇ တို့ကို သည်ပိုးရွက်ဆောင် ထူထောင်ပြုစု၍ ပေးနိုင်ပါလျှင် ပေးနိုင်ခိုက်သာအလိုပါ ယောင် ရှိ၏။ မပေးနိုင်လျှင် ဒုက္ခဘက်သို့ အတင်းရုန်း၏။ သင့်လျော်သော အကြောင်း
ဗီဇတို့ကို အားထုတ်၍ပေးနိုင်သမျှ တခဏသာအလိုပါယောင် ရှိသည်ကို အမြဲပါယောင် ထင်မှတ်၍ ငါ့ကို ငါ့ကို ဟု အတွင်းပြုမှားကြလေသည်။ ထိုအမှားကို စွန့်စေလို၍ အနတ္တ ဟု ဟောတော်မူသည်။

(၁)- အတ္တကို- ဝါ- အတွင်း။
(၂)- အနတ္တာ၊ ကိုမဟုတ်။ ကို၏ဆန့်ကျင်ဘက်။ ဝါ ၊ အတွင်းပြု၍ သိမ်းပိုက်ထိုက်သော တရားစုမဟုတ် ရန်သူကြီးသမျှ ပြင်ပသူစိမ်းပြု၍ စိတ်ဖြင့်လွတ်လွတ်ကျွတ်ကျွတ်စွန့်ပစ် ထိုက်သောတရားစုတို့သာတည်း။(အနက်ရင်း အနက်မှန်)ကိုဟုသောအနက်မှာယသတ် ၍ မရေးနှင့်။ ကိုယ်သည်အတွင်းဟုသော အနက်ကိုမဟော။ကာယသဒ္ဒါ၏ နာမသတ် အနက်ဖြစ်ပေ၍ အပေါင်းအစု ဟူသောအနက်ကို ဟောသည်။ ယသတ်နှင့် ကိုယ်မှာမူ ကားခန္ဓာငါးပါးသည် ကိုယ်ဟုတ်သာ အမှန်ဖြစ်၏။ ရုပ်နာမ် အစုကိုယ်ဟုတ်သည်ဟုယူ မှသာ အမှန်ကျ၏။ ဤကား အတ္တသဒ္ဒါ အနတ္တသဒ္ဒါ တို့၏ ဖြောင့်မှန်သောအနက်သွား ကို ထင်ရှားအောင် ဆိုချက်တည်း။
၁။ အနှစ်မရှိသော အနက်ကြောင့် အနတ္တ မည်၏။
၂။ အစိုးရသူ အရှင်သခင်မရှိသော အနက်ကြောင့် အနတ္တ မည်၏။
၃။ အလိုသို့ မလိုက်သော အနက်ကြောင့် အနတ္တ မည်၏။

(ဤသို့ ကျမ်းဂန်တို့၌ လာသော အနက်သုံးပါးသည် သဒ္ဒတ္ထကိုပြသော အနက်စုမဟုတ်။ အတ္တ အတ္တ ငါ့ကို ငါ့ကိုဟုအတွင်း ပြုခြင်းငှါ မထိုက်တန်ကြောင်း ကိုပြသော အနက်စု သာတည်း)လျှပ်ရောင်သည် အရှည်တည်နေနိုင်သော အနှစ်သာရမရှိ။ ထိုကြောင့် ထို လျှပ် ရောင်ကိုအသုံးတခု အားအင်ပြုရန် ငါ့လျှပ်ရောင်ဟုအတွင်းပြု၍သိမ်းပိုက်ခြင်းငှါ မထိုက်။ ထိုလျှပ်ရောင်သည် အရှည်တည်နေနိုင်သော အနှစ်သာရမရှိ၍ပင်လျှင် လျှပ် ရောင်ကို အစိုးရသူ အရှင်သခင်ဟူ၍ မရှိ။ ထို့ကြောင့်ကို ငါပိုင်ထိုက်သော လျှပ်ရောင်ဖြစ် သည်ဟု မိမိကိုကို လျှပ်ရောင်၏အရှင်အနေသခင်အနေမှတ်၍ ငါ့လျှပ်ရောင်ဟု အတွင်း ပြု၍ သိမ်းပိုက်ခြင်းငှါ မထိုက်။ ထိုလျှပ်ရောင်သည်အရှည်တည်နေနိုင်သော အနှစ်သာရ မရှိ၍ပင်လျှင် ပုဂ္ဂိုလ် အလိုရှိရာသို့လိုက်သော တရားမဟုတ်။ ထို့ကြောင့် အလိုမလိုက် သော လျှပ်ရောင်ကို ငါ၏ကိုဟု အတွင်းပြုခြင်းငှါ မထိုက်။

တနည်း–
ထိုလျှပ်ရောင်၏ ပြစ်မှုသည် လျှပ်ရောင်ကို ဖြစ်ပေါ်စေနိုင်သော အကြောင်းစုနှင့် သာ ဆိုင်ပေသည်။ ပုဂ္ဂိုလ်၏အလိုနှင့် မဆိုင်ကြပေ။ ထို့ကြောင့် ထိုလျှပ်ရောင်သည် ပုဂ္ဂိုလ်၏အလိုသို့လိုက်ခြင်းမရှိ။ ထိုသို့လိုက်ခြင်း မရှိလေသောကြောင့် ထိုလျှပ်ရောင်ကို ငါ့ကို ငါ့ကိုဟု အတွင်းပြုခြင်းငှါမထိုက်။ ဤသို့ အနတ္တာ၊ ကိုမဟုတ်အတွင်းမဟုတ်ဟူ သောသဒ္ဒတ္ထ၏ ကာရဏယုတ္ထိကို ပြခြင်းငှါ အသာရကဋ္ဌေန၊ အသာမိကဋ္ဌေန၊ အဝသဝ တ္ထနဋ္ဌေန ဟူသော အနက်သုံးချက်ကို ကျမ်းဆရာတို့ ဆိုကြပေကုန်သည်။ အနိစ္စံခယ ဋ္ဌေန ဒုက္ခံဘယဋ္ဌေန တို့၌လည်း ဤနည်းအတူ။(ဤကားအနတ္တပုဒ်၌ ပြအပ်သော အနက်ကို နှီးနှောချက်တည်း။)
ဆိုခဲ့ပြီးသော ဓာတ်ကြီးလေးပါး အကြည်ဓာတ် ခြောက်ပါး ဓာတ်မီးရှစ်ပါး ဓာတ်ဆီ ငါးပါးဓာတ်ဘီလူးအများ ဤတရားစုတို့၏ ဖြစ်ပေါ်မှု ဆက်လက်ဖြစ်ပွားမှုလျော့ပါးမှုလျော့ ပါးဆုတ်ယုတ်မှုတို့သည် ပုဂ္ဂိုလ်၏အလိုနှင့် ဆိုင်သော အမှုတို့ပင် မဟုတ်ကုန်။ စင်စစ်မူ ကား သူတို့ကိုဖြစ်ပေါ်စေခြင်းငှါ ထိုက်သော အဇ္ဈတ္တ ဗဟိဒ္ဓ ဗီဇအကြောင်းတို့နှင့်သာဆိုင် သော အမှုတို့ပေတည်း။ မီး၏ဖြစ်မှု တညလုံး တနေ့လုံး တည်နေမှုသည် ပုဂ္ဂိုလ်၏အလို နှင့် မဆိုင်မပိုင်ပေ။ မီးကိုဖြစ် စေသော မီးခြစ် ဆေးကိုတညဥ့်လုံး တနေ့လုံးတည်စေနိုင် သော မီးစာထင်း သစ်သားတို့နှင့်သာဆိုင်ပေသည်။ ဆီမီး ဖယောင်းတိုင်မီး ရေနံမီးဖြစ် လျှင် ဆီမီးစာဖယောင်း ရေနံဆီတို့နှင့်သာဆိုင်ပေသည်။ ထို့ကြောင့် မီးကို မီးရောင်ကို အလိုရှိသော ပုဂ္ဂိုလ်က တောက်စေဟုဆိုသောလည်း မတောက်၊ တည်စေဟုဆိုသော် လည်း မတည်။ မီး၏ အဆောက်အဦးကို စုဆောင်း၍ ပေးမှသာတောက်လေတည်လေ သည်။ မသေနှင့် ဆိုသောလည်း ဆီမီးစာကုန်လျှင် မသေဘဲမနေ။ ဤအတူမှတ်။
အစိုးရမှုမည်သည် အလိုကိုလိုက်နာသူ၏ အပေါ်၌သာတည်မြဲတည်း။ မိမိအလိုနှင့် သက်သက်မဆိုင်လှ၍ အစိုးရမှု အချင်းခပ်သိမ်းမရှိဘဲ အကြောင်းဗီဇဆိုက်တိုက်ရာ ဖြစ်မှု တည်မှုတသွန်တည်း သူ့လမ်းနှင့်သူ သူ့အခွင်နှင့်သူဖြစ်ပေါ်ပျက်ပြား၍နေသော ရုပ်တ ရား နာမ်တရားတို့ကို အစိုးရမှု အတွင်းပြု၍ ငါ့ကို ငါ့ကိုဟု သိမ်းပိုက်ခြင်းသည် ဓမ္မအား ဖြင့် အမှားစင်စစ် ဖြစ်သတည်း။(အစိုးရခြင်း အချင်းခပ်သိမ်း ကင်းပုံမှာ ရှေး၌ပြဆိုခဲ့ပြီး သော အချက်နှင့်ပင် ထင်ရှားလောက်ပြီ)

ပုဏ္ဏောဝါဒကမ္မဋ္ဌာန်းပြီး၏။

Ref: http://nyaungpini99.blogspot.sg/2012/07/blog-post_30.html?m=1

 

အကုသိုလ် ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါး

ten-bad-actions

၂၀၁၀ ခုနှစ် မေလ ၈ ရက် စနေနေ့ ညနေ ၄ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်း ၃၁-ပတ်မြောက် သင်ခန်းစာ “အကုသိုလ် ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါး” အကြောင်းကို လေ့လာ သင်ယူကြရပါသည်။

လောကချမ်းသာဆရာတော်က ရှေးဦးစွာ မှတ်ဖွယ်ရာရာ သင်ခန်းစာတို့ကို ပြန်လည် သင်ကြားပေးခြင်း၊ ယခုအပတ် သင်ကြားမည့် သင်ခန်းစာကို မိတ်ဆက်ပေးခြင်းတို့ကို နာရီဝက်ခန့် ဟောပြော သင်ကြားပေး၏။

+++++

အကုသိုလ် ဝစီကံ ၄-ပါး

ဝစီကံ = ဝစီဒွါရ (နှုတ်)၌ အဖြစ်များသော ကံ

(၁) လိမ်လည်ပြောဆိုခြင်း

ပါဠိလို ‘မုသာဝါဒ’ဟု ခေါ်၏။

မုသာဝါဒ ကမ္မပထမြောက်သော အင်္ဂါ ၄ ပါး

  • မဟုတ်မမှန်သော ဝတ္ထုလည်းဖြစ်ခြင်း။
  • မှားယွင်းစေလိုသော စိတ်လည်းရှိခြင်း။
  • ထိုစိတ်အားလျော်စွာ လုံ့လပယောဂပြုသည်လည်းဖြစ်ခြင်း။
  • ထိုပယောဂကြောင့် သူတပါးတို့ အမှားကို အမှန်၊ အမှန်ကို အမှားဟု သိသည်လည်းဖြစ်ခြင်း။

လုံ့လ ပယောဂပြုရာတွင်လည်း သူ့အသက်သတ်ခြင်းမှာကဲ့သို့ ကိုယ်တိုင်ပြုခြင်း၊ ခိုင်းစေခြင်း၊ ပစ်စာရေးပို့ခြင်း၊ နံရံစသည်၌ ထာဝရတည်ရှိနေအောင် မဟုတ်မမှန်ရေးသားခြင်း စသည် အမျိုးမျိုး ရှိ၏။

အပြစ်အကြီးအသေးမှာလည်း အလိမ်ခံရသူ၏ သီလသိက္ခာရှိမှု မရှိမှု စသည်အပေါ် မူတည်၍ အလေးအပေါ့ဖြစ်၏။

တစ်ဖက်သား စိတ်ချမ်းသာအောင် အလွန်အကျွံလည်း မုသားမဖြစ်အောင် လိမ်လည်ပြောဆိုခြင်း (white lie)မှာ အပြစ်မကြီးလှသော်လည်း လိမ်လည်မှုပင် ဖြစ်၏။

(၂) ချောပစ် ကုန်းတိုက်ခြင်း

ပါဠိလို ပိသုဏဝါစာ ဟု ခေါ်၏။

တစ်ဦးနှင့်တစ်ဦး ချစ်ခင်နေသူတို့ ကွဲသွားအောင် ပြောဆိုပြုလုပ်ခြင်း ဖြစ်၏။

ပိသုဏဝါစာ အင်္ဂါ ၄ ပါး

  • ကွဲပြားစေအပ်သော သူတပါးလည်း ရှိခြင်း။
  • သူ ၂-ဦးတို့ ကွဲပြားခြင်းကို ရှေးရှုသည်လည်း ဖြစ်ခြင်း။
  • ထိုစိတ်အားလျော်သော လုံ့လပယောဂကို ပြုသည်လည်း ဖြစ်ခြင်း။
  • ထိုသူတပါးက ထိုကုန်းတိုက်သော စကား၏အနက်ကို သိသည်လည်း ဖြစ်ခြင်း။

 

(၃) ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း။

ပါဠိလို ဖရုဿဝါစာ ဟု ခေါ်၏။

အနက်အဓိပ္ပာယ်ကြမ်းတမ်းသော စေတနာကြမ်းတမ်းသော စကားကို ပြောဆိုခြင်း ဖြစ်၏။

ဖရုဿဝါစာ အင်္ဂါ ၃ ပါး

  • ကြမ်းတမ်းသောစကားကို ပြောဆိုအပ်သော သူတပါးလည်း ရှိခြင်း။
  • စိတ်ဆိုးမှုလည်း ရှိခြင်း။
  • ကြမ်းတမ်းသောစကားကို ပြောဆိုသည်လည်း ဖြစ်ခြင်း။

ဆရာက တပည့်ကို၊ မိဘက သားသမီးကို ကောင်းစေလိုသော စေတနာနှင့် ဆိုဆုံးမရာ၌ တခါတရံ ကြမ်းတမ်းသော စကားအသုံးအနှုန်းများ ပါသွားတတ်သော်လည်း စေတနာမကြမ်းတမ်းသဖြင့် ဖရုဿဝါစာ မဖြစ်ပေ။

စကားမကြမ်းတမ်းသော်လည်း ကြမ်းတမ်းသောစေတနာဖြင့် ပြောဆိုက ဖရုဿဝါစာ ဖြစ်၏။

(၄) သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း။

ပါဠိလို သမ္ဖပ္ပလာပ ဟု ခေါ်၏။

အနက်အဓိပ္ပာယ် မရှိ၊ အကျိုးမရှိ၊ စီးပွားချမ်းသာကို မဖြစ်စေနိုင်သော စကားကို ပြောဆိုခြင်း ဖြစ်၏။

သမ္ဖပ္ပလာပ အင်္ဂါ ၂ ပါး

  • အကျိုးမဲ့ အနှစ်မဲ့စကားကို ပြောဆိုရန် ရှေးရှုလိုလားခြင်း။
  • ထိုသို့သဘောရှိသော စကားကို ပြောဆိုသည်လည်း ဖြစ်ခြင်း။

တစ်ဖက်သား ယုံကြည်က ကမ္မပထ မြောက်၏။ မယုံကြည်လျှင် ကမ္မပထ မမြောက်။

အကုသိုလ် မနောကံ ၃ ပါး

 

(၁) အဘိဇ္ဈာ

သူတပါးစည်းစိမ်ကို မတရား ရယူလိုခြင်း။

မတရားသောလောဘ=ဝိသမလောဘ ဖြစ်၏။

အဘိဇ္ဈာ အင်္ဂါ

  • သူတပါးဥစ္စာအပေါ် မိမိဥစ္စာဖြစ်လိုခြင်း။

 

(၂) ဗျာပါဒ

သူတပါး ပျက်စီး သေစေရန် ကြံစည်ခြင်း။

ဗျာပါဒ အင်္ဂါ

  • ဒေါသထွက်စရာ သတ္တဝါဖြစ်စရာ ဖြစ်ခြင်း။
  • သူတပါးပျက်စီးမှုကို ကြံစည်ခြင်း။

 

(၃) မိစ္ဆာဒိဋ္ဌိ

မှားသောအယူ ရှိခြင်း။

မိစ္ဆာဒိဋ္ဌိ အင်္ဂါ

  • ယူအပ်သောဝတ္ထု၏ မမှန်ခြင်း။
  • မမှန်ကန်သည်၏အဖြစ်ဖြင့် စိတ်ထဲ၌ စွဲမြဲထင်ခြင်း။

အယူမှားအမျိုးမျိုးရှိရာ ကမ္မပထမြောက်သော မိစ္ဆာဒိဋ္ဌိ ၃-မျိုးမှာ –

(က) နတ္ထိကဒိဋ္ဌိ
(ခ) အဟေတုကဒိဋ္ဌိ
(ဂ) အကိရိယဒိဋ္ဌိ တို့ ဖြစ်၏။

ဤမိစ္ဆာဒိဋ္ဌိ ၃-မျိုး အဓိပ္ပာယ်ကို သိရန် “နတ်-ကျိုး အ-ကံ၊ ဟေနှစ်တန်” ဟူသော လင်္ကာလေးကို မှတ်သားထားသင့်၏။

နတ်ကျိုး – နတ္ထိကဒိဋ္ဌိသည် အကျိုးကို ပယ်သော အယူမှား ဖြစ်၏။

ဘာလုပ်လုပ် အကျိုးမရှိဘူး၊ ကောင်းတာလုပ်လည်း ကောင်းကျိုးမရှိ၊ မကောင်းတာလုပ်လည်း မကောင်းကျိုးမရှိဟု ယူခြင်း ဖြစ်၏။

နတ္ထိကဒိဋ္ဌိ ၁၀ မျိုးကို ပါဠိတော်များထဲတွင် ဟောထား၏။

နတ္ထိဒိန္နံ = ပေးလှူ၍ အကျိုးမရှိ။

နတ္ထိယိဋ္ဌံ = အလှူကြီး ပေးလှူ၍ အကျိုးမရှိ။

နတ္ထိဟုတံ = ခပ်နည်းနည်း ပေးလှူ၍ အကျိုးမရှိ။

နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော = ကောင်းမှု မကောင်းမှုတို့၏ အကျိုးပေး အကျိုးဆက် မရှိ။

နတ္ထိမာတာ = အမေဆိုသည် မရှိ၊ အမေ့ဂုဏ်ကျေးဇူး မရှိ။

နတ္ထိပိတာ = အဖေဆိုသည် မရှိ၊ အဖေ့ဂုဏ်ကျေးဇူး မရှိ။

နတ္ထိသြပပါတိကာ သတ္တာ = လူကဲ့သို့ အမိဝမ်းမှာ ပဋိသန္ဓေမနေရဘဲ ဘွားကနဲဖြစ်သော နတ် ဗြဟ္မာဆိုသည်မှာ မရှိ။

နတ္ထိ အယံ လောကော = ဤဘဝဆိုသည်မှာ မရှိ။

နတ္ထိ ပရော လောကော = ဒီဘဝ သေပြီး နောက်ဘဝဆိုသည်မှာ မရှိ။

နတ္ထိလောကေ သမဏဗြဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေဣမဉ္စလောကံ ပရဉ္စလောကံ သယံအဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ = ဤလောက နောက်လောကကို ကိုယ်တိုင် သိပြီး ပြောဟောနိုင်သော ရဟန်း၊ ပညာရှိ၊ ပုဏ္ဏားတို့ဆိုသည်မှာ မရှိ။

(ဤ ၁၀ မျိုး၏ အပြန် “အတ္ထိဒိန္နံ၊ အတ္ထိယိဋ္ဌံ၊ အတ္ထိဟုတံ၊ အတ္ထိသုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော၊ အတ္ထိမာတာ၊ အတ္ထိပိတာ၊ အတ္ထိသတ္တာသြပပါတိကာ၊ အတ္ထိ အယံ လောကော၊ အတ္ထိ ပရောလောကော၊ အတ္ထိ လောကေ သမဏဗြဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စလောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ” မှာ မှန်သော အယူ ၁၀ မျိုး = ဒသဝတ္ထုက သမ္မာဒိဋ္ဌိ ဖြစ်၏။)

ဟေနှစ်တန် = အဟေတုကဒိဋ္ဌိသည် အကြောင်းလည်း မရှိ၊ အကျိုးလည်း မရှိ၊ အကြောင်းအကျိုး နှစ်ခုစလုံးကို ပယ်၏။

အ,ကံ = အကိရိယဒိဋ္ဌိသည် ကံကို ပယ်၏။ အကုသိုလ်လုပ်လည်း အကုသိုလ်ကံ မဖြစ်၊ ကုသိုလ်လုပ်လည်း ကုသိုလ်ကံ မဖြစ်၊ ဘာလုပ်လုပ် ကံမဖြစ်ဟု ယူသော အယူဝါဒ ဖြစ်၏။

ဤမိစ္ဆာဒိဋ္ဌိ ၃-မျိုးစလုံးမှာ အကြောင်းမရှိ၊ အကျိုးမရှိ၊ အကြောင်းအကျိုးမရှိဟု ယူသောကြောင့် အထူးသဖြင့် ရုပ်ဝါဒသမားများ၊ ဘာသာအယူဝါဒမရှိသူများမှာ ရှိတတ်၏။

ဤမိစ္ဆာဒိဋ္ဌိအယူကို ချွတ်မရအောင် အခိုင်အမာ စွဲလန်းသွားက နိယတ (မြဲသော) မိစ္ဆာဒိဋ္ဌိသို့ ရောက်ပြီး၊ သံဃဘေဒကကံထက်ပင် ကြီးလေးသော အပြစ်ဖြစ်ကြောင်း စာ၌ လာကြောင်း သိရ၏။

မိစ္ဆာဒိဋ္ဌိ ရှိနေသမျှ သမ္မာဒိဋ္ဌိ မဖြစ်နိုင် မပေါ်နိုင်သောကြောင့် ဤဒိဋ္ဌိ ၃-မျိုး ကင်းရှင်းအောင် အလေးတယူ သတိပြုကြရ၏။

+++++

အရက်သောက်ခြင်းမှာ အကုသလကမ္မပထတရား ၁၀-ပါး၌ တိုက်ရိုက် မပါသော်လည်း ကာမဂုဏ်အာရုံတို့၌ မှားယွင်းစွာ ပြုကျင့်ခြင်းဟူသော ကာမေသုမိစ္ဆာစာရထဲ၌ သွင်းရကြောင်း ကျမ်းဂန်များ၌ ဆို၏။

အရက်သောက်ခြင်းသည် ကမ္မပထ မြောက်,မမြောက် အယူအမျိုးမျိုး ရှိ၏။

မြတ်စွာဘုရား ဟောထားသော ဒုစ္စရိတ ဝိပါကသုတ်၌ အရက်အကြောင်းလည်း ပါဝင်၏။

“ရဟန်းတို့၊ သုရာပါနကို မှီဝဲအပ် ထုံအပ် အကြိမ်များစွာ လေ့လာပြုအပ်လျှင် ငရဲ၌ ဖြစ်စေနိုင်၏။
တိရစ္ဆာန်မျိုး၌ ဖြစ်စေနိုင်၏။
ပြိတ္တာမျိုး၌ ဖြစ်စေနိုင်၏။
အကြင်အကျိုးကား သုရာပါဏအတွက် အပေါ့ဆုံးတည်း၊ ထိုအပေါ့ဆုံးအကျိုးသည်ပင် လူဖြစ်သည့်အခါ အရူးအနှမ်း ဖြစ်စေ၏။”

ထို့ကြောင့် အရက်သောက်ခြင်း၌ တစ်ကြိမ်တစ်ခါ သောက်တာမျိုးမဟုတ်ဘဲ အကြိမ်များ အရက်စွဲအောင် သောက်က အပေါ့ဆုံးအကျိုးအဖြစ် လူဖြစ်လာသည့်တိုင် စိတ်ကယောင်ချောက်ခြားဖြစ်သူ စိတ်ပေါ့သူ အရူးအနှမ်း ဖြစ်တတ်၏။

အရက်သောက်ခြင်းမှာ ကမ္မပထ မမြောက်ဟု ဆိုသော်ငြားလည်း အပြစ်ကြီးနိုင်၏။

အရက်သောက်ခြင်းအမျိုးမျိုး၌ –

  • အရက်ပါသော ဆေးသောက်ခြင်းသည် အပြစ် မရှိ။
  • အရက်ကိုပင် ဆေးအဖြစ်သောက်ခြင်းသည် အပြစ်ကြီးဖို့ မရှိနိုင်။ (အမျိုးသမီးများ သားဖွားပြီး အရက်တစ်မျိုး သောက်ခြင်း။)
  • အရက်ကို သောက်ချင်၍ သောက်ခြင်းမှာ မိစ္ဆာစာရလည်း ဖြစ်ပြီး၊ အပြစ်လည်း ကြီး၏။ (အရက်သောက်ပြီး အကုသိုလ် ဘာမှ မလုပ်ဘဲ အိပ်သွားသည့်တိုင် စိတ်မှာ ကြည်ကြည်လင်လင် မရှိ၊ မှန်မှန်ကန်ကန် မစဉ်းစားနိုင်တော့ကာ ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့စေခြင်းအကြောင်း ဖြစ်တော့၏။)

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့တရားပွဲကို အရှင်ဝဏ္ဏိတ က “အဟောသုခံ နိဗ္ဗာနံ” တရားတော် ပထမပိုင်းကို ညနေ ၆ နာရီမှ ၇ နာရီထိ ဓမ္မဒါနပြု ဟောကြား၏။

Ref: http://lokachantha.blogspot.sg/2010/05/blog-post_2470.html?m=1

အဆူဆူသော မြတ်စွာဘုရားများ၏ ဆုံးမစကား

နောင်တရတယ်ဆိုရင် ကိုယ်နဲ့ထိတွေ့ဆက်ဆံနေတဲ့သူအတွက်နဲ့
ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက်နဲ့ နောင်တရတာများပါတယ်
ကိုယ်မသိတဲ့သူအတွက်နဲ့ နောင်တရတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။

အတုမရှိ ဗုဒ္ဓမြတ်စွာ

12074799_469770109877025_5801760560122069849_n

လေရဲ့အင်အားက မုန်တိုင်းတွေဖြစ်ပေါ်တဲ့အခါ အင်မတန်ကြီးမားကြောင်း သိနိုင်တယ်
ရေရဲ့အင်အားက သမုဒ္ဒရာထဲမှာ ဧရာမ လှိုင်းလုံးကြီးတွေ ဖြစ်တဲ့အခါ သိနိုင်တယ်
မြေရဲ့အင်အားက မဟာပထဝီမြေကြီးက ငလျှင်လှုပ်တဲ့အခါ သိနိုင်တယ်
မီးရဲ့အင်အားက လောင်ကျွမ်းတဲ့အခါ သိနိုင်တယ်
သဘာဝဆိုတာ လွပ်လပ်လေ အင်အားပိုကြီးမာလေပါပဲ
စိတ်ဆိုတာလည်း အစွဲကင်းလေ လွပ်လပ်လေ အင်အားကြီးလေပါပဲ။

ချစ်ခြင်းမှာလဲ အစွမ်းသတ္တိနဲ့
မုန်းခြင်းမှာလဲ အစွမ်းသတ္တိနဲ့
နှစ်ခုစလုံး မသက်သာဘူး
သတ္တဝါတွေကို ပင်ပန်းစေတယ်
ချစ်ခြင်း မုန်းခြင်း မရှိ
မေတ္တာသည်သာ အကောင်းဆုံး

ငါတည်းဟူသော အကြောင်းကြောင့် ဘယ်သတ္တဝါမှ အဘယ်သို့သော စိုးစဉ်းမျှ ပူပန်ဆင်းရဲမှု မဖြစ်ပါစေနဲ့။

လူက ထိုင်နေပေမယ့် စိတ်က လျှောက်သွားနေတယ်။
လူက ငြိမ်နေပေမယ့် စိတ်က ဂဏာမငြိမ်ဖြစ်နေတယ်။

လောကမှာ အိုသည့်တိုင်အောင် ကောင်းတဲ့အရာ- ကိုယ်ကျင့်သီလ
ဘယ်အရာတည်တံ့ခိုင်မြဲနေရင် ကောင်းလဲ- သဒ္ဓါတရား
ဘယ်အရာသည် ရတနာလဲ – ပညာ
ဘယ်အရာသည် ရန်သူမျိုးငါးပါး လုယူ မဖျက်စီးနိုင်လဲ- ကုသိုလ်ကောင်းမှု

နောင်တရတယ်ဆိုရင် ကိုယ်နဲ့ထိတွေ့ဆက်ဆံနေတဲ့သူအတွက်နဲ့
ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက်နဲ့ နောင်တရတာများပါတယ်
ကိုယ်မသိတဲ့သူအတွက်နဲ့ နောင်တရတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။

ကမ္ဘာကြီးရဲ့ အချိန်တစ်ခုတည်းမှာ
သတ္တဝါတွေ မွေးဖွားလာကြတယ်
သတ္တဝါတွေ သေနေကြတယ်
သတ္တဝါတွေ အနိုင်ကျင့်ခံနေကြရတယ်
သတ္တဝါတွေ နေရာလုနေကြတယ်
သတ္တဝါတွေ ကြီးနိုင်ငယ်ညှင်း လုပ်နေကြတယ်
သတ္တဝါတွေ အစာအတွက် ရှာဖွေနေကြတယ်
သတ္တဝါတွေ အသက်ရှင်ရေးအတွက် ရုန်းကန်နေကြတယ်
အချိန် နေရာ ဒေသ မျိုးနွယ် အစားအစာ စရိုက် အကျင့်
မတူကွဲပြား မြောက်မြားစွာရှိပေမယ့်
အသားအရောင်တွေ ကွဲပြားပေမယ့်
သဘော သဘာဝချင်းကတော့ အတူတူပါပဲ။

မကောင်းမှုနဲ့ဆင်းရဲဒုက္ခတွဲနေတယ်
ကောင်းမှုနဲ့ချမ်းသာသုခတွဲနေတယ်
အကြောင်းအကျိုးတစ်စုံစီတွဲနေတာပေါ့
ဘယ်သူဖန်ဆင်းထားလို့မှ
မကောင်းမှုလုပ်ရင် ဒုက္ခရောက်စေ
ကောင်းမှုပြုရင် ချမ်းသာစေဆိုပြီး ဖြစ်နေတာမဟုတ်
သဘာဝတရားကြီးကိုက ဒီတိုင်းဖြစ်နေတာ
ငရုပ်သီးစားရင် စပ်ပြီး သကြားစားရင် ချိုသလိုပဲ
မကောင်းမှုဆိုတာ လှည်းဘီးသည် နွားခြေရာနောက်ကို အစဉ်လိုက်သကဲ့သို့
ကောင်းမှုသည်လည်း အရိပ်သည်ကိုယ်နှင့်မကွာ အစဉ်လိုက်ပါတယ်။

အဆူဆူသော မြတ်စွာဘုရားများ၏ ဆုံးမစကား
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထားဆိုပြီး ဆုံးမခဲ့တယ်။
ဒီအဆုံးအမ သုံးချက်သည် အလွန်တရာကျယ်ဝန်းနက်နဲသော မြတ်စွာဘုရားတို့၏ အနှစ်ချုပ်အဆုံးအမလို့ ဆိုနိုင်ပါတယ်။
ဒီထက်ကောင်းတဲ့တရား ဒီထက်ပြည့်စုံတဲ့ တရားမရှိပါ။

မကောင်းမှုရှောင်ဆိုတာ…

View original post 187 more words

ဝိပဿနာအလုပ်နှင့် အနှောင့်အယှက်များအကြောင်း (အရှင်အာဒိစ္စရံသီ – ဦးဆန်းလွင်)

MARA-DEMON-life-of-buddha-10

ငါလုပ်နေတာတွေကို ငါ့စိတ်ထဲကဘယ်လိုဖြစ်နေတာတွေကို တခြားလူသိတာမှမဟုတ်တာ ငါ့ဟာငါပဲသိတာပဲ ဆိုတော့ ဆရာတော်ကြီးက အေးငါ့ဟာငါသိရင် မသိဘူး ဘယ်သူမှမသိဘူးဆိုရင် ငါ့ဟာငါတော့ဘာဖြစ်လဲ သိတယ်။

ငါ့ဟာငါသိတာဆိုရင် ငါ့ကိုယ်စောင့်နတ်သိတယ်။ ကိုယ်စောင့်နတ်သိရင် ရွှာစောင့်နတ် အိမ်စောင့်နတ်အကုန်လုံးက တဖြည်းတဖြည်းဘာဖြစ်လဲ သိတယ်။

ဘုန်းကြီးတို့တရားတက်လာပြီဆိုတာနဲ့ အစောင့်အရှောက်ရောက်လာတယ်။ အဲဒီမှာ ကိုယ်ကတော့မသိဘူးထင်တယ် ပရလောက ကစောင့်ကြည့်နေတယ်။ နော် အဲဒါ တခါတည်း စိတ်ကလေးနည်းနည်းလေး ကတိမ်းကပါးဖြစ်သွားတာနဲ့ “ဝါး” “ဝါး” နဲ့ သမ်းတယ်။

နော် အဲဒါ ဆိုရင် ဒါ ငါ့ကို ပုဂ္ဂိုလ်က ဝင်လုပ်နေပြီ ပြနေပြီ။ အရှင်ဘုရား အရှင်ဘုရားရဲ့ယောဂီက မဟုတ်ကဟုတ်ကလျှောက်စဉ်းစားနေတယ်။ စိတ်က ဟိုရောက်ဒီရောက်ဖြစ်နေတယ်။ အဲဒါသိအောင်ဆိုပြီးလုပ်တယ်။

နောက် တရားရခါနီးလို့ရှိရင်ဆိုရင်လဲပဲ ကိုယ်နဲ့ဘဝဘဝအဆက်ရှိခဲ့သူတွေရှိတယ်။ ဒါ ဒီပရလောက ကလူတွေပေါ့။ အဲဒါ ဒီပရလောက ကဝင်ပြီး အနှောင့်အယှက်တွေ အများကြီးပေးတယ်။ နောက်တွေ့ရပါလိမ့်မယ်။ ဟိုမှာ တရားအားထုတ်လို့ကောင်းတုန်းရှိသေးတယ်။ ကိုယ့်ရှေ့မှာ အလွန်ကိုကြိုက်တဲ့အစားအစာတွေ စားပွဲကြီးနဲ့ရောက်လာ။ အဲဒါ “ရော.” ဆိုပြီးလာပေးတယ်။ အဲတော့ ကိုယ်ကလဲ ဗိုက်ကဆာဆာနဲ့ စားပလိုက်တာပဲ စိတ်ထဲမှာ။ ပြီးရင်နောက်နေ့ ဘာမှလုပ်လို့မရတော့ဘူး။ အားထုတ်လို့မရတော့ဘူး။ ဒါမျိုးတွေတွေ့မယ်။

အနှောင့်အယှက်တွေ အများကြီးလာမှာ။ နော် ဒီခရီးက တောင်တက်ခရီး ဆုတော့ ဟိုပေါ်လဲ ရောက်လေ ဟုတ်လား ပိုပြီးတော့ စာမေးပွဲအမျိုးမျိုးပေါ့ ဟုတ်လားဖြေရမယ်။ အဲဒီစာမေးပွဲတွေအောင်အောင် လဲလုပ်ရဦးမှာအဲတော့ ခုဏကပြောသလို အစားအစာတွေနဲ့ တခါတခါများ သိတောင်မသိလိုက်ဘူး ပါးစပ်ထဲရောက်လာ ဟုတ်လား။ သူက ဇွန်းကြီးတစ်ခု လက်ကြီးတစ်ခုထွက်သွားတာတော့တွေ့လိုက်တယ်။

တစ်ခါတစ်ခါကျတော့ မစားမှန်းသိတော့ ကိုယ်ကသတိကပ်ထားတော့ မစားဘူး။ ဘာမှမစားဘူး။ အဲဒီအချိန်မှာ တခါတည်းလာတယ်။ တခါများ ဘယ်လောက်ထိဆိုးလဲဆိုရင် ကလေးတယောက် ဟုတ်လား သူ့ကိုတဲ့ သူနဲ့အလွန်ခင်မင်ရင်းနှီးတဲ့ တယောက်ကလာတယ် ဆရာတော်ပြောတယ် ဒီနို့ကလေးဟာသူသောက်တာကျန်လို့ ဆေးဖြစ်ဝါးဖြစ်သောက်လိုက်လို့ပြောတယ်ဆိုပြီး လာပေးတယ်။ တပည့်တော်လဲ ဆရာတော်ကပေးတယ်ဆိုပြီး သောက်ပလိုက်တာ ပြီးလဲပြီးရော ဘာမှလုပ်လို့မရဘူး။

ဟုတ်လား ဒီလို တခါတည်းမျက်စိထဲမှာ မြင်လာမှာနော် ဒါတွေ အကုန်လုံး။ အဲတော့ ခုတည်းက ဒါလေးတွေ သိထားပါ။ ဒီတော့ ပရလောက ကငါတို့ကိုစောင့်ကြည့်နေတယ် ငါတို့လုပ်ချင်တိုင်းလုပ်လို့ မရဘူး။ စိတ်ကဖောက်ပြန်လို့ မရဘူး။ အဲတော့ ငါစကားခိုးပြောတာဘယ်သူမှ မသိဘူးမထင်နဲ့ သိတယ်။ ဟုတ်လား အဲလို ကိုယ်ကြံတာစဉ်တာ အမျိုးမျိုးတွေကိုလဲသိတယ်။

Ref: http://dhammadownload.com/MP3Library/AshinArdeiksayanthi-USanLwin/Yangon/005-AshinArdeiksayanthi-AhChayPyutVipassanaThinTan-Yangon-21-10-2002.mp3

မာရ်နတ်၏လှည့်စားကွက်တစ်ခု

IMG_0721

 

တချိန်က မာရ်နတ် သည် ဘုရားအယောင်ဖန်ဆင်းကာ သူရမ္ဗဋ္ဌ ကိုလှည့်စားခဲ့ဖူးသည် ။ ထိုအချိန်က  သူရမ္ဗဋ္ဌ သည် ဘုရားကျောင်းတော်သို့ သွားကာတရားနာယူရသဖြင့် သောတာပန်တည်ပြီးနောက် အိမ်သို့ပြန်ရောက် လာခါစဖြစ်၏ ။

မာရ်နတ်သည် လက္ခဏာတော်ကြီး ( ၃၂ ) ပါးနှင့်ပြည့်စုံသော ဘုရားရှင် အယောင်ဖန်ဆင်းကာ သူရမ္ဗဋ္ဌ ၏အိမ်ပေါက်သို့ လာရပ်ပြီး လျှင်  သူရမ္ဗဋ္ဌ ထံသို့ သတင်းပို့လိုက်၏ ။

သူရမ္ဗဋ္ဌ က ဘုရားရှင်အစစ်မှတ်ပြီး အရိုအသေပြုကာဦးချလေသည် ။ မာရ်နတ်က သူရမ္ဗဋ္ဌ အား တရားမှားပြင်လို၍ လာခဲ့ကြောင်း ကို စကားပလ္လင်ခံပြီးလျှင် – ” ခုနက တရားပွဲမှာ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ( =ခန္ဓာငါးပါး ) သည် အနိစ္စ ဟု မဆင်မခြင် မှားယွင်းဟောမိခဲ့ကြောင်း , အမှန်မှာ ခန္ဓာငါးပါး သည် နိစ္စသာဖြစ်ကြောင်း ” ပြင်ဆင်ဟောကြားလေသည် ။

သူရမ္ဗဋ္ဌ သည် ချက်ချင်းအမှန်ကို သိရှိခွင့် ရရှိသွား၏ ။ ဘုရားရှင်တို့ အဖို့ မဆင်မခြင် တရားဟောခြင်းမည်သည် မဖြစ်နိုင် ၊ ဤသူကား ဘုရားရှင် အစစ်မဟုတ် ၊ ဘုရားရှင် အယောင်ဆောင် ထားသည့် မာရ်နတ် သာဖြစ်သည် ဟု ချက်ချင်းအမှန်ကို သိသွားလေသည် ။

( ခန္ဓာငါးပါး  တို့သည် အနိစ္စ ဒုက္ခ အနတ္တ သာဖြစ်ကြောင်းကို သူကိုယ်တိုင် ဝိပဿနာ ဉာဏ် မဂ်ဉာဏ် တို့ဖြင့် ထိုးထွင်းသိပြီးဖြစ် သောကြောင့် ထိုသို့ အမှန်ကို သိရှိခြင်းဖြစ်၏ ။ )

ထို့နောက် ” သင် မာရ်နတ် မဟုတ်လော ” ဟု  သူရမ္ဗဋ္ဌ က မေးမြန်း၏ ။ မာရ်နတ် လည်း ဆက်လက် မလိမ်ညာ ရဲတော့ပေ ။ ယုံကြည်မှု သဒ္ဓါတရား လှုပ်ရှားအောင် လာရောက်နှောက်ယှက်ခြင်း ဖြစ်ကြောင်းကို မာရ်နတ် ကဝန်ခံလေသည် ။  သူရမ္ဗဋ္ဌ က ” သင်ကဲ့သို့သော မာရ်နတ်မျိုး ရာထောင်သောင်းသိန်း လာရောက်နှောက်ယှက်သော်လည်း ငါ၏ သဒ္ဓါတရားကို လှုပ်ရှားစေ နိုင်မည် မဟုတ်ကြောင်း ” ပြောကြားလိုက် လေသည် ။

( ဒီ၊ဋ္ဌ၊၃၊၄၈။ )

မာရ်နတ် နှင့်တကွ မာရ်နတ်၏ အသင်းအပင်း တို့က ပုံစံ အမျိုးမျိုးဖြင့် ထိုကဲ့သို့ လာရောက်နှောက်ယှက်တတ်သည် ကို သတိပြုလေရာသည် ။

Ref: http://www.dhammaransi.com/index.php?option=com_content&view=article&id=1624:2015-08-04-10-41-52&catid=52:dhamma-questions&Itemid=69

တရားအမှတ် မျက်ခြည်မပြတ်ကြစေနှင့် – မဟာဗောဓိမြိုင်ဆရာတော်

မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး

အသက်လေးဆယ်…ကံကောင်းတုန်းက ဒါနမှုတွေ အားရအောင်ပြုခဲ့ပြီးပြီ။
အခု အသက်ငါးဆယ်မှာတော့ဖြင့် ဉာဏ်ကောင်းတုန်းမှာ အနည်းဆုံး ကိုယ်
စိတ်ငြိမ်သက်အောင် ကြိုးစားသင့်ကြပါပြီ။ ဒီအချိန်မှာ သတိပြုစရာတွေက
တော့…

• ကိုယ့်မာနကို ချိုးနှိမ်ဖို့ကြိုးစားပါမှ သူ့မာနက လွှမ်းမိုးလာတတ်တယ်၊
• ကိုယ့်ရာဂကို ပစ်ပယ်ဖို့ကြိုးစားပါမှ သူ့ရာဂက နှိုးဆွလာတတ်တယ်၊
• ကိုယ့်ဒေါသကို ခွာထုတ်နေပါမှ သူ့ဒေါသက ဖိစီးလာတတ်တယ်။

☆ လယ်ကန်သင်း ကတွတ်ပေါက်မှာ ခဲလုံး အတားအဆီးများ ပိတ်ဆို့ချထား
စဉ်တုန်းက လာသမျှ ရေ ရှေ့မတိုးသော်လည်းပဲ ပိတ်ဆို့ခဲ ခွာရှဲပေးလိုက်
ရင် ရေတွင် ဒလဟောစီးဝင်လာသလိုပါပဲ။ တစ်ဖက်သားတို့ရဲ့ ကြွားဝါဝင့်
ကြွားမှု၊ မြှူ ဆွယ်လမ်းပေးမှု၊ စိန်ခေါ်မှုစတဲ့ အပြင်ရန်တွေကလည်း ဒုနဲ့ဒေး၊
ကိုယ်တွင်းရှိလက်ထက်လက်ငုတ်များကလည်း ဇောင်းထဲကမြင်းလိုပဲ။ ဟို
တုန်းက အိမ်ထောင်ဝန်၊ စီးပွားဝန်တွေ ထမ်းနေရလို့ ကိုယ်စိတ်နှလုံး ဂျုန်း
ဂျုန်းကျ(ချုန်းချုန်းကျ)မို့ မထသာပေမယ့် ယခုအားမယ် နားမယ်မှ မကြံသေး
ဘူး၊ ဒီကိလေသာက အရင်ထကြွတော့တာပဲ။ စိတ်ရဲ့သဘာဝကို ဆရာတော်
ဘုရားကြီးက အဲဒီလောက်ထိ နှိုက်ချွတ်ပြထားပါတယ်။

☆ ဒါ့ကြောင့် စိတ်ကို ပေါက်လွှတ်ပဲစား ပစ်ထားရင် သွားနေကျစားကျက်တန်း
သွားပြီး သူတစ်ပါးအာရုံတွေကို အတွေ့ဖြင့်ခိုးကြောင်ခိုးဝှက် သွားစားတော့
မယ်။ အာရုံတစ်ချက်မှားလျှင် ကိလေသာဓားတစ်ချက် အခုတ်ခံရတော့မှာ
သေချာတယ်။ ကိလေသာ ဓားတစ်ချက်ထိမိလျှင် စိတ်ဒဏ်ရာရမှာကလည်း
မလွဲဘူး။ ရာဂစိတ်ကြောင့် ဖြစ်တဲ့ဒဏ်ရာ အဲဒီရာဂဆေး၊ ကာမဆေး ကျွေးမှ
ပျောက်ကင်းသက်သာတတ်တယ်။

☆ မာန၊ ဒေါသ၊ မောဟ စတဲ့ ဒဏ်ရာတွေမှာလည်း သူ့ဆေးနဲ့သူမှ ပျောက်
ကင်းတတ်တာမျိုးချည်းပဲ။ အနာထကြွတိုင်း လူမမာညည်းတွားရသလို ကိလေ
သာထကြွတိုင်း စိတ်ကစားနေလျှင် လူကြီးကိုယ်နဲ့ ကလေးစိတ်ဖြစ်နေတော့
‘လူကြီးမင်း’ဖြစ်မလာနိုင်တော့ဘူး။

☆ ဒါ့ကြောင့် အရွယ်နဲ့လိုက်ဖက်တဲ့ စိတ်သဘောထားကြီးမြင့်မှုမျိုး ရောက်
အောင် စိတ်ကစားမှုကို ထိန်းကျောင်းပေးနိုင်မယ့် ကျင့်စဉ်တစ်ခု ကို လက်စွဲ
ထားဖို့ လိုအပ်လာပါပြီ။ ဘယ်ကျင့်စဉ်ကျင့်ကျင့် သတိမလွတ်ဖို့သာအဓိက။
စိတ်ဆိုတာ ငယ်ပေါင်းကိလေသာနဲ့ သံယောဇဉ်ပြတ်ဖို့ အခက်သား။

☆ ကိလေသာဆိုတာကလည်း အမြှူ အခွာက ပါးနပ်သား။ မယားလိုချင်တုန်း
က မယားနဲ့ပြပြီး လိုချင်တာ ခံစားခဲ့ကြသလို တရားလိုချင်ပြန်တော့လည်း
ကိလေသာက လိုချင်တာလေးပြပြီး သတိလွတ်အောင် လုပ်ဆောင်တတ်ရဲ့။

☆ သတိတစ်ချက် လွတ်ရင် စိတ်နဲ့ အကြိုက်ပေါင်းမိသွားပြီး ရှုကွက်ထဲ အာ
ရုံကောင်းလေးများ မိနေရင် ကြိုက်စိတ် ပေါ်လာတတ်တယ်။ သတိတစ်ချက်
လျော့လို့ စိတ်နဲ့မကြိုက်ပေါင်းမိသွားပြန်ရင်လည်း မကြိုက်စိတ် ထလာပြီး ရှု
ကွက်ထဲက အာရုံဆိုး ပေါ်လာတာနဲ့ မကျေချမ်းချင်တော့ဘူး။ သတိတစ်ချက်
မှေးလို့ အာရုံရေးရေးပေါ်နေပြန်ရင်လည်း စိတ်နဲ့မသိပြန်လည်ပေါင်းမိကြပြီး
မသိစိတ် ဖြစ်သွားပြန်ကရော။

☆ ဒါမှမဟုတ်ရင်လည်း စိတ်နဲ့အကြိုက်ပေါင်းပြီး စိတ်ကြိုက်အာရုံဟောင်းတွေ
ဆီပြန်သွား၊ ကောင်းနိုးရာရာ အဟောင်းအဆွေးများကို နွှေးပြီး စားမြုံ့ပြန်နေ
တတ်တယ်။ မကြိုက်စိတ်ကလည်း မကျေနပ်တာပြန်အာရုံပြု ပြီး ရင်ထုလား
ထုနေရဲ့။

☆ သတိပါသော်မှ ပြတ်တောင်းပြတ်တောင်းဖြစ်နေရင် ကိလေသာကြားဝင်
ပြီး စိတ်ကစားမှုတွေ တစ်သီတစ်တန်းကြီး ပေါ်နေတတ်လေရဲ့။ ဒါ့ကြောင့်
ဘယ်ကျင့်စဉ်နဲ့ကျင့်ကျင့် သတိမလွတ်ဖို့ဟာ စိတ်ကစားမှုကိုထိန်းကျောင်း
ခြင်းရဲ့ သော့ချက်လို့မှတ်ပါလေ…လို့ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးက အ
ထူးသတိပေးထားပါတယ်။

☆ သည်လိုသာ သတိရဲ့မပြတ်ရှုမှတ်မှုနဲ့ စေ့စပ်မှု၊ စူးစိုက်မှု နှစ်ဖက်ညှပ်ပြီး
စိတ်ရိုင်းကို ကျုံးသွင်းလိုက်ရင် စိတ်ရိုင်းဟာ ယဉ်လာမယ်။ ပြေးနေတဲ့စိတ်
ငြိမ်လာမယ်။ စိတ်မှာကြိုက် မကြိုက် မသိဆိုတာတွေ မကပ်သာတော့ဘူး၊ မ
ကောင်းမှုတွေအားလုံးထွက်ပြေးသွားကြတဲ့အချိန် ကိုယ်စိတ်ငြိမ်သက်မှုထဲမှာ
သိရာကို အဖြေရှာကြည့်၊ အရှိကို အမှန်အတိုင်း သိလာမယ်လို့ ဆရာတော်
ဘုရားကြီးက အာမခံချက် ပေးတော်မူပါတယ်။

☆ ဒါကြောင့် တရားအမှတ် မျက်ခြည်မပြတ်ခြင်းဟာ မင်္ဂလာရဲ့ ထက်သန်
အားကောင်းတဲ့ ခြေလှမ်းဖြစ်ကြောင်း ကောင်းစွာဆင်ခြင်ခွင့် ရကြပါလေပြီ။

☆Buddhavasa Tiloka☆

Ref: https://www.facebook.com/permalink.php?story_fbid=943733442413153&id=355156207937549&substory_index=0

လူစိတ် မွေးမြူနည်းများ – မဟာဗောဓိမြိုင်ဆရာတော်

12321106_957669501019547_6841241769280671597_n

✦ လူစိတ်သည် တိရစ္ဆာန်သုံး မသိကြိုက် မုန်းလုံးလုံးမရှိ ရပါ။
လူစိတ်သက်သက်ကား
ကိုယ့်အောက်နိမ့်နေ ကရုဏာ
ကိုယ့်ထက်မြင့်နေ မုဒိတာ
တန်းတူဖြစ်နေ မေတ္တာ
စိတ်အေး-ထပ်နေ ဥပက္ခော
အမြတ်ရ နေထိုင်နည်းဖြစ်သော ထိုလေးမျိုးမျှသာ။

✦ ထိုသို့ဖြစ်ရန်မှာ

(က) လူနှင့် တိရစ္ဆာန်တို့၏ ဉာဉ်အကြား သီလဖြင့် စည်းကာ ထားရပါသည်။
– တိရစ္ဆာန်ကား ကိုယ့်ဖို့သာသိ ကိုယ်တွက်ဖြည့်စမြဲ။
– လူမှန်လျှင် နှစ်ဖို့ညှိ နှစ်ဖက်စလုံးအတွက် သိစမြဲ။

တဖန်

(ခ) လူနှင့်တိရစ္ဆာန်တို့ စရိုက်ကြား ဒါနစည်းဖြင့် ကာခြား ထားရပါသည်။
– တိရစ္ဆာန်ကား ကိုယ်ဖို့လောက်သာ လုပ်စမြဲ။
– လူမှန်လျှင် တစ်ကိုယ်ကောင်းမထား။

✦ ထိုသို့ဖြစ်လာရန်မှာ • •

ကိုယ်ချင်းစာ မေတ္တာထား အားကောင်းမှသာ ဖြစ်ပါမည်။

ယင်း ကိုယ်ချင်းစာမေတ္တာထား အားကောင်းရန်ကား စိတ်နှင့် တစ်ဖက်အာရုံ
အတွေ့ မတွေးသာ၊ အာရုံနောက် လိုက်မပြေးသာရန် သရဏဂုံဖြင့် မံပေး
ထားမှသာ။

✦ ယင်း မံထားသော သရဏဂုံ မပြတ်မလပ် ထုံကူးနေရန်ကိုကား
နွားကျောင်းသားကို ဒုတ်ကဲ့သို့သော အပ္ပမာဓ သတိမျိုး ကြီးစိုးနေမှသာ

– ထိုသတိ ဒါနပွဲဝင်မိလည်း ရှိနေရပါသည်သာ
– ထိုသတိ သီလပွဲဝင်မိလည်း ရှိနေရပါသည်သာ
– ထိုသတိ ပြင်ပကိစ္စ ကြံပြောပြုမိလည်း ရှိနေရသည်သာ
– ထိုသတိ အလုပ်ကင်းစဲ အများနှင့်နေလျှင်လဲ စိတ်နှင့်တွဲပေးထားရသည်
သာ
– ထိုသတိ အလုပ်ကင်းစဲ တစ်ယောက်ထဲမှာလဲ စိတ်နှင့်တွဲနေစေရသည်သာ

✦ ကုန်ကုန်ပြောရလျှင် အိပ်သော်မှ သတိလက်မချ အိပ်စက်ရပါမည်။

✦ တိရစ္ဆာန်မျိုးစုံက အမှတ်မဲ့ဖြစ်ခဲ့သောစိတ် လူဖြစ်မှ သတိနှင့် တွဲသိပ်ပေး
နေရခြင်းတည်း။

✦ ဤသို့သာ အမှတ်မှ အမှတ်မပြတ်အောင် မှတ်ပေးနေ နိုင်ပါသော်

တိရစ္ဆာန်သုံး

၁။ ငါလိုချင်သည်
၂။ ငါပစ္စည်းဖြစ်အောင် ကြိုးစားမည်
၃။ ငါ ပိုင်သိမ်းပိုက်ထားလိုက်မည်။

ထို တဏှာ မာန ဒိဋ္ဌိများ လူ့စိတ်အနီးအပါးသို့ သီမလာနိုင်ပါ။

✦ တဖန် ဤ တိရစ္ဆာန်စိတ်များမှ ပွားထွက်လာကြသော

၁။ ဒင်းတော့ ငါဘယ်တော့မှ မကျေချမ်း
၂။ ဒင်း ငါ့အဆင့်မျိုး တိုးခွင့်မပေး
၃။ ဒင်း တစ်နေ့နေ့ ငါ့အောက် ခွေးကျ ကျရမည်
၎။ ဒင်းထံ အပြန်အလှန်မထားမိခဲ့သည်မှာ ငါ့အမှား

ထို၌ ဒေါသအုပ်စုများလည်း ပြုံမတိုးရဲကြတော့ပါ။

✦ တဖန်လည်း ဤ ချစ်မုန်းစုမှ လုတက်လာကြသော
အကြိုက်တွေ့ ဘာဖြစ်ဖြစ်၊ နောင်အရေး နောင်အတိုင်း ဖြစ်လိမ့်မည်။
အမုန်းတွေ့လည်း ဘာဖြစ်ဖြစ် နောင်ကိစ္စ နောင်မှ ကြည့်ရှောင်မည်။

ထို မျက်နှာဖုံး နှစ်ဖုံးလည်း ကုန်းဝင်မလာရဲပါ။

✦ ဤနှစ်ဖုံးကမှ ကုန်းဝင်မလာသော် ရှက်ရကောင်းမှန်းလည်းမသိ၊
ကြောက်ရကောင်းမှန်းလည်းမသိ။ ထို မသိနှစ်ပါးလည်း မလားသာပါ။

✦ သည့်အတူ
ပူပျံ့ ငေးပျံ့ စိတ်လန့်သမျှ စိတ်ကူးသိမ်းများ ပြန့်ခြင်းများလည်း မလာသာပါ။

✦ သည့်အတူ
လက်ရှိအာရုံ အကုန်မမိ၊ ခုန်လိုက် ရပ်လိုက် အသိမျိုးလည်း တိုးဝင်မလာသာ
ပါ။

သတိကလည်း ပေးနေသော လူသွေးစစ်စစ်ဖြစ်ရေးများတည်း။

✦ ဤအရိုင်းစိတ်များ မဝင်သာချိန် –
✦ ဘဝင်အေးသဖြင့် နှလုံးသွေးပါ အေးလာချိန် –

ထိုအချိန်တွင် ဤတရား မြင်လာစေပါသည်။

– ငါကြိုက်တာနှင့် သူ့သိမ်းပိုက်သည်၊ မတရား
– ငါမုန်းတာနှင့် သူ့တိုက်ခိုက်သည်၊ မတရား
– ငါမသိတာနှင့် သူ့သွား သိမ်းပိုက်တိုက်ခိုက်သည်၊ မတရား

ဤလူ့အသိတရားများ လူ့သွေးထဲမှပင် ပေါက်ပွားလာပါသည်။
ထိုလူသွေးများ အတိတ်ကောင်းမှု ပြုကတည်းကပါပြီး သားပင်။

✦ ထို့နောက် ဆက်လက်ဆင်ခြင်မိလာ၏။

– ငါ့ သည်လိုလုပ် ငါကြိုက်မလား၊ မကြိုက်၊ ငါမှ မကြိုက် သူမကြိုက်ပေဘူးပေါ့
– ငါ့ သည် ပြော၊ ငါ ခံနိုင်မလား၊ မခံနိုင်ပါ၊ ငါမှ မခံနိုင် သူလဲ မခံနိုင်ပေဘူး
ပေါ့
– ငါ့ သည်ကြံ ငါ သည်းခံနိုင်မလား၊ သည်းမခံနိုင်ပါ၊ ငါမှ သည်းမခံ သူလဲ
သည်းမခံပေဘူးပေါ့

ထိုအခါ သူ့မှာ မကျေနပ်စိတ် ဖြစ်လာပါမည်။

ထို မကျေနပ်စိတ်သည် ငါ့ထံ ပြန်လည်တောင်းခံရန် အကြွေးတေးထားခြင်း
ပဲ။

သည်လိုဆို သူ့အကြွေးတေး ကိုယ့်မှာ ရန်မအေးနိုင်တော့ရာ

ဤ ငါ၏အပြုအမူများကား အပြစ်ရှိများချည်းသာ။

✦ တဖန်လည်း

သူ့ထံမှ သိမ်းပိုက် တိုက်ခိုက်၍ ရယူထားသော ပစ္စည်းများကလည်း

သုံးတိုင်းကုန် ကုန်တိုင်းပျက်ဘာမှ အဖတ်မတင်ရစ်ခဲ့ပါကလား • •

သူပိုင် ငါပိုင်လုပ်၍ ထုတ်ယူသုံးစား ခံစားခွင့်ရများကလည်း

စားရင်းကုန် ကုန်ရင်းသွား ငါ့စား ဘာမှမကျန်ရစ်ခဲ့ပါကလား • • ။

✦ သို့ကြောင့်

ဤ ငါ၏ ခံစားခြင်းများကလည်း အကျိုးမဲ့မျှသာတည်း။

ဤသို့ သွေးအေး၊ သွေးမှန်ကြောင့် လူစိတ်များ ကိုယ့်ဆီ ပြန်လာချိန်မှာ
တိရစ္ဆာန်ဉာဉ်စရိုက်ဆိုးများ သတိစည်းရိုး ချိုးမဝင်ရဲတော့ရာ

• အကြိုက်က သွေးထိုးလည်း လူစိတ်မညှိုး ပိုးစိုးပက်စက်အထိ ရှေ့မတိုး။
• အမုန်းက သွေးထိုးလည်း လူစိတ်မညှိုး ပိုးစိုးပက်စက် အပြစ်မဆိုး။

ထိုအခါ ထိုလူစိတ်

• သူ့ကိုယ်နှင့်ကိုယ့်ကိုယ် တစ်ကိုယ်ချင်းစာနာထောက်ထားခြင်း ကိုယ်ချင်းစာ
တရား(ကောင်းမှုပြုတုန်းကအတိုင်း) ပေါက်ပွားလာတော့သည်။

• ထို့နောက် သူ့ဘဝနှင့်ကိုယ့်ဘဝ ကောင်းမှုပြုခဲ့တုန်းက အတိုင်း တန်းတူအ
ဖြစ် မျှတထားလိုက်သည်-

• ကိုယ်ချင်းစာမဝင် မေတ္တာမယှဉ်နိုင်သည်ကို စိတ်ကူးဖြင့်ပင် တွေးကြည့်ပါ။

• လူစိတ်မဝင် ကိုယ်ချင်းစာ မယှဉ်လာသည်ကိုလည်း စိတ်ကူးဖြင့်ပင်တွေး
ကြည့်ပါ။

ဤစိတ်မျိုး မြန်မာတို့၏ မြန်မာ၌ မရှားသေးပါ။ ထိုစဉ်

– ဖြူ စင်ပြီးသော အရှင်များ၌ အတိုင်းသား တွေ့နိုင်ကြပါသေးသည်။
– ဖြူ စင်နေသော အရှင်များ၌လည်း အတိုင်းသားရှိနေ ကြပါသေးသည်။
– ဖြူစင်နေသော လူများ၌လည်း အတိုင်းသားပင် မြင်နေ ရပါသေးသည်။

မြန်မာသည် လူစိတ်ဖြင့်နေသော မြန်မာတည်း။

• သွေးအေးနှင့်သွေးပူ လူနှင့်တိရစ္ဆာန်တို့ မူကွဲရာ၏ အကြောင်းရင်း • •

• စိတ်ဖြူနှင့်စိတ်ပူ လူနှင့်တိရစ္ဆာန်သွေး မွေးမြူ ရာ၏ အကြောင်းရင်း • •

ထိုသွေးပူနှင့် စိတ်ပူမှ စိတ်ဖြူ သွေးအေးဖြစ်လာလိုသော် အမှတ်မဲ့ထားသော
စိတ်သတိဖြင့် တွဲချိတ်၍ ပင်ကိုယ်စိတ်ဖြစ်လာသည်အထိ ထိန်းကျောင်းပေးပါ
လေ။

Ref: https://www.facebook.com/permalink.php?story_fbid=957669501019547&id=355156207937549&substory_index=0

မသိတာကအဝိဇ္ဇာ – စွန်းလွန်းဆရာတော် ဦးကဝိ

sun-lun.jpg

ဒါယကာကြီး ဒါယကာမကြီးတို့ – – – မချမ်းသာချင်ကြဘူးလား၊

အဲသည်လိုမေးတော့ မှန်လှပါအဘုရား ချမ်းသာချင်ပါတယ်ဘုရား၊

အေး-ချမ်းသာချင်ရင် မိမိကိုယ်ကိုလဲ မချစ်နဲ့၊ သူတပါးကိုလဲ မချစ်နဲ့၊ ချစ်ရင်

ဒုက္ခရောက်တတ်တယ်၊

ချစ်ခြင်းသမုဒယဟာ ဒုက္ခကိုသာ အကျိုးပေးတယ်။

အရှင်ဘုရားက မချစ်နဲ့ဆိုပေမဲ့ ချစ်သေးတာပေါ့ဘုရား၊ အဲ-ချစ်တာ မသိလို့

ချစ်တာ၊ သိရင်မချစ်ဘူး။

အဲဒါကြောင့် မသိလို့ လိုချင်၊ လိုချင်လို့ စွဲလမ်း၊ စွဲလမ်းတော့ ပြုလုပ်၊ ပြုလုပ်တော့

ရရှိ၊ ရရှိတော့ ခံရ ခံကြပေတော့ဟု အားပေးလိုက်ရမှာပေါ့။

မသိတာက အဝိဇ္ဖာ လိုချင်တာက တဏှာ အဝိဇ္ဖာနှင့်တဏှာ နှစ်ပင်ပူးလို့

အကြောင်းပြုလိုက်တော့ ဇာတိတရားကြီး ရတာပေါ့၊ အဲ-ဇာတိတရား

ဝဋ်ကောင်ကြီးရမှဖြင့် ခံရလိမ့်မယ်၊ မညဉ်းကြနဲ့၊ အဲ-သိတော့ မလိုချင်၊

မလိုချင်တော့ မပြုလုပ်၊ မပြုလုပ်တော့ မရ၊ မရတော့ ငြိမ်းတာပေါ့။

☆(စွန်းလွန်းဆရာတော် ဦးကဝိ၊ မြင်းခြံ)☆
☆Buddhavasa Tiloka☆

Ref: https://www.facebook.com/Buddhavasa-Tiloka-355156207937549/?fref=nf

Previous Older Entries