ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့စီမံပုံ – အရှင်ဇနကာဘိဝံသ

image

ဤရုပ်ခန္ဓာကြီးကို ကံက စီမံပုံ၊ စိတ်က
စီမံပုံ၊ ဥတုက စီမံပုံ၊ အာဟာရက စီမံပုံ
ကိုလည်း အသီးသီးခွဲခြားပြပါ။

အကြောင်း ၄ပါးတို့ ပြုပြင်နေပုံ
ဤနေရာဝယ် ဓာတ်ကြီးလေးပါးတို့
စုပေါင်းနေပုံနှင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့်
ရုပ်တို့ ဖြစ်ရကြောင်းကို ထင်ရှားစေရန် ထပ်ရှင်း
ပါဦးမည်။ ရှေးဦးစွာ မြေကြီးဖြင့် ပြုလုပ်အပ်သော
လူရုပ်ကလေးကို စဉ်းစားကြစို့။ မြေမှုန့်တွေချည်း
သက်သက် လူရုပ်ဖြစ်နိုင်မလား။ မဖြစ်နိုင်။
မြေမှုန့်ချည်းသက်သက်ထားလျှင် လေတိုက်
သဖြင့် လွင့်သွားလိမ့်မည်။ သို့ဖြစ်၍ လွင့်မသွား
နိုင်အောင် ရေဆွတ်ပေးရလိမ့်မည်။
မြေနှင့်ရေ ပေါင်းမိရုံဖြင့်လည်း လူရုပ်
ဖြစ်ဖို့ မဆိုထားဘိ စည်းစည်းလုံးလုံးပင် မဖြစ်နိုင်
သေး။ ထို့ကြောင့် စည်းလုံးမိအောင် စုပေးရဦးမည်။
ထိုမျှဖြင့်လည်း လူရုပ်မဖြစ်နိုင်သေး။ ရေဆွတ်ထား
သဖြင့် စိုစွတ်နေသောရွှံ့ကို အရုပ်လုပ်ဖြစ်ရုံ
ခပ်ထန့်ထန့်ဖြစ်အောင် နေလှန်းပေးရဦးမည်။
ထိုသို့ မြေဓာတ် ရေဓာတ် လုံးထွေးမိအောင် ပြုပေး
သော လေဓာတ်၊ အပူ(မီး)ဓာတ်တို့ဖြင့် သင့်တင့်ရုံ
ညီမျှနေသော ရွှံ့ကိုမှ အရုပ်ပြုလုပ်တတ်သူက
အရုပ်လုပ်ပေးသောကြောင့် လူရုပ်ကလေး
ဖြစ်လာရလေသည်။ ဤကား ဥပမာသဘောအားဖြင့်
ပြောပြခြင်းသာတည်း။

ကံစီမံပုံ
ထို့အတူ ပထဝီဓာတ်ချည်းသက်သက်
ခန္ဓာကိုယ်မဖြစ်နိုင်။ ပထဝီဓာတ် လွင့်မသွားအောင်
အာပေါဓာတ်က စိမ့်စိုလျက်ရှိရ၏။ စိုထိုင်းထိုင်းမရှိ
ရအောင် တေဇောဓာတ်က အငွေ့ပေးလျက်ရှိရ၏။
တစ်ဖွ့စီတစ်ဖွဲ့စီ (တစ်ကလာပ်စီ) တွဲမိအောင်
ဝါယောဓာတ်က တွန်းထိုး ဖိညပ်လျက်ရှိရ၏။
ထိုဓာတ်ကြီး ၄ခု အစုအဖွဲ့၌ မကင်းစကောင်းသော
ဝဏ္ဏ ဂန္ဓ ရသ သြဇာတို့ ပါရှိကြ၏။ ထိုသို့ ရုပ်ကလာပ်
များစွာတို့ ပူးပေါင်းမိသောအခါ (တော်စွာလျော်စွာ
မပူးပေါင်းဘဲ) ရှေးကလူရုပ်ဖြစ်သော လုပ်နိုင်သော
ကံစီမံချက်အတိုင်း “လူ့ကိုယ်ကောင်” ဖြစ်အောင်
ပူးတွဲမိကြလေသည်။
ထိုကဲ့သို့ ကံကစီမံရာ၌ ကံပြုစဉ်က
စိတ်အနေအထားလိုက်၍ ယောက်ျားသဏ္ဍာန်၊
မိန်းမသဏ္ဍာန်ဖြစ်အောင်လည်း စီမံရ၏။
အကုသိုလ်ကံအလိုက် ငရဲသဏ္ဍာန်၊ ပြိတ္တာသဏ္ဍာန်
များကိုလည်းစီမံရ၏။ ကုသိုလ်ကံ
ကောင်းမကောင်းကိုလိုက်၍ လှပသောသဏ္ဍာန်၊
မလှပသောသဏ္ဍာန်များကိုလည်း စီမံရ၏။
အကုသိုလ်ကံကြောင့် တိရစ္ဆာန်သဏ္ဍာန်ကို
ရသော်လည်း ရှေးကုသိုလ်ကံများက အခွင့်သာ
လာလျှင် တိရစ္ဆာန်လှလှကလေးဖြစ်အောင်၊
ကျွေးချင် မွေးချင်စရာ ကောင်းအောင်
စီမံပြန်၏။ ကုသိုလ်ကံကြောင့် လူဖြစ်သော်လည်း
အကုသိုလ်ကံက မလှမပဖြစ်အောင်၊
သူတစ်ပါးရွံမုန်းအောင်၊ ပေးကမ်းချင်သူနည်း
အောင် စီမံဖန်တီးပြန်၏။ ဤသို့လျှင်
ကံတရားသည် မိမိစွမ်းအားရှိသလောက်
ဤခန္ဓာကိုယ် (ရုပ်)တရားကြီးကို ပဋိသန္ဓေ
တည်စ အမိဝမ်းတွင်းကစ၍ စီမံဖန်တီးထား
လေသည်။ (ဤကံကြောင့်ဖြစ်သော ရုပ်ကို
“ကမ္မဇရုပ်” ဟုခေါ်၏။။

စိတ်ကပြုပြင်ပုံ
ကံစီမံထားသော ထိုရုပ်ကြီးကို
စိတ်ကလည်း ထပ်မံ၍ပြုပြင်ပြန်၏။ စိတ်၏
အလိုအတိုင်း ထိုင်ရ၊ အိပ်ရ၊ ရပ်ရ၊ သွားရ၏။
သွားလိုသောစိတ် ဖြစ်သောအခါ စိတ္တဇရုပ်တို့
သည် တစ်ကိုယ်လုံးပျံ့နှံ့လျက်ဖြစ်၏။
ထိုစိတ္တဇရုပ်များ၌ ဝါယောဓာတ်သည် ခါတိုင်း
ထက် သတ္တိကောင်း၏။ ထိုဝါယောဓာတ်အစွမ်း
ကြောင့် တစ်ကိုယ်လုံး လှုပ်လှုပ်ရွရွဖြစ်၏။
ဝါယောဓာတ်လွန်ကဲသော ရုပ်ကလာပ်တွေ
များသည်ထက် များလာသောအခါ ရွေ့ကာ
ရွေ့ကာဖြစ်ရာ၌ (ရွေ့ချင်တိုင်း မရွေ့ဘဲ
စိတ်အလိုကျအောင်) ရွေ့ကြရလေသည်။
ဤနေရာ၌ “ရွေ့ကာရွေ့ကာဖြစ်ခြင်း”
ဟူသောစကားကို ထပ်၍ ထင်ရှားစေဦးအံ့-
ယခုကာလ ရုပ်ရှင်ရိုက်ကူးရာ၌ လူတစ်ယောက်၏
ခြေလှမ်း၍ သွားနေပုံထင်ရှားအောင် ကားငယ်ကလေး
ပေါင်းများစွာ ရိုက်ကူးရ၏။ ပထမကား၌ ရပ်နေပုံသာ
ပါသေး၏။ ဒုတိယ တတိယစသော ကားများ၌လည်း
ထူးခြားခြင်း မရှိလှသေး၏။ ကားပေါင်းအတော်များမှ
ခြေကြွသလိုပေါ်လာ၏။ ထို့နောက်လည်းကားပေါင်း
အတော်များမှ ခြေကိုမြှောက်သလို ပေါ်လာ၏။
ဤသို့ သွားနေပုံပေါ်လာအောင် ကားပေါင်းများစွာ
ဆက်ရလေသည်။ ထိုကားပုံကလေးများလည်း
တကယ့်လူ၏ အနေအထားကို အဆက်ဆက်
ထင်ရှားစေသော ပုံကလေးများတည်း။
ထို့ကြောင့် “လူသွားသည်”ဟုဆိုရာ၌
သွားလိုသောစိတ်ကြောင့် ပထမဖြစ်သော
ုရုပ်များမသွားသေး။ မတ်တတ်ရပ်လျက် ရှိသေး၏။
သို့သော် ပထမရုပ်ကလာပ်၌ ပါဝင်သော ဝါယောဓာတ်
အစွမ်းကြောင့် မငြိမ်မသက်သော အမူအရာဖြစ်လာ၏။
ထို့ကြောင့် ဒုတိယရုပ်စုသည် ပထမရုပ်စု၏ နေရာ၌
ထပ်၍မဖြစ်ဘဲ ထိုနေရာနှင့် ဆက်ကပ်နေသော
ဒုတိယနေရာ၌ ဖြစ်၏။ ဤသို့လျှင် နောက်နောက်ဖြစ်
ရသော ရုပ်ကလာပ်စုက နေရာရွေ့၍ရွေ့၍ ဖြစ်နေရာ
ဝယ် (မျက်စိတစ်မှိတ်ခန့်အတွင်း၌ ကုဋေတစ်သိန်းမက
အထပ်ထပ်ဖြစ်သောကြောင့်) မျက်စိတစ်မှိတ်ခန့်
အချိန်အတွင်းမှာပင် သွားလာနေသော ပုံသဏ္ဍာန်
ထင်ပေါ်လာလေသည်။
ထို့ပြင် “စိတ်ပျိုတော့ကိုယ်နု” ဆိုသည့်အတိုင်း
စိတ်ချမ်းသာသောသူ၌ ကြည်လင်သော စိတ္တဇရုပ်များဖြစ်၍
ချစ်ချစ်ခင်ခင် စကားပြောနေသောအခါဝယ် မျက်နှာများ
ကြည်လင်၏။ ထိုက်တန်သမျှကျန်းမာအောင် ကြည်လင်သော
စိတ်က စွမ်းဆောင်နိုင်၏။ “စိတ်ထောင်းတော့ကိုယ်ကြေ”
ဟုပြောရိုးရှိသည့်အတိုင်း စိတ်မချမ်းသာလျှင် စိတ်ကြောင့်
ဖြစ်သောရုပ်များ ညှိုးနွမ်း၏။ စကာပြောမတည့်၍
စိတ်မကောင်းသောအခါ၌ ချိုနေသောမျက်နှာသည်ပင်
ချက်ချင်း ပျက်တော့၏။
အိမ်တစ်ဆောင်ကို မီးလောင်လျှင်
နီးကပ်နေသော အခြားအိမ်းများလည်း လောင်ရသကဲ့သို့
စိတ္တဇရုပ်က ညှိုးနွမ်းပူလောင်နေလျှင် ဆက်စပ်နေသော
ကမ္မဇ၊ ဥတုဇ၊ အာဟာရဇရုပ်များလည်း ပူလောင်ရတော့၏။
ထို့ကြောင့် အလွန့်လွန် စိတ်မချမ်းသာသော သူသည်
အရွယ်နှင့်မတန်အောင် အိုဆိုး၍ ထိုထက်ပူပန်လာသော
အခါ နှလုံးကွဲ၍ စုတေရလေတော့၏။ ဤသို့လျှင် ခန္ဓာကိုယ်ကို
ပဋိသန္ဓေကစ၍ စိတ်ကလည်း ပြုပြင်လျက်ရှိလေသည်။

ဥတုက ပြုပြင်ပုံ
ဥတုကလည်း ရုပ်ကိုပြုပြင်နိုင်၏။ သာယာသော
ဥတု၌ နေထိုင်လျှင် ရုပ်ကြည်လင်၏။ ကျန်းမာဝဖြိုး၏။
သန့်ရှင်းသောအိပ်ရာ နေရာ အဝတ်များကို ဝတ်လေ့ရှိသူ၌
ထိုအဝတ်များတွေ့ထိသော ဥတုကြောင့် သန့်ရှင်းသော
ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာ၏။ ထို့ကြောင့်
အမြဲသန့်ရှင်းနေသော အဝတ် အိပ်ရာ နေရာများကို
သုံးစွဲခြင်းသည် ကျန်းမာဖို့အကြောင့် နည်းကောင်းအစစ်
ပင်တည်း။ မသန့်ရှင်းသော အဝတ် အိပ်ရာ နေရာများကို
သုံးစွဲသူ၌ကား ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာရေး
ဆုတ်ယုတ်ပျက်ပြား၏။ တော တောင် သစ်ပင်တို့သည်
မိုးကျသောအခါ၌ ဥတုကောင်းနှင့်တွေ့ရ၍ တိုးတက်ပြန့်ပွား
စည်းကားကြ၏။ နွေဥတုကျသောအခါ မကောင်းသော
ဥတုနှင့်တွေ့၍ ညှိုးနွမ်းခြောက်သွေ့ကြရလေသည်။
ဤသို့လျှင် ဥတုကလည်း ခန္ဓာကိုယ်ကို အမိဝမ်းတွင်း
အောင်းနေစဉ်ကပင် ပြုပြင်နေရကား ဥတုအလိုက်
သစ်ပင်တောတောင်တို့ ပြောင်းလွဲပုံကို ကြည့်၍
မိမိကိုယ်၌လည်း ဥတုကောင်းမကောင်းလိုက်၍
ဥတုဇရုပ်များပြောင်းရပုံကို သတိပြုပါကုန်။

အာဟာရက ပြုပြင်ပုံ
စားသမျှအစာ၌ (သောက်ရေ၌ပင်) ပါရှိသော
သြဇာသည် ရုပ်ကိုဖြစ်စေနိုင်၏။ မိမိနှင့်သင့်သော
အစားအသောက်နှင့် ဆေးများသာ စားသောက်သုံးစွဲလျှင်
ကောင်းသောရုပ်များ တိုးပွား၍ ဝဖြိုးကြည်လင်
စည်ပင်ကျန်းမာ၏။ မသင့်တော်သော အစားအသောက်နှင့်
ဆေးများကို သုံးစွဲစားသောက်မိလျှင် မကောင်းသော
ရုပ်များတိုးပွား၍ ညှိုးနွမ်းသွေ့ခြောက် ရောဂါရောက်ရသည်မှာ
မျက်မြင်ပင်ဖြစ်သကဲ့သို့ သင့်တော်သော အစားအသောက်နှင့်
ဆေးများကို သုံးစွဲစားသောက်လေ့ရှိသူတို့ အသက်ရှည်ကြ၊
အနာကင်းကြသည်မှာလည်း မျက်မြင်ပင်ဖြစ်သည်။
အမိဝမ်းတွင်း သန္ဓေတည်နေစဉ်မှာလည်း
ကိုယ်ခန္ဓာကလေး ထင်ရှားသည်မှစ၍ အမိစားသမျှအစာသည်
သူငယ်၏ ကိုယ်အတွင်းသို့ စိမ့်ဝင်၏။ ထိုအခါ ကလေး၏
ကိုယ်၌ အာဟာရကြောင့်ရုပ်များ တိုးပွားကြ၏။
ထို့ကြောင့် မိမိကလေး၏ ကျန်းမာရေးကို လိုလားသော
မိခင်တိုင်းပင် ကိုယ်ဝန်ရှိသည်ကစ၍ ကလေးနှင့်
မသင့်တော်သော အစာအာဟာရများကို အထူးရှောင်ကြဉ်
ကြရသည်။ အမိသည် အကြင်အစားအသောက်ကို
စားသောက်၏။ ထိုအစားအသောက်ဖြင့် အမိဝမ်း၌
တည်နေသော ကိုယ်ဝန်သူငယ်သည် မျှတရရှာ၏။
အမိစားသောအစာသည် ချက်ကြိုးမှစိမ့်၍ ကလေး
ကိုယ်၌ ပျံ့နှံ့၏ဟု ကျမ်းစာတို့၌ဆို၏။ ယခုအခါကား
ကျန်းမာရေးကို အတောနားလည်သော ဆရာတို့ညွှန်
ကြားချက်ဖြင့် သန္ဓေရှိသည်ကစ၍ မိခင်သည်
အားရှိသောအစာကို စားရ၏ ကြမ်းကြမ်းတမ်းတမ်း
သွားလာမှုကို သတိပြုရ၏။ မကြာမကြာ ကိုယ်ဝန်ကို
ဆိုင်ရာဆရာ့ထံ ပြရ၏။ အအိပ်အစား မှန်စေရ၏။
မိမိကိုယ်တိုင်က ရောဂါကင်း၍ ထိုကဲ့သို့ ဂရုစိုက်ခြင်း
ရှိပါမူ ကျန်းမာသော သားသမီးတို့က များပေလိမ့်မည်။
ထို့ကြောင့် မိခင်ကိုယ်တိုင်ကလည်း ကလေး၏
အာဟာရကို ကိုယ်ဝန်ရှိစဉ်ကစ၍ ပြုပြင်ပေးကြပါကုန်။

Ref: http://tunkyaw92.blogspot.sg/2012/10/blog-post_7301.html?m=1