စွန်းလွန်းဆရာတော်ဘုရားကြီးမှ ဦးနု အတွက် ပဌာန်းတရားတော်
ဆရာတော်ကြီး ။ ။ တကာကြီး ရန်ကုန်မြို့မှာ နေစဉ်အခါက မြင်းခြံ ဂူကျောင်း ဘုန်းတော်ကြီး ဦးက၀ိ ရှိတယ်လို့ မကြားဘူးလား။
ဗောဓိပက္ခိယတရား (၃၇) ပါး
Dhammapada_298
မဂ်ဉာဏ်၏ အသင်းအပင်းတွင်ပါဝင်သော တရားစု (ဝါ) မဂ်ဉာဏ်ဘက်၌ပါဝင်၍ မဂ်ဉာဏ်၏အကျိုးကို သယ်ပိုး ဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်သည်။ (ဗောဓိ-မဂ်ဉာဏ်၊ ပက္ခိယ-အဖို့အစု)
(က) သတိပဋ္ဌာန် (၄)ပါး
(ခ) သမ္မပ္ပဓာန် (၄)ပါး
(ဂ) ဣဒ္ဓိပါဒ် (၄)ပါး
(ဃ) ဣနြေ္ဒ (၅)ပါး
(င) ဗိုလ် (၅)ပါး
(စ) ဗောဇ္ဈင် (၇)ပါး
(ဆ) မဂ္ဂင် (၈)ပါး
(က) သတိပဋ္ဌာန် (၄)ပါး
သတိပဋ္ဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာ တည်သော သတိဟု အဓိပ္ပာယ်ရရှိပါသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိ စေတသိက်ကို ဆိုလိုပါသည်။ တရားကိုယ်အားဖြင့် သတိစေတသိက် (၁)ပါးတည်းဖြစ်သော်လည်း အာရုံ ၄-မျိုး၊ ယူပုံအခြင်းအရာ ၄-မျိုး၊ ပယ်ခွါခြင်း ကိစ္စ ၄-မျိုး ပြားခြင်းကြောင့် သတိပဋ္ဌာန် ၄-မျိုး ပြားရခြင်း ဖြစ်ပါသည်။
(၁) ကာယာနုပဿနာသတိပဋ္ဌာန်၊
(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်၊
(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်၊
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်။
(၁) ကာယာနုပဿနာသတိပဋ္ဌာန်ဟူသည် ထွက်သက် ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာ တည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ခန္ဓာကိုယ်၌ (ဝါ) ဆံပင် မွေးညင်းစသော ၃၂-ကောဋ္ဌာသ၌ အဖန်ဖန်ရှုခြင်းဖြစ်ပါသည်။ ဤသို့ အဖန်ဖန်ရှုသာအခါ အသုဘ (မတင့်တယ် ရွံရှာဖွယ် ဖြစ်သော) အခြင်းအရာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ခန္ဓာကိုယ်ကို တင့်တယ်သည်ဟု မှတ်ထင် သော သုဘဝိပလ္လာသ (တင့်တယ်၏ဟု ဖောက်ပြန်စွာမြင်မှု) ကို ပယ်ရှားနိုင်ပါသည်။
(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ဝေဒနာတရားတို့ကို ခိုင်မြဲစွာတည်သော သတိ ဖြစ်သည်။ တနည်းအားဖြင့် ဝေဒနာတို့ကို ဒုက္ခအခြင်းအရာထင်လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိ ဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့ကို အဖန်ဖန် ရှုသောအခါ အဖြစ် အပျက်ဒဏ် အမြဲခံရပုံကို မြင်ရသဖြင့် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာသည်။ ဤ သတိပဋ္ဌာန် ဖြင့် ရုပ်နာမ်တို့၌ သုခဟု ထင်မှတ်သော သုခဝိပလ္လာပ (ချမ်းသာ၏ဟု ဖောက်ပြန်စွာမြင်မှု) ကို ပယ်ရှား နိုင်ပါသည်။
(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် သရာဂစိတ် ဝီတရာဂစိတ် အစရှိသော စိတ်အပြား၌ ခိုင်မြဲစွာ တည်သော သတိဖြစ်သည်။ တနည်းအားဖြင့် စိတ်ကိုအာရုံပြု၍ ဤစိတ်ကား ရာဂစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စအခြင်းအရာ ထင်လာအောင် အဖန်ဖန် ရှုတတ်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် နိစ္စပလ္လာပ (မြဲ၏ ဟုဖောက်ပြန်စွာမြင်မှု) ကို ပယ်ရှားနိုင်၏။
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်သည် နိဝရဏ စသော ဓမ္မတို့၌ ခိုင်မြဲစွာတည်သော သတိ ဖြစ်သည်။ တနည်းအားဖြင့် ရူပက္ခန္ဓာကို ကာယနုပဿနာဖြင့်၊ဝိညာဏက္ခန္ဓာကိုစိတ္တနုပဿနာဖြင့် ရှုပြီး ဖြစ်သောကြောင့် ကြွင်းသော သညာက္ခန္ဓာနှင့် သင်္ခါရက္ခန္ဓာဟူသော ဓမ္မကို အဖန်ဖန်ရှုတတ်သော သတိဖြစ်သည်။ ယင်းဓမ္မတို့ကို အနတ္တအခြင်းအရာ ထင်လာအောင် အဖန်တလဲလဲ အာရုံပြု၍ ရှုသော အခါ အရာရာကိစ္စတို့၌ ပရမတ္ထဓမ္မများသာ ရွတ်ဆောင်နေကြောင်း၊ ပရမတ္ထဓမ္မချည်းသာ ထင်ရှား ရှိကြောင်း ကို သိရ၍ စီမံနိုင်သော အတ္တ (အသက် လိပ်ပြာ ဝိညာဏ်)ကောင် မရှိဟူသော အနတ္တ အခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် အတ္တပလ္လာပ (အတ္တရှိ၏ ဟု ဖောက်ပြန် စွာမြင်မှု) ကို ပယ်ရှားနိုင်၏။
(ခ) သမ္မပ္ပဓာန် (၄)ပါး
သမ္မပ္ပဓာန်ဟူသည် ကောင်းစွာ အလွန် ရွက်ဆောင်တတ်သော တရားဟု အဓိပ္ပာယ်ရရှိပါသည်။ အရေသာ ကြွင်းပါစေ၊ အကြောသာကြွင်းပါစေ၊ အရိုးသာကြွင်းပါစေ၊ အသားအသွေး အကုန် ခမ်းခြောက် ပါစေဟူသော အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ဝီရိယဟု ဆိုလိုပါသည်။ တနည်းအားဖြင့် ကိစ္စ ၄-ပါးကိုပြီး စေနိုင်သောကြောင့် ချီးမွမ်းထိုက်သော ဝီရိယဟု အဓိပ္ပာယ်ရရှိပါသည်။
တရားကိုယ်အားဖြင့် ဝီရိယ တစ်ပါးတည်းဖြစ်သော်လည်း ကိစ္စအားဖြင့် ၄-မျိုးဖြင့်သောကြောင့် သမ္မပ္ပဓာန် (၄)ပါးပြားရပါသည်။ သမ္မပ္ပဓာန် (၄)ပါးကား အောက်ပါအတိုင်းဖြစ်သည်-
(၁) မိမိတို့သန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ အားထုတ်ခြင်း၊ အကုသိုလ် တရားကို ပြုမိသည့်အတွက် နောင်တ တဖန်ပူပန်ခြင်း ကုက္ကုစ္စဖြစ်နေလျင် အကုသိုလ်များသာ တိုးပွါးလာမည်။ ပူပန်ခြင်းကြောင့် ပြုမိသော အကုသိုလ်လည်း ပျောက်မည် မဟုတ်၊ ဤသို့ ဆင်ခြင်ပြီး ထိုအကုသိုလ်တရားကို လုံးဝဂရုမပြုဘဲ ပယ်စွန့်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုပါသည်။
(၂) မိမိတို့သန္တာန်၌ နောင်ဖြစ်လတ္တံ့ကုန်သော အကုသိုလ်တရားတို့ကို နောင်ဘဝ အဆက်ဆက် တရံတဆစ်မျှ မိမိသန္တာန်၌ မဖြစ်လာစေခြင်းငှာ အားထုတ်ခြင်း၊ မိမိတို့သန္တာန်၌ မဖြစ်ဖူးသေးသော အကုသိုလ်တရားများ မဖြစ်ပွါးလာစေခြင်းငှာ ဒါနမှု၊ သီလမှု အားထုတ်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း၊ ဝတ်ကြီးဝတ်ငယ် ပြုခြင်း၊ ပရိယတ္တိကို သင်အံပို့ချ ရေးသားဖြန့်ဖြူးခြင်းများကို အားထုတ် ပြုလုပ်နေရမည်ဟု ဆိုလိုပါသည်။
(၃) မိမိတို့သန္တာန်၌ မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ကို မိမိတို့သန္တာန်၌ ဖြစ်စေခြင်းငှာ အားထုတ်ခြင်း၊ ဒါနမှု၊ သီလမှု၊ ဘာဝနာမှု စသည်ကိုပြုလုပ်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုပါသည်။
(၄) မိမိတို့သန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော ကုသိုလ်တရားတို့ကို နိယာမအဖြစ်သို့ ရောက်စေရန် လွန်စွာကြီးပွါးစေခြင်းငှာ အားထုတ်ခြင်း၊ မိမိ ပြုပြီး ပြုဆဲဖြစ်ကုန်သော ဒါနမှု၊ သီလမှု၊ ဘာဝနာမှု စသည်တို့ကို တိုးတက်ကြီးထွားရန် အားထုတ်ခြင်းကို ဆိုလိုပါသည်။
(ဂ) ဣဒ္ဓိပါဒ် (၄)ပါး
ဣဒ္ဓိပါဒ်ဟူသည် ပြည့်စုံခြင်း ပြီးစီးခြင်း အမျိုးမျိုး၏ အခြေခံတရားဟု အဓိပ္ပာယ်ရရှိပါသည်။ ဣဒ္ဓိပါဒ် (၄)ပါးမှာ-
(၁) ဆန္ဒိဒ္ဓိပါဒ် – ဆန္ဒကြောင့် ပြီးပြည့်စုံမှု၊
(၂) ဝီရိယိဒ္ဓိပါဒ် – ဝီရိယကြောင့် ပြီးပြည့်စုံမှု၊
(၃) စိတ္တိဒ္ဓိပါဒ် – စိတ်ကြောင့် ပြီးပြည့်စုံမှု၊
(၄) ဝီမံသိဒ္ဓိပါဒ် – ပညာကြောင့် ပြီးပြည့်စုံမှု၊
(၁) ဆန္ဒိဒ္ဓိပါဒ်ဟူသည် လိုချင်မှု ရချင်မှု ပေါက်ချင်မှု ရောက်ချင်မှုတို့၌ အလွန်အကြူး အထူး ထက်သန်သော ဆန္ဒကြောင့် ပြီးပြည့်စုံလာခြင်းကို ဆိုလိုသည်။ မရလျှင် မနေနိုင်၊ မရလျှင် သေရသည် ကပင် ကောင်းသေး၏ဟု မရဘဲ နေရသည်ထက် သေခြင်းကို အမြတ်ထားနိုင်သော ဆန္ဒမျိုးဖြစ်သည်။
(၂) ဝီရိယိဒ္ဓိပါဒ်ဟူသည် အရေသာကြွင်းပါစေ၊ အကြောသာကြွင်းပါစေ၊ အရိုးသာကြွင်းပါစေ၊ အသားအသွေး အကုန် ခမ်းခြောက်ပါစေဟူသော အင်္ဂါ ၄-ပါး ရှိသည့် ဝီရိယကြောင့် ပြီးပြည့်စုံခြင်း ကို ဆိုလိုသည်။ ထိုကဲ့သို့သော ဝီရိယနှင့် ပြည့်စုံသောသူသည် ဝီရိယကို စိုက်ထုတ်နိုင်လျှင် ဧကန်ရမည် ရောက်မည် ပေါက်မည်ဟု အထင်ရှိသောကြောင့် နေ့နေ့ညည အဘယ်မျှပင် အပင်ပန်းခံရ သော်လည်း စိတ်မတွန့်၊ ရက်ပေါင်း လပေါင်း နှစ်ပေါင်း မည်မျှကြာအောင် အားထုတ်ရစေကာမူ စိတ်မတွန့်လေပြီ။
(၃) စိတ္တိဒ္ဓိပါဒ်ဟူသည် သာသနာတော်ကို တွေ့ကြုံ၍ သာသနဓမ္မကို ကြားနာရသည့် အခါမှစ၍ အလွန် အကြူး ထက်သန်ခိုင်မာသာစိတ်စွမ်းအားကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုပါသည်။ လောက၌ အတင့်အတယ် အဖွယ်အရာ ချမ်းသာစီးပွါးမှု၊ ဘုန်းတန်ခိုး လာဘ်လာဘ ကျမ်းဂန် ပရိယတ်မှုများ၌ နေရသောလည်း ထိုအမှုတို့၌ စိတ်မပါ၊ စိတ်မရှိ။ မိမိလိုလားမှု၌ ထိုထိုဤဤ ကြံစည် နေရမှသာ စိတ်ချမ်းသာခွင့်ကို ရရှိတော့သည်။
(၄) ဝီမံသိဒ္ဓိပါဒ်ဟူသည် အပါယိကဒုက္ခ ဝဋ်ဒုက္ခကြီးကျယ်ပုံကို ကောင်းစွာမြင်နိုင်သော ပညာ၊ ဣဒ္ဓိတို့၏ အကျိုးအာနိသင်ကို ကောင်းစွာ မြင်နိုင်သော ပညာ၊ ခက်ခဲနက်နဲသော တရားဓမ္မ သဘာဝ တို့၌ ပြန့်ပြူးစွာ ကျက်စားနိုင်သော ပညာကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုသည်။ ထိုပညာနှင့် ပြည့်စုံသောသူသည် လောကီတရား ချမ်းသာစီးပွါးမှုတို့၌ စိတ်အရသာကို ရှာကြံ၍ မရဘဲ နက်နဲသော ဖော်ပြပါ ပညာတို့၌သာ စိတ်အရသာကို တွေ့နိုင်တော့သည်။ နက်နဲသောတရား ဆိုလေလေ ပေါက် ရောက် အောင် လုပ်ကြံချင်လေ ဖြစ်တော့သည်။
(ဃ) ဣနြေ္ဒ (၅)ပါး
ဣနြေ္ဒဟူသည် စိတ်ကို အစိုးရနိုင်မှုဟု အဓိပ္ပါယ် ရရှိပါသည်။ မိမိနှင့် သက်ဆိုင်သော တရားများကို မိမိအလိုအတိုင်း ဖြစ်စေနိုင်သည်ဟု ဆိုလိုပါသည်။ ဣနြေ္ဒ ၅-ပါးတို့မှာ
(၁) သဒ္ဓိနြေ္ဒ – ယုံကြည်မှုဖြင့် စိတ်ကို အစိုးရခြင်း၊
(၂) ဝီရိယိနြေ္ဒ – ဝီရိယဖြင့် စိတ်ကို အစိုးရခြင်း၊
(၃) သတိနြေ္ဒ – သတိဖြင့် စိတ်ကို အစိုးရခြင်း၊
(၄) သမာဓိနြေ္ဒ – သမာဓိဖြင့် စိတ်ကို အစိုးရခြင်း၊
(၅) ပညိနြေ္ဒ – ပညာဖြင့် စိတ်ကို အစိုးရခြင်း၊
(၁) သဒ္ဓိနြေ္ဒဟူသည် ဒါနမှု သီလမှု အတုအပ ဘာဝနာမှု၌ ဖြစ်သော ပကတိသဒ္ဓါမျိုး မဟုတ်ဘဲ ထွက်သက် ဝင်သက် ကမ္မဋ္ဌာန်းအလုပ် အစရှိသော ဘာဝနာအလုပ်ဖြင့် အားခွန်ဗလ တေဇတန်ခိုး တိုးတက်ပွါးစီး ဆင်ပြောင်ကြီးကဲ့သို့ ကြီးပွါးလေအောင် ပျိုးထောင်ပြုပြင်၍ ထားအပ်သော ဘာဝနာ သဒ္ဓါမျိုး ဖြင့် စိတ်ကို အစိုးရနိုင်ခြင်းမျိုးကို ဆိုလိုပါသည်။
(၂) ဝီရိယိနြေ္ဒဟူသည် ပကတိဝီရိယမျိုး မဟုတ်ဘဲ ဘာဝနာဝီရိယမျိုးဖြင့် စိတ်ကို အစိုးရနိုင်ခြင်းမျိုးကို ဆိုလိုပါသည်။
(၃) သတိနြေ္ဒ
(၄) သမာဓိနြေ္ဒ
(၅) ပညိနြေ္ဒ တို့မှာလည်း ပကတိသတိ၊ ပကတိသမာဓိ၊ ပကတိပညာမျိုး မဟုတ်ဘဲ ဘာဝနာ-သတိ၊ သမာဓိ၊ ပညာတို့ဖြင့် စိတ်ကို အစိုးရနိုင်ခြင်းမျိုးကို ဆိုလိုပါသည်။
(င) ဗိုလ် (၅)ပါး
ဗိုလ်ဟူသည် ဆန့်ကျင်ဖက်တရားတို့ကို တိုက်ဖျက်ဖိစီးတတ်သော တရားဟု အဓိပ္ပါယ်ရရှိပါသည်။ သက္ကာယဒိဋ္ဌိနိုင်ငံကြီးကို တိုက်ဖျက်မည့် ဗိုလ်ချုပ်ကြီး ၅-ဦး၊ အားကြီး ၅-ပါးပင်ဖြစ်ပါသည်။
(၁) သဒ္ဓါဗိုလ် – သဒ္ဓါဖြင့် ဆန့်ကျင်ဖက်တရားတို့ကို တိုက်ဖျက်ခြင်း၊
(၂) ဝီရိယဗိုလ် – ဝီရိယဖြင့် ဆန့်ကျင်ဖက်တရားတို့ကို တိုက်ဖျက်ခြင်း၊
(၃) သတိဗိုလ် – သတိဖြင့် ဆန့်ကျင်ဖက်တရားတို့ကို တိုက်ဖျက်ခြင်း၊
(၄) သမာဓိဗိုလ် – သမာဓိဖြင့် ဆန့်ကျင်ဖက်တရားတို့ကို တိုက်ဖျက်ခြင်း၊
(၅) ပညာဗိုလ် – ပညာဖြင့် ဆန့်ကျင်ဖက်တရားတို့ကို တိုက်ဖျက်ခြင်း၊
ယင်းဗိုလ်များမှာလည်း ဣနြေ္ဒ (၅)ပါးကဲ့သို့ပင် ပကတိဗိုလ်များ မဟုတ်ဘဲ ဘာဝနာဗိုလ်များ ဖြစ်ပါသည်။
(စ) ဗောဇ္ဈင် (၇)ပါး
ဗောဇ္ဈင်ဟူသည် သစ္စာ ၄-ပါး မြတ်တရားကို သိမြင်တတ်သော မဂ်ဉာဏ်၏ အတောင်အလက် အစိတ်အပိုင်းဟု အဓိပ္ပါယ် ရရှိပါသည်။ ဗောဇ္ဈင် ၇-ပါးမှာ
(၁) သတိသမ္ဗောဇ္ဈင် – သတိပဋ္ဌာန်၊ သတိနြေ္ဒ၊ သတိဗိုလ်၊ သမ္မာသတိမဂ္ဂင်ခေါ်သော သတိ စေတသိက်၊
(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် – ဝီမံသိဒ္ဓိပါဒ်၊ ပညိနြေ္ဒ၊ ပညာဗိုလ်၊ သမ္မာဒိဋ္ဌိမဂ္ဂင်ခေါ်သော ပညာစေတသိက်၊ တနည်း ဒိဋ္ဌိဝိသုဒ္ဓိအစရှိသော ပညာဝိသုဒ္ဓိ ၅-ပါး၊ အနုပဿနာဉာဏ် ၃-ပါးနှင့် ဝိပဿနာဉာဏ် ၁၀-ပါးသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်မည်၏။
(၃) ဝီရိယသမ္ဗောဇ္ဈင် – သမ္မပ္ပဓာန် ၄-ပါး၊ ဝီရိယိဒ္ဓိပါဒ်၊ ဝီရိယိနြေ္ဒ၊ ဝီရိယဗိုလ်၊ သမ္မာဝါယာမခေါ်သော ဝီရိယစေတသိက်၊
(၄) ပီတိသမ္ဗောဇ္ဈင် – ကာယဂတာသတိ (ထွက်သက် ဝင်သက်)စသည်ကို တည်ထောင်မိ၍ ထင်မှုမြင်မှု တိုးပွါးလာသောအခါ ဝမ်းမြောက်ခြင်း နှစ်သက်ခြင်း ပီတိစေတသိက်၊
(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် – စိတ်မငြိမ်သက်မှု၊ စိတ်အကြံများမှုကြောင့် ဖြစ်သော ကိုယ်စိတ် ပူပန်ခြင်းများ၏ ငြိမ်းချမ်းခြင်း၊
(၆) သမာဓိသမ္ဗောဇ္ဈင် – သမာဓိနြေ္ဒ၊ သမာဓိဗိုလ်၊ သမာဓိမဂ္ဂင်ဟူသော သမာဓိတရား၊
(၇) ဥပေက္ခာသမ္ဗောဇ္ဈင် – ကမ္မဋ္ဌာန်းအလုပ်တွင်း၌ အချိုးအစားမကျ နိုင်သေး၍ ကြောင့်ကြစိုက်ရသော ဗျာပါဒ အမှုများစွာရှိသည်၊ အချိုးအစားကျလာသောအခါ၌ ကြောင့်ကြစိုက်ရမှု ကင်းရှင်းလာခြင်းဟူသော တတြမဇ္ဈတ္တတာ စေတသိက်။
စကြာရတနာ ၇-ပါး ပြည့်စုံသော စကြာမင်းသည် အတုမရှိသော စည်းစိမ်ကို ခံစားရသကဲ့သို့ ဗောဇ္ဈင် ၇-ပါးပြည့်စုံသော ယောဂီသည်လည်း သာသနာတော် အစီးအပွါးတွင် အတုမရှိသော သမဏစည်းစိမ်ကို ခံစားရသည်။
(ဆ) မဂ္ဂင် (၈)ပါး
မဂ္ဂင်ဟူသည် ကိလေသာတို့ကို ပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်သောတရားအစုဟု အဓိပ္ပါယ်ရရှိပါသည်။
(၁) သမ္မာဒိဋ္ဌိ – မှန်ကန်သောအယူအမြင်၊
(၂) သမ္မာသင်္ကပ – မှန်သောအကြံ၊
(၃) သမ္မာဝါစာ – မှန်သောစကား၊
(၄) သမ္မာကမ္မန္တ – မှန်သောအမှုအလုပ်၊
(၅) သမ္မာအာဇီဝ – မှန်သောအသက်မွေးဝမ်းကျောင်း၊
(၆) သမ္မာဝါယာမ – မှန်သောအားထုတ်မှု၊
(၇) သမ္မာသတိ – မှန်သော အောက့်မေ့မှု နှလုံးသွင်းမှု၊
(၈) သမ္မာသမာဓိ – မှန်သောတည်ကြည်မှု စူးစိုက်မှု။
ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှ
Ref: http://mrmarga.blogspot.sg/2010/04/blog-post_05.html
ချစ်သူကိုတရားဟောပါ – ရဝေနွယ်(အင်းမ)
မြတ်စွာဘုရား လက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ခေါ်ပါတယ်။
တစ်နေ့ အိမ်တံခါးဝမှာ ထိုင်ပြီး သမီးက အမေ့ရဲ့ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေ အများကြီး အိမ်ရှေ့ကဆွမ်းခံ ကြွသွားတာကို မြင်လိုက်ရပါတယ်။ ဒီတော့ သမီးကေသကာရီက အမေလုပ်သူကိုမေးပါတယ်။
“အမေ.. ဒီရဟန်းတွေဟာ ပထမအရွယ်ရုပ်ရည်အဆင်း လှလှပပရှိပါလျက်နဲ့ ဘာမှလည်း မပျက်ဆီးသေးဘဲနဲ့ ဘာဖြစ်လို့ ရဟန်းပြုကြတာလဲ”
ဒီတော့ အမေလုပ်သူက ပြန်ပြောပြပါတယ်။
“သမီး.. မြတ်စွာဘုရားပွင့်နေတယ်။ မြတ်စွာဘုရား တရားနာကြားပြီး ရဟန်းပြုကြတာ”
သားအမိ နှစ်ယောက် သန်းရှာရင်း စကားပြော နေတုန်းမှာပဲ သောတာပန် ဒကာ တစ်ယောက် အိမ်တံခါးဝ ရောက်လာပါတယ်။ သားအမိနှစ်ယောက် ပြောတဲ့စကားကိုလည်း ကြားသွားပါတယ်။
အမေလုပ်သူက အိမ်ရှေ့ရောက်လာတဲ့ သောတာပန်ဒကာကို “ဥပသကာကြီး… တစ်ခုမသိ လို့မေးပါရစေ။ အမျိုးကောင်းသားတွေ စည်းစိမ်တွေစွန့်၊ ဆွေမျိုးမိတ်ဆွေ တွေစွန့်ပြီး မြတ်စွာဘုရား ထံမှာ ရဟန်းပြုကြတယ်။ ဘာအကျိုးကိုမြင်လို့ ရဟန်းပြုကြတာလဲ”လို့ ထပ်ဆင့်မေးကြည့် ပါတယ်။
သောတာပန် ဒကာကလည်း “ ကာမဂုဏ်ရဲ့ အပြစ်ကိုမြင်လို့ ရဟန်းပြုကြတာပါ”လို့ ပြောပြ ပါတယ်။ သောတာပန် ဒကာကဆက်ပြီး သရဏဂုံနဲ့ ငါးပါးသီလအကြောင်းကို ပြောပြပေးပြီး ကျင့်သုံးရင် ရမယ့် အကျိုးရလဒ် တွေကိုပါ ပြောပြပါတယ်။
သောတာပန် ဒကာရဲ့စကားကြးရတော့ ကေသကာရီက စိတ်ဝင်စားသွားပြီး “သရဏဂုံနဲ့ ငါးပါးသီလကို ကျွန်မတို့ မိန်းမသားတွေ ကျင့်သုံးရင်ကော သင်ပြောပြတဲ့ မျက်မှောက်တမလွန် အကျိုးတွေ ရနိုင်သလား”လို့ မေးလိုက်ပါတယ်။ သောတာပန် ဒကာကလည်း “သမီးရယ် ဒီတရား တွေဟာ လူသား အားလုံးနဲ့ ဆိုင်ပါတယ်။ လူသားအားလုံး ကျင့်ဖို့ ဟောထားတာပါ”လို့ ပြန်ပြော ပြပါတယ်။
နောက် သောတာပန် ဒကာက ကေသကာရီကို သရဏဂုံနဲ့ ငါးပါးသီလကို ကိုယ်တိုင် တိုင်ပေး ပါတယ်။
ကေသကာရီက ငါးပါးသီလကို ခံယူပြီးတော့ “ဥပသကာကြီးရယ် သရဏဂုံ ငါးပါးသီလ ထက်မြင့်တဲ့ တရားရှိသေးလား”လို့ ဆက်မေးလာပြန်ပါတယ်။
ဒီအခါမှာတော့ သောတာပန်ဒကာက ကေသကာရီ တရားကို တော်တော် စိတ်ဝင်စားနေပြီ ဆိုတာသိရသလို တရားပါရမီ ရှိသူဆိုတာလည်း သိလိုက်ပါတယ်။ ဒါကြောင့် တရားကို ဆက်ဟောပြပေးပါတယ်။
“ရှိတာပေါ့၊ ချစ်သမီး သေချာနားထောင်ပါ။ ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးဏှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ နှပ်၊ တံတွေး၊ အစေး၊ ကျင်ငယ်၊ အဲဒီ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အပြန်ပြန် အလှန်လှန်စီးဖြန်းပါ။ ဒီကနေတစ်ဆင့်တက်ပြီး အဆင်းဖြစ်ပျက်၊ အသံဖြစ်ပျက်၊ အနံ့ဖြစ်ပျက်၊ အရသာဖြစ်ပျက်၊ ကြမ်းချော ဖြစ်ပျက်၊ တွန်းတိုးဖြစ်ပျက်၊ ပူအေးဖြစ်ပျက်၊ မြင်ဖြစ်ပျက်၊ ကြားဖြစ်ပျက်၊ နံဖြစ်ပျက်၊ လျက်ဖြစ်ပျက်၊ တွေ့ထိဖြစ်ပျက်၊ ဖြစ်ပျက် ဖြစ်ပျက် အဲဒီလို နှလုံးသွင်းပါ”လို့ သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းနဲ့ ဖြစ်ပျက်ကမ္မဋ္ဌာန်း ကို သေချာဟောပြပေးပြီး ပြန်သွားပါတယ်။
ကေသကာရီလည်း သောတာပန် ဒကာဟောပြ ပေးခဲ့တဲ့ ကမ္မဋ္ဌာန်းကို နေ့စဉ်ပွါးများ အားထုတ် လိုက်တာ မကြာမီ ကာလမှာပဲ သောတာပန် တည်သွားပါတယ်။
လူ့ပြည်မှာ သက်တမ်းစေ့နေပြီး ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်မှာ နတ်သမီးအခြံ အရံ တစ်သိန်းနဲ့ သိကြားမင်းရဲ့ မိဖုရားငယ် ဖြစ်သွားရပါတယ်။
(ဝိမာနဝတ္ထုအဋ္ဌကထာ၊ကေသကာရီဝတ္ထု)
တရားဟောတယ်လို့ ပြောလိုက်ရင် ရဟန်းကလူကို ဟောတာကိုပဲ ပြေးပြေးမြင်လေ့ရှိပါ တယ်။ ဒီဝတ္ထုလေး မှာတော့ လူအချင်းချင်းပဲ ဟောလိုက်လို့ ကေသကာရီ သောတာပန်တည် သွားတာပါ။ လူထောင်သောင်း ပရိသတ်ကို ဟောမှရယ် မဟုတ်ပါဘူး၊ တစ်နာရီ နှစ်နာရီ ဟောမှရယ် လည်း မဟုတ်ပါဘူး။ လူအချင်းချင်း တစ်ယောက်တည်းကို ဟောလည်း တရားက တရားပါပဲ။ အလှူတကာ့ အလှူတွေထဲမှာ တရားအလှူဟာ အမြတ်ဆုံးဆိုတာ အားလုံး သိပါတယ်။
တရားအလှူ ပေးလှူလိုက်တာဟာ အမတဒါန=နိဗ္ဗာန်အလှူကို ပေးလှူလိုက်တာပါ။ ဒီတော့ ကိုယ့်မိတ်ဆွေကို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် ကိုယ့်သိသ လောက်လေး ပြောပြပေးလိုက် ရင်လည်း အမတဒါန=နိဗ္ဗာန်အလှူကိုပေးလှူလိုက်တာပါပဲ။
တရားဟောပြီးတဲ့အခါ “ဘုရားတပည့်တော် ဟောပြောပေးရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ။ ဘုရားတပည့်တော် ဟောပြတဲ့ တရားလေးကို နာကြားပြီး တရားအသိလေး တွေရသွားကြပါစေ။ ရသည့်အားလျော်စွာ ကျင့်နိုင်ကြပါစေ၊ ကျင့်နိုင် သည့်အားလျော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ ကောင်းတွေရသွားကြပါစေ”လို့ မေတ္တာပို့ ပေးလိုက်ရမှာပါ။ အထူးသဖြင့် တရားဟောပြီးတိုင်း နိဗ္ဗာန်ကို ဆုတောင်းတဲ့ အလေ့လေးကို ထုံထား ရမှာပါ။ ဒါဆိုကိုယ်ဟောတဲ့ တရားကို ပိုပြီး တန်ဖိုးထားသွားမှာပါ။ “ငါပြုတဲ့ကုသိုလ်ဟာ ပေါ့ပေါ့တန်တန် မဟုတ်ဘူး။ နိဗ္ဗာန်အထိ ဦးတည်နေတယ်”ဆိုပြီး ကိုယ့်ကုသိုလ်အပေါ် အားရ ကျေနပ်နေတော့မှာပါ။
ဒီလိုပါပဲ။ ကိုယ့်ခင်ပွန်းကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်ဇနီးကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်သားသမီး ကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်မိဘကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်ချစ်သူ ကိုလည်း ကိုယ်သိသလောက် ဟောပြပေးရမှာပါ။ ချစ်သူသဘာဝ သံယောဇဉ်အကြောင်း၊ မေတ္တာအကြောင်း၊ သီချင်းလေးတွေအကြောင်း၊ အိပ်မက်အကြောင်း၊ ပန်းလေးတွေအကြောင်း၊ ပစ္စည်းလေးတွေ အကြောင်း စသည်ဖြင့် ပြောပြရမှာပါပဲ။ ဒီသံယောဇဉ် အကြောင်းတွေအပြင် တစ်ခါတလေ ကိုယ်သိ သလောက် ကိုယ်လေ့လာ ထားသလောက် တရားစကားလေး တွေလည်း ပြောပြပေးရမှာပါ။ ဒါနအကြောင်း၊ သီလအကြောင်း တွေအပြင် ဒီကတစ်ဆင့်တက်ပြီး ဝိပဿနာရှုပုံ အကြောင်း လေးတွေလည်း ပြောပြပေးရမှာပါ။ အဲဒီလို ပြောပြပေးနေရင် ကိုယ့်ချစ်သူကို တရားအလှူ ပေးလှူနေတာပါပဲ။
မွေးနေ့နီးလာလို့ ကိုယ့်ချစ်သူက ကိုယ့်ကို “ဘာလိုချင်သလဲ”လို့ မေးလာရင် “သောကြာ, စနေ, တနင်္ဂနွေ နှစ်ညအိပ် သုံးရက် တရားစခန်း ဝင်ပေးပါ”လို့ တောင်းလိုက်ရုံပါ။ ဒါဆိုသူ့အတွက် ရော ကိုယ့်အတွက်ရော အမြတ်ဆုံး ကုသိုလ်တွေဖြစ်သွားတာပါ။
သုံးရက်ဆိုတော့ တရားစခန်း ဝင်ပေးရမယ့် ကိုယ့်ချစ်သူအတွက် မခက်သလို သောကြာ စနေ တနင်္ဂနွေဆိုတော့ သောကြာ ညနေရုံးကအပြန် တရားစခန်းဝင်၊ တနင်္ဂနွေနေ့ခင်းပြန်ထွက်၊ ပြီးရင် ဘုရားကို အတူတူသွား၊ ဘယ်လောက် ပျော်ဖို့ကောင်းသလဲ။
ဘုရားမှာ အတူတူပန်းကပ်၊ ပြီးတော့ ဘုရားပေါ်မှာ တရားစခန်းက ပြန်ထွက်လာတဲ့ ချစ်သူက ကိုယ်နာခဲ့တဲ့ တရားလေးတွေ၊ အားထုတ်ခဲ့ရတဲ့ တရားသဘော လေးတွေ ပြန်ပြောပြပေပြီး ကိုယ်ဆောက်တည်ခဲ့ရတဲ့ သီလကုသိုလ်၊ ကိုယ်ပွားများ အားထုတ်ခဲ့ရတဲ့ ဝိပဿနာ ဘာဝနာ ကုသိုလ်တွေကိုလည်း ကိုယ့်ချစ်သူကို အမျှပေးဝေလိုက်မယ် ဆိုရင်လည်း ချစ်သူရဲ့ သာဓုခေါ်သံဟာ ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ အသာယာဆုံး အသံတစ်ခု ဖြစ်နေတော့မှာပါ။ ဒါတင်မကပါဘူး။ အမျှဝေသံ၊ သာဓုခေါ်သံတွေဟာ စည်းချက်ညီ “ပါရမီသံစဉ်” တစ်ခုအဖြစ် ဘဝအဆက်ဆက် တည်တံ့ပျံ့လွင့် နေတော့မှာပါ။
ကုသိုလ်ကောင်းမှုတွေ အတူတူပြုခဲ့ရင် ဘဝအဆက်ဆက် ဆုံတွေ့ဦးမှာပါပဲ။ ဘဝအဆက် ဆက်ဆုံတွေ့ တဲ့အခါ ကိုယ်လည်း တရားရှိဘို့လိုသလို ကိုယ့်ချစ်သူလည်း တရားရှိဘို့လိုပါတယ်။ နောက်ဘဝတွေမှာ ပြန်တော့ဆုံပါရဲ့ ကိုယ်ကတော့ တရားရှိပြီး ကိုယ့်ချစ်သူက တရားမရှိရင်, မရှိခဲ့ရင် အဆင်မပြေလှပါဘူး။ ဥပမာ- ကိုယ့်ချစ်သူက “ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်”ဆို တဲ့အတိုင်း ဒေါသကြီးခဲ့လို့ ဒေါသကြီးနေလို့ ရုပ်ဆိုး အကျည်းတန် နေမယ်။ နောက်- “ညှဉ်းဆဲသူ ကား၊ အနာများ၊ သနားကျန်းမာသည်”ဆိုတဲ့အတိုင်း ကိုယ့်ချစ်သူက သူတစ်ပါး, သူတစ်ပါးတွေကို ညှဉ်းဆဲခဲ့လို့ အနာရောဂါ ထူပြောနေမယ် ဆိုရင် ကိုယ်ပဲ ဆေးကုပေး နေရမှာပါ။ အကုသိုလ်ရဲ့ အကျိုးကို ကိုယ်က မခံရပေမယ့် ကိုယ့်ချစ်သူကို ကြည့်ပြီး ကိုယ်ပါစိတ်ဆင်းရဲ နေရတော့မှာပါ။ ဒီတော့ ကိုယ်လည်းတရားရှိဘို့ လိုသလို သူလည်းတရားရှိဘို့ လိုပြန်ပါတယ်။
ဒါကြောင့် ကိုယ့်ချစ်သူလည်း တရားရှိဘို့ ကိုယ်က ကိုယ့်ချစ်သူကို တရားဟော ပေးရမှာပါ။ တော်ကြာနောက်ဘဝမှာ လေဖြတ်တဲ့ချစ်သူနဲ့ ပြန်ဆုံနေရင် ဘယ်လိုလုပ်မလဲ။ ဒီလိုပြန်ဆုံမယ် ဆိုရင်တော့ ကိုယ့်ဟာကို တွေးသာကြည့်ပါတော့။ အမျှဝေသံ, သာဓုခေါ်သံ လေးတွေဟာ သံယော ဇဉ်တွေကြားမှာ အခါအားလျှော်စွာ ကြားနေမှ နောက်ဘဝပါ စိတ်အေးစိတ်ချရမှာပါ။ သတိထားပါ၊ လေဖြတ်တဲ့ ချစ်သူနဲ့ ပြန်ဆုံနေမှာကို။
ဒီနေရာမှာ အမျှဝေတာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါသေးတယ်။
အမျှဝေတဲ့နေရာမှာ ၁။ ဒါနပြုပြီး အမျှဝေတာရယ်၊ ၂။ သီလ ဆောက်တည်ပြီး အမျှဝေတာ ရယ်၊ ၃။ သမထဝိပဿနာ ပွါးများပြီး အမျှဝေတာရယ်ဆိုပြီး သုံးမျိုးရှိပါတယ်။
၁။ ဒါနပြုပြီးအမျှဝေရင် အမျှဝေတဲ့သူဟာ ဒါနကုသိုလ်ကိုထပ်မံရရှိပါတယ်။ လူတစ်ရာ သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ရာ ထပ်မံရရှိပါတယ်။ လူတစ်ထောင် သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ထောင် ထပ်မံရရှိပါတယ်။ သာဓုခေါ်ကြတဲ့ လူတစ်ရာ ၊လူတစ်ထောင် တွေလည်းဒါနကုသိုလ် ကို ရကြပါတယ်။
၂။ သီလ ဆောက်တည်ပြီး သီလကုသိုလ်ကို အမျှဝေရင် သီလကုသိုလ်ကို ထပ်မရတော့ ပါဘူး။ ဒါနကုသိုလ် ကိုပဲရရှိပါတယ်။ သာဓုခေါ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သီလကုသိုလ် မရကြပါဘူး။ ဒါနကုသိုလ်ကိုပဲရကြပါတယ်။
၃။ သမထဝိပဿနာ ပွါးမျာပြီး အမျှဝေရင် သမထဝိပဿနာ ကုသိုလ်တွေ ထပ်မရတော့ပါ ဘူး။ ဒါနကုသိုလ်ကိုပဲရပါတယ်။ သာဓုခေါ်တဲ့ သူတွေလည်း သမထဝိပဿနာ ကုသိုလ်ကိုတော့ မရပါဘူး၊ ဒါနကုသိုလ်ကိုပဲရရှိပါတယ်။
အမျှဝေတာနဲ့ သာဓုခေါ်တာဟာ ဒါနထဲမှာပါပါတယ်။ ဒီသုံးမျိုးကို သဒ္ဓမ္မရံသီ ဆရာတော်ကြီး က မှတ်ရလွယ်အောင် ဆောင်ပုဒ်လေး စီပေးထားပါတယ်။
၁။ ဒါနဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
၂။ သီလဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
၃။ ဘာဝနာဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
စိတ်ထဲမှာ ရှင်းကြရဲ့လား မသိပါဘူး။ မရှင်းသေးဘူးဆိုရင် ပုညကြိယဝတ္ထု (၁၀) ပါးကို အာရုံ ပြုကြည့် လိုက်ပါ။
ပုညကြိယာ ဝတ္ထု(၁၀)ပါး
၁။ဒါန=ပေးကမ်းလှူဒါန်းမှု၊ ၂။ သီလ=၅-ပါး ၊ ၈-ပါး၊ ၁၀-ပါးစသော သီလ ဆောက်တည်မှု၊ ၃။ ဘာဝနာ- ကမ္မဋ္ဌာန်းစီးဖြန်းမှု၊ ၄။ အပစာယန= အသက်သိက္ခာကြီး သူအား အရိုအသေပြုမှု၊ ၅။ ဝေယျာဝစ္စ= သူများကုသိုလ် ကိစ္စ၌ ကူညီဆောင်ရွက်မှု၊ ၆။ပတ္တိဒါန= မိမိရသော ကုသိုလ်အဖို့ကို အမျှဝေမှု၊ ၇။ ပတ္တာနုမောဒန= မိမိသို့ ရောက်လာသော ကုသိုလ်အဖို့ကို ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်မှု၊ ၈။ ဓမ္မဿဝန=တရားနာမှု၊ ၉။ ဓမ္မဒေသနာ= လာဘ်လာဘကို မငဲ့ဘဲ တရားဟောမှု၊ ၁၀။ ဒိဋ္ဌိဇုကမ္မ= အယူကို ဖြောင့်မတ်စွာပြုမှု။
ဒီ(၁၀)ပါးကို ဒါန- သီလ – ဘာဝနာထဲ ပြန်သွင်းပုံ လင်္ကာလေးကို အရင်ကျက်ထား လိုက်ရ အောင်ပါ။
ဒါန၊ သီလာ၊ ဘာဝနာ သုံးဖြာစဉ်၍ခင်း။
စနှစ်ကိုလယ်၊ လယ်နှစ်ကိုစ၊ နောက်မှ နောက်ချင်းသွင်း။
ကဲ..ရပြီလား။ လင်္ကာကို ရှင်းပြရအောင်ပါ။ ပုညကြိယာဝတ္ထု (၁၀)ပါးကို သေချာပြန်ကြည့် ထားလိုက်ပါ။ တတ်နိုင်ရင် ခဲတံလေးနဲ့လိုက်တို့လိုက်ပါ။
ဒါန-သီလ-ဘာဝနာကို အစဉ်အတိုင်း ထားလိုက်ပါတဲ့၊ အစဖြစ်တဲ့ အပစာယန၊ ဝေယျာဝစ္စ (၂)ပါးကို အလယ်ဖြစ်တဲ့ သီလထဲမှာ သွင်းလိုက်ပါတဲ့။
အလယ်ဖြစ်တဲ့ ပတ္တိဒါန၊ ပတ္တာနုမောဒန(၂)ပါးကို အစဖြစ်တဲ့ ဒါနထဲမှာသွင်းလိုက်ပါတဲ့။
နောက်ဖြစ်တဲ့ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ(၃)ပါးကို ဘာဝနာထဲမှာ သွင်းလိုက်ပါတဲ့။
ဒီခွဲပြပုံလေးကို အာရုံပြုလိုက်ရင် ဘာတွေဟာ ဘယ်ထဲမှာ ပါတယ်ဆိုတာ ခွဲခြားသိလို့ ရပါပြီ။
အမျှဝေတာ၊ သာဓုခေါ်တာဟာ ဒါနထဲမှာ ပါတဲ့အတွက် ဒါနကုသိုလ်ပဲရတာပါ။
တရားနာတာ ၊တရားဟောတာ ကတော့ ဘာဝနာထဲမှာ ပါနေပါတယ်။
ဒါကိုထောကပြီး ကိုယ့်ချစ်သူကို တရားဟောတာ၊ ကိုယ့်ချစ်သူဟောတဲ့ တရားကိုနာတာ တွေဟာ ဘာဝနာထဲမှာ ပါနေပါတယ်။
အရိုအသေပေးတာ၊ ဝေယျာဝစ္စလုပ်တာ တွေကတော့ သီလထဲမှာ ပါပါတယ်။
လိုရင်းကတော့ ကိုယ့်ချစ်သူ၊ ကိုယ်ချစ်တဲ့သူကို တရားဟောတာဟာ အမတဒါန= နိဗ္ဗာန် အလှူ၊ အမြတ်ဆုံး အလှူကြီးကို ပေးလှူလိုက် တာပါပဲ။
အမေကိုချစ်တယ်၊ အဖေကိုချစ်တယ်၊ သားသမီးကိုချစ်တယ်၊ သူငယ်ချင်းကိုချစ်တယ်၊ မိတ်ဆွေကိုချစ်တယ်၊ ချစ်သူကို ချစ်တယ်ဆိုရင် တရားဟောရမှာပါ၊ တရားဟောရင်း အမြတ်ဆုံး ကုသိုလ်တွေယူရမှာပါပဲ။
မြတ်စွာဘုရား လက်ထက်တော်က ဝဍ္ဎမာတာထေရီ ဆိုတာရှိပါတယ်။ သူလူ့ဘဝတုန်းက သူ့ရဲ့သားလေးရဲ့ နာမည်က ဝဍ္ဎပါ။ ဝဍ္ဎဆိုတာ တိုးပွါးခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ သားနာမည်ကို အစွဲပြုပြီး “ဝဍ္ဎမာတာ=တိုးပွါးအမေ”လို့ခေါ်ကြတာပါ။
ယောင်္ကျားဆုံးပြီး ကာလတစ်ခု ကြာတော့ ဘိက္ခုနီမဝတ်ပါတယ်၊ ဘိက္ခုနီမ ဝတ်တော့လည်း ဝဍ္ဎမာတာ ထေရီရယ်လို့ ခေါ်ဝေါ် ထင်ရှား သွားပြန်ပါတယ်။ ကမ္မဋ္ဌာန်းကို ကြိုးစား အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားပါတယ်။
နောက်လူ့ဘဝမှာ ကျန်ခဲ့တဲ့သား “မောင်တိုးပွါး”ကိုခေါ်ပြီး ကိုရင်ဝတ်ပေးပါတယ်။ သားကိုရင် အသက် နှစ်ဆယ် ပြည့်ပြန်တော့လည်း ရဟန်းဘောင်ကို ပို့ဆောင်ပေးပြန်ပါတယ်။ သားရဟန်း ဝဍ္ဎထေရ်ဟာ စာသင်ရင်း ပိဋကတ်သုံးပုံကို ကျွမ်းကျင် တတ်မြောက် သွားပါတယ်။ သားရဟန်းက တရားဟောပြန် တော့လည်း နာမည်ကျော် ဓမ္မကထိက တစ်ပါးဖြစ်သွား ပြန်ပါတယ်။ နာမည်ကျော် စာတတ် ဓမ္မကထိက ဖြစ်လာတော့ ကြည်ညိုသူတွေ ပေါပြီး လာဘ်လာဘတွေ ပေါချင်တိုင်းပေါနေ ပါတော့တယ်။ တရား ဟောတာနဲ့ပဲ အချိန်ကုန် နေတဲ့အတွက် ဝိပဿနာတရား အားထုတ်မှုကို မလုပ်နိုင်ပါဘူး။ ဒါကိုမိခင်ထေရီမက မနှစ် သက်ပါဘူး။
တစ်နေ့မှာတော့ ဓမ္မကထိက သားရဟန်းဟာ မိခင် ဘိက္ခုနီမ ကျောင်းကို သင်္ကန်းမရုံဘဲကြွ လာပါတယ်။ ကျောင်းထဲရောက်တော့ မိခင်ထေရီမက တုတ်ကိုကိုင်ပြီး “အို.. သားရဟန်း ဘာဖြစ်လို့ သင်္ကန်းမရုံဘဲ ဘိက္ခုနီမ ကျောင်းကိုလာရတာလဲ သင့်အမူအယာကို ပြန်ကြည့်ပါဦး၊ တရားဟောတာ၊ ဂန္ထဓုရလုပ်တာနဲ့ပဲ အချိန်ပုပ်နေတယ်။ မာန်မာန ကလည်း တက်ကြွ နေသေးတယ်၊
ရဟန်းတစ်ပါး တကယ်လုပ်ရမယ့် ဝိပဿနာ ဘာဝနာ အလုပ်ကို သာလုပ်ပါ။ ကိုယ်ဟန် ကြော့ကြော့မော့မော့နဲ့ အမူအယာ ကိုပြင်ပါ” လို့ဆိုပြီး ခပ်တင်းတင်းလေး ပြောလိုက် ပါတော့တယ်။
သားရဟန်းလည်း မိခင်ထေရီမ ပြောစကားကြားရတော့ ချက်ချင်းသတိရပြီး “မိခင်.. ကျွန်ုပ်မှားပါပြီ၊ နောင်ဒီလို အမူအယာတွေနဲ့ မနေတော့ပါဘူး”လို့ ဝန်ခံကတိ ပေးလိုက်ပါတယ်။
သားရဟန်း သတိဝင်သွားတော့ မိခင်ထေရီမကြီးက သားရဟန်းကို ဂါထာလေးတွေနဲ့ ထပ်မံ ဟောပြ ပေးပြန်ပါတယ်။
သားရဟန်းဟာ မိခင်ကျောင်းက ပြန်ခဲ့ပြီး တရားဟောမှုတွေကို လုံးဝရပ်လိုက်ပါတယ်။ မိခင် ဖြစ်စေချင်တဲ့ ဝိပဿနာ ဘာဝနာ ပွါးများမှုကိုပဲ ကြိုးစားအားထုတ် ပါတော့တယ်။ ပါရမီပါပြီးသား ဆိုတော့ မကြာမီကာလမှာပဲ ရဟန္တာ ဖြစ်သွားပါတော့တယ်။
ဇာတ်သိမ်းတော့ သားရဟန်းရော မိခင်ထေရီမကြီးရော အရတ္တဖိုလ် ကိုယ်စီရပြီး ပရိနိဗ္ဗာန် စံသွားကြပါတယ်။
ဇာတ်သိမ်းပိုင်းလေးက သိပ်လှတာပါ။ ဘယ်အချိန် ပြန်ဖတ်ဖတ် လှနေတာပါပဲ။ နောက်ဆုံး တော့ အားလုံးအားလုံးဟာ ဒီအတိုင်းပဲ ဇာတ်သိမ်းကြဖို့ လိုရင်းပါ။ သံသရာ ဘယ်လောက်ရှည်ကြ ရဦးမယ်မသိပါဘူး။
ဒီဝတ္ထုလေးမှာလည်း မိခင်က သားကို တရားဟောတာပါ။ တရားဟောတဲ့ နေရာမှာလည်း ရိုးရိုးဣနြေ္ဒ ရရထိုင်ပြီး ဟောတာတောင် မဟုတ်ပါဘူး။ တုတ်ကိုကိုင်ပြီး ခပ်တင်းတင်း လေးဟော လိုက်တာပါ။
ဒီသာဓကလေးတွေ ထောက်ပြီး သားအမိချင်း၊ ဇနီးမောင်နှံချင်း၊ ညီအစ်ကို မောင်နှမချင်း၊ မိတ်ဆွေချင်း၊ ချစ်သူချင်း ကိုယ်သိထားတဲ့ တရားလေးတွေကို ဟောပေးရမှာပါပဲ။ ဟောပေးရင် ကုသိုလ်တွေရနေတာပါပဲ။
ဒီလိုပါပဲ။ ရဟန်းအချင်းချင်း လည်းဟောရမှာပါပဲ။ ကိုယ်ချစ်တဲ့ရဟန်း၊ ကိုယ်သံယောဇဉ်ရှိ ရှိတဲ့ရဟန်းကို ဟောရမှာပါပဲ။ စာတွေအခြေခံရှပြီးသားဆိုတော့ ဟောသူရော နာသူရော ပိုလို့ တောင်သဘောပေါက် လွယ်ဦးမှာပါ။ ချစ်တဲ့ရဟန်း အချင်းချင်း ဟောမှလည်း ပိုပြီး လက်ခံတာပါ။
လိုရင်းကတော့ တရားဟောပြီးတိုင်း “ဘုရားတပည့်တော် တရားဟောပြောရသော ကုသိုလ် ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ။ ဘုရားတပည့်တော် ဟောတဲ့တရား လေးကိုနာကြားပြီး ကို..ဘယ်သူ၊ မ…ဘယ်သူတရား အသိလေးတွေ ရသွားပါစေ။ ရသည့်အား လျှော်စွာကျင့်နိုင်ပါစေ။ ကျင့်နိုင်သည့် အားလျှော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ ကောင်းတွေ ရသွားပါစေ”လို့ နိဗ္ဗာန်ကို ဆုတောင်းတာရယ်၊ မေတ္တာပို့ တာရယ်ကို အလေ့အကျင့် အထုံလေး လုပ်ထားရမှာပါ။ ကိုယ့်ရဲ့ တရားဟောပြော မှုဟာ နိဗ္ဗာန်ရဲ့ အထောက်အပံ ကောင်းတွေ ဆိုတာကိုလည်း အထူးအာရုံ ပြုထားရမှာပါ။
ကိုယ်ချစ်တဲ့ မိဘ၊ ကိုယ်ချစ်တဲ့ သားသမီး၊ ကိုယ်ချစ်တဲ့ဇနီး၊ ကိုယ်ချစ်တဲ့ ခင်ပွန်း၊ ကိုယ်ချစ်တဲ့ မိတ်ဆွေ၊ ကိုယ်ချစ်တဲ့ သူငယ်ချင်း၊ ကိုယ်ချစ်တဲ့ ချစ်သူကို ကိုယ်သိတဲ့ တရားလေး တွေကို သိသလောက် ဟောလိုက်ဖို့ပါပဲ။
ဘဝမှာ ဘယ်သူကိုပဲ ချစ်ချစ်၊ ချစ်တဲ့သူကို တရားဟော လိုက်ဖို့ပါပဲ ။ တရားဟောလိုက်ရင် အမြတ်ဆုံးကုသိုလ်တွေ ဖြစ်သွားတာပါပဲလေ။
ရဝေနွယ်(အင်းမ)
ဗြဟ္မဝိဟာရနိဒ္ဒေသ – ဗြဟ္မဝိဟာရကို အကျယ်ပြချက် – ဝိသုဒ္ဓိမဂ်လာ မေတ္တာပွါးပုံ
၉-ဗြဟ္မဝိဟာရနိဒ္ဒေသ-ဗြဟ္မဝိဟာရကို အကျယ်ပြချက်
၁-မေတ္တာပွါးပုံအဖွင့်
[၂၈၇] ၂၄ဝ။ ထိုမှတပါး အနုဿတိကမ္မဋ္ဌာန်း အခြားမဲ့၌ အကျဉ်းခေါင်းစဉ်အနေဖြင့် ပြထားခဲ့ကုန်ပြီးသော (၁) မေတ္တာ၊ (၂) ကရုဏာ၊ (၃) မုဒိတာ၊ (၄) ဥပေက္ခာဟူသော ဤလေးပါးသော ဗြဟ္မဝိဟာရတို့တွင် မေတ္တာကို ပွါးစေခြင်းငှါ အလိုရှိသော အားထုတ်ခါစ ယောဂါဝစရပုဂ္ဂိုလ်သည် ပလိဗောဓတို့ကို ဖြတ်ပြီးနောက် ဆရာ့ထံမှ ကမ္မဋ္ဌာန်းကို သင်ယူခဲ့ပြီး လျှင် ဆွမ်းစားခြင်းကိစ္စကို ပြုပြီးသောအခါ ဆွမ်းဆီယစ်ခြင်းကို ပယ်ဖျောက်၍ ဆိတ်ငြိမ်သော အရပ်ဝယ် ကောင်းစွာ ခင်းထားသော နေရာ၌ နေသာသည့်အလျောက် ချမ်းသာစွာ ထိုင်နေလျက် ဘာဝနာမပွါးမီ ရှေးဦးစွာ ဒေါသ၌ အပြစ်ကို၎င်း၊ သည်းခံခြင်း၌ အကျိုးအာနိသင်ကို၎င်း ဆင်ခြင်အပ်ပေသည်။
”အဘယ့်ကြောင့်နည်း?ဟူမူ-ဤ မေတ္တာဘာဝနာဖြင့် ဒေါသကို ပယ်အပ်၏၊ သည်းခံခြင်းဂုဏ်ကို ရယူအပ်၏၊ သို့ သော် အပြစ်မမြင်ရသေးသော တစုံတခုသော တရားကို ပယ်ရန်လည်း မစွမ်းနိုင်၊ အကျိုးအာနိသင်ကို မသိရသေးသော တစုံ တခုသော တရားကို ရယူရန်လည်း မစွမ်းနိုင်၊ ထို့ကြောင့်ပေတည်း။ သို့ဖြစ်၍-
”ငါ့ရှင် (ပရိဗိုဇ်) ဒေါသက ဖျက်ဆီးအပ်သော ဒေါသက လွှမ်းမိုးလျက် စိတ်အားလုံးကို ဆွဲဆောင်သွားသော သူသည် သတ္တဝါကိုလည်း သတ်၏” ဤသို့ အစရှိသော သုတ်၏အစွမ်းအားဖြင့် ဒေါသ၌ အပြစ်ကို ရှုအပ်၏။
”ချုပ်တည်းခြင်း ဟူသော (ခန္တီ) သည်းခံခြင်းသည် အမြတ်ဆုံး အကျင့်ပေတည်း။ နိဗ္ဗာန်ကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့က မိန့်ဆိုကြသည်”။
”သည်းခံခြင်းဟူသော ခွန်အားရှိသော သည်းခံခြင်းခွန်အားဟူသော စစ်တပ်ရှိသော ထိုပုဂ္ဂိုလ် ကို ‘မကောင်းမှုကို အပပြုပြီးသော ဗြာဟ္မဏ-သူမြတ်’ဟူ၍ ငါဆိုပေသည်”။
”သည်းခံခြင်းထက် သာလွန်သော အကျိုးစီးပွါးမည်သည် မရှိချေ” ဤသို့အစရှိကုန်သော သုတ်တို့၏ အစွမ်းအားဖြင့် သည်းခံခြင်း၌ အကျိုးအာနိသင်ကို သိအပ်၏။
ထို့နောင် ဤဆိုခဲ့သည့်အတိုင်း မြင်ပြီးသည့် အပြစ်ရှိသော ဒေါသမှ စိတ်ကို ခွဲခွါခြင်းအကျိုးငှါ၎င်း၊ သိအပ်ပြီး သော အကျိုးအာနိသင် ရှိသော သည်းခံခြင်းနှင့် (စိတ်ကို) ယှဉ်စေခြင်း အကျိုးငှါ၎င်း မေတ္တာဘာဝနာကို အားထုတ်အပ်၏။ အားထုတ်သော သူသည်လည်း ရှေးဦးကပင်လျှင် ”ဤပုဂ္ဂိုလ်တို့၌ မေတ္တာကို ရှေးဦးစွာ မပွါးစေအပ်၊ ဤပုဂ္ဂိုလ်တို့၌ လုံးဝ မပွါးစေအပ်”ဟူ၍ ဘာဝနာကို ပျက်စေတတ်သော ပုဂ္ဂိုလ်တို့ကို သိအပ်ကုန်၏။
ချဲ့၍ပြအံ့-(၁) မချစ်အပ်သော-မုန်းအပ်သော ပုဂ္ဂိုလ်၊ (၂) အလွန်ချစ်အပ်သော ပုဂ္ဂိုလ်၊ (၃) မချစ် မမုန်း အလယ် အလတ် ပုဂ္ဂိုလ်၊ (၄) ရန်သူပုဂ္ဂိုလ်ဟူသော ဤလေးဦးသော ပုဂ္ဂိုလ်တို့၌ ဤမေတ္တာကို ရှေးဦးစွာ မပွါးစေအပ်ပေ။ လိင်အသွင် ကွဲပြားသော ပုဂ္ဂိုလ်၌ သီးသန့် အပိုင်းအခြားအားဖြင့် မပွါးစေအပ်၊ သေလေသောသူ၌ လုံးဝမပွါးစေအပ်။ မုန်းအပ်သော ပုဂ္ဂိုလ်စသည်တို့၌ ရှေးဦးစွာ အဘယ့်ကြောင့် မပွါးစေအပ်သနည်း?ဟူမူ-အဖြေကား-မုန်းအပ်သူကို ချစ်အပ်သူအရာ၌ ထားလျှင် ပင်ပန်း၏၊ အလွန်ချစ်အပ်သော သူငယ်ချင်းကို အလယ်အလတ်အရာ၌ ထားလျှင်ပင်ပန်း၏၊ မှန်ပေ၏-ထို အလွန် ချစ်အပ်သူအား အနည်းငယ်မျှသော်လည်း ဆင်းရဲဖြစ်(သည်ကို သိရ)လတ်သော် ငိုမည့်အခြင်းအရာသို့ ရောက်သကဲ့သို့ ဖြစ်တတ်၏။ [၂၈၈] အလယ်အလတ်ပုဂ္ဂိုလ်ကို အလေးပြုအပ်သူ အရာ၌၎င်း၊ ချစ်အပ်သူအရာ၌၎င်း ထားလျှင်ပင်ပန်း၏၊ ရန်သူကို အောက်မေ့ ဆင်ခြင်မိသောသူအား အမျက်ထွက်ခြင်း ဖြစ်တတ်၏။ ထို့ကြောင့် မုန်းအပ်သောပုဂ္ဂိုလ် စသည်တို့၌ (မေတ္တာကို) ရှေးဦးစွာ မပွါးစေအပ်ပေသတည်း။
လိင်အသွင် ကွဲပြားသော ပုဂ္ဂိုလ်၌မူကား ထိုသူ တဦးတည်းကိုသာလျှင် အာရုံပြု၍ သီးသန့် အပိုင်းအခြားအားဖြင့် (ဝါ-သီးသန့်ပိုင်းခြား၍) (မေတ္တာကို) ပွါးစေသောသူအား တပ်စွဲမှု-ရာဂ ဖြစ်တတ်၏၊ အမတ်၏ သားဖြစ်သော လူတယောက် သည် ”အရှင်ဘုရား အဘယ်ပုဂ္ဂိုလ်အား မေတ္တာကို ပွါးစေအပ်ပါသနည်း”ဟု ဆွမ်းခံလာနေကျ မထေရ်ကို မေးလျှောက် သတတ်။ မထေရ်က ”ချစ်သည့် ပုဂ္ဂိုလ်၌ ပွါးစေအပ်သည်”ဟု ပြောကြား၏။ ထိုအမတ်၏သားသည် မိမိမယားကို ချစ်၏၊ (ထို့ကြောင့်) ထိုအမတ်၏သားသည် ထိုမယား၌ မေတ္တာကို ပွါးစေလတ်သော် တညဥ့်ပတ်လုံး (သူ၏မယား ရှိရာသို့သွားရန်) နရံ နံ ငှ့် တိးု ဝှေ့တကို ခ် ကိုြ်ခင်း ကို ပြုရလေသတတ။် ထို့ကြောင့် လငိ အ် သငွ က်ြွဲပားသော ပဂ္ဂိုလ်၌ သီး သန့်အားဖြင့် (မေတ္တာ ကို) မပွါးစေအပ်။
သေလေသောသူ၌ ပွါးစေလျှင်ကား အပ္ပနာသို့ မရောက်သည်သာ၊ ဥပစာသို့သော်လည်း မရောက်။ ရဟန်းငယ် တပါးသည် ဆရာကို အာရုံပြု၍ မေတ္တာကို အားထုတ်၏၊ ထိုရဟန်းငယ်အား မေတ္တာသည် မဖြစ်ပဲရှိ၏။ ထိုရဟန်းငယ်သည် မထေရ်ကြီးတပါးထံ သွား၍ ”အရှင်ဘုရား တပည့်တော်မှာ မေတ္တာဈာန်သမာပတ်သည် ကျေပြွန်လျက်ရှိပါ၏၊ သို့သော်လည်း ထိုသမာပတ်ကို (ယခု) မဝင်စားနိုင်ပါ၊ အဘယ်အကြောင်းကြောင့်နည်း”ဟု မေးလျှောက်၏။ မထေရ်ကြီးက ”ငါ့ရှင် အာရုံ နိမိတ် (ဖြစ်သူ)ကို ရှာကြည့်ပါလေ”ဟု မိန့်ဆိုလိုက်၏။ ထိုရဟန်း ငယ်သည် ရှာကြည့်လတ်သော် ဆရာ၏ကွယ်လွန် လေသည်၏ အဖြစ်ကို သိရ၍ အခြားပုဂ္ဂိုလ်ကို အာရုံပြုလျက် မေတ္တာကို ပွါးစေလတ်သော် သမာပတ်သို့ ရောက်လေသတတ်။ ထို့ကြောင့် သေလေသောသူ၌ မပွါးအပ်သည်သာတည်း။
မေတ္တာပွါးပုံ
၂၄၁။ ပွါးစေသင့်သည်မှာ-အလုံးစုံသောသူတို့၏ ရှေးဦးစွာ ”ငါသည် ချမ်းသာလို၏ ဆင်းရဲကင်းလို၏(ငါချမ်းသာရ ပါစေ၊ ဆင်းရဲကင်းရပါစေ)”ဟူ၍သော်၎င်း၊ ”အဝေရော (ဟောမိ) ငါသည် ရန်ကင်းသည် ဖြစ်လို၏ (ရန်ကင်း ရပါစေ)၊ အဗျာပဇ္ဈော (ဟောမိ) စိတ်ဆင်းရဲကင်းသည် ဖြစ်လို၏ (စိတ်ဆင်းရဲ ကင်းရပါစေ) အနီဃော (ဟောမိ) ကိုယ်ဆင်းရဲကင်း သည် ဖြစ်လို၏) ကိုယ်ဆင်းရဲ ကင်းရပါစေ) သုခီအတ္တာနံ ပရိဟရာမိ-ချမ်းသာနှင့် ပြည့်စုံသည်ဖြစ်၍ (ချမ်းသာစွာ) မိမိ ကိုယ်ကို ရွက်ဆောင်နိုင်ရပါစေ”ဟူ၍သော်၎င်း ဤပုံ ဤနည်းဖြင့် အဖန်တလဲလဲ မိမိ၌သာလျှင် ပွါးစေအပ်၏။ ဤသို့ဖြစ်ပါမူ အဘိဓမ္မာပိဋက ဝိဘင်းပါဠိတော်၌-
”ရဟန်းသည် အဘယ်သို့လျှင် မေတ္တာနှင့်တကွဖြစ်သော စိတ်ဖြင့် တခုသော အရပ်မျက်နှာကို ဖြန့်၍နေသနည်း။ ဥပမာဖြင့် ပြရလျှင် ချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ် တယောက်ကို မြင်၍ မေတ္တာ ပွါးရာသကဲ့သို့ ထို့အတူပင် (တခုသော အရပ်မျက်နှာ၌) အလုံးစုံကုန်သော သတ္တဝါတို့ကို မေတ္တာဖြင့် ဖြန့်၏” ဟူ၍ဟောထားသော စကားသည်၎င်း၊
”အပိုင်းအခြား အကန့်အသတ် မရှိသောအားဖြင့် ဖြန့်သော မေတ္တာစေတောဝိမုတ္တိကို အဘယ် ငါးပါးသော အခြင်းအရာတို့ဖြင့် ပွါးစေအပ်သနည်း။ (သဗ္ဗေ သတ္တာ) အလုံးစုံသော သတ္တဝါတို့သည် (အဝေရာ ဟောန္တု) ရန်ဘေးကင်းကြပါစေ၊ (အဗျာပဇ္ဈာ) စိတ်ဆင်းရဲကင်းကြပါစေ၊ (အနီဃာ) ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ (သုခီ အတ္တာနံ ပရိဟရန္တု) ချမ်းသာနှင့်ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။ (သဗ္ဗေပါဏာ) အလုံးစုံသော အသက်ရှူသူတို့သည် ….။ (သဗ္ဗေ ဘူတာ) အလုံးစုံသော ကိုယ်ထင်ရှား ဖြစ် သူတို့သည် ….။ (သဗ္ဗေ ပုဂ္ဂလာ) အလုံးစုံသော ပုဂ္ဂိုလ်တို့သည် ….။ (သဗ္ဗေ အတ္တဘာဝပရိယာပန္နာ) အလုံးစုံသော အတ္တဘော၌ အတွင်းဝင်သူတို့ သည် ရန်ကင်းကြပါစေ စိတ်ဆင်းရဲ ကင်းကြပါစေ ချမ်းသာ နှင့် ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ” ဤသို့အစရှိသည်ဖြင့်ပဋိသမ္ဘိဒါမဂ်၌ ဟောထားသော စကားသည်၎င်း၊
[၂၈၉] အလုံးစုံသော သတ္တဝါတို့သည် ချမ်းသာနှင့် ပြည့်စုံကုန်သည်၎င်း၊ ဘေးငြိမ်းကုန်သည်၎င်း ဖြစ်ကြ ပါစေ၊ ချမ်းသာနှင့် ပြည့်စုံသော ကိုယ်စိတ်ရှိကုန်သည် ဖြစ်ကြပါစေ” ဤသို့ စသည်ဖြင့်၁- မေတ္တသုတ်၌ ဟောထားသောစကားသည်၎င်း ဆန့်ကျင်ပါသလော၊ ထိုပါဠိတော်သုံးရပ်တို့မှာ မိမိ၌ မေတ္တာပွါး စေခြင်းကို မဟောခဲ့သည် မဟုတ်ပါလောဟူ၍ စောဒနာငြားအံ့၊ (အဖြေကား) ထိုစကားသုံးရပ်သည်လည်း မဆန့်ကျင်ပါ၊ အဘယ့်ကြောင့်နည်း? ဟူမူ-ထိုစကားသုံးရပ်ကို အပ္ပနာဈာန်ကို ဆောင်တတ်သော ဘာဝနာအလိုအားဖြင့် ဟောထားခြင်း ဖြစ်သောကြောင့်၎င်း၊ ဤဝိသုဒ္ဓိမဂ်၌ပြသော မိမိ၌ မေတ္တာပွါးပုံ စကားကို သက်သေအဖြစ် အလိုအားဖြင့် ဆိုခြင်းဖြစ်သော ကြောင့်၎င်း ဖြစ်ပေသည်။
မှန်ပေ၏-”ငါသည် ချမ်းသာလို၏” အစရှိသော နည်းဖြင့် မိမိ၌ မေတ္တာကို အနှစ်တရာပတ်လုံးသော်၎င်း၊ အနှစ် တထောင် ပတ်လုံးသော်၎င်း အကယ်၍ ပွါးစေကာမူ ထိုပုဂ္ဂိုလ်အား အပ္ပနာမဖြစ်သည်သာတည်း။ စင်စစ်သော်ကား ”ငါသည် ချမ်းသာလို၏”စသည်ဖြင့် ပွါးစေသောသူအား ငါသည် ဆင်းရဲကို စက်ဆုပ်လျက် ချမ်းသာကို အလိုရှိသကဲ့သို့၎င်း၊ အသက် ရှင်နေလိုလျက် မသေလိုသကဲ့သို့၎င်း အခြားသတ္တဝါတို့သည်လည်း ဤအတူပင်ဟု မိမိကိုယ်ကို သက်သေပြု၍ (ဝါကိုယ်ချင်းစာ၍) အခြားသတ္တဝါတို့၌ စီးပွါးချမ်းသာကို လိုလားခြင်းသည် ဖြစ်ပေါ်ပေ၏။ မြတ်စွာဘုရားသည်လည်း- အလုံးစုံသော အရပ်မျက်နှာများသို့ စိတ်ဖြင့် လှည့်လည်၍ (ရှာကြည့်သော်လည်း) မိမိကိုယ်ထက် သာ၍ ချစ်အပ်သောသူကို တစုံတခုသော အရပ်၌မျှ မတွေ့မြင်ရလေရာ၊ မိမိမှ တပါးသောသူတို့သည် လည်း အသီးအသီးသော သူတို့၏ကိုယ်ကို ဤအတူပင် ချစ်(အပ်)ပေသည်။ ထို့ကြောင့် မိမိ၏ စည်းပွါး ချမ်းသာကို အလိုရှိသောသူသည် သူတပါးကို မညှဉ်းဆဲရာ” ဟူ၍ဟောတော်မူလျက် (မိမိကိုယ်ကို သက်သေပြု၍ မေတ္တာပွါးသော) ဤနည်းကို ပြတော်မူ (အပ်) ပေသည်။
၂၄၂။ ထို့ကြောင့် သက်သေအဖြစ်ထားရန် ရှေးဦးစွာ မိမိကိုယ်ကို မေတ္တာဖြင့် ဖြန့်ပြီးလျှင် ထိုမှအခြားမဲ့၌ မေတ္တာ ပွါးရန် လွယ်ကူစေခြင်းအကျိုးငှါ ထိုယောဂီ၏ ချစ်အပ်မြတ်နိုးအပ် အလေးပြုအပ် မေတ္တာပွါးအပ်-ပွါးထိုက်သောဆရာဖြစ်စေ, ဆရာနှင့်တူမျှသူ ဖြစ်စေ, ဥပဇ္ဈာယ်ဖြစ်စေ, ဥပဇ္ဈာယ်နှင့် တူမျှသူဖြစ်စေ အကြင်ပုဂ္ဂိုလ်သည် ရှိရာ၏၊ ထိုပုဂ္ဂိုလ်၏ ချစ်အပ်သူ မြတ်နိုးအပ်သူ ဖြစ်ခြင်း၏အကြောင်း ဖြစ်ကုန်သော ပေးကမ်းမှု ချစ်ဖွယ်စကားကို ပြောဆိုမှုစသည်တို့ကို၎င်း၊ အလေးပြုအပ် သူ မေတ္တာပွါးအပ်သူ ဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သော သီလ သုတစသည်တို့ကို၎င်း အောက်မေ့ဆင်ခြင်၍ ”ဤသူတော် ကောင်း ချမ်းသာနှင့်ပြည့်စုံပါစေ ဆင်းရဲကင်းပါစေ” ဤသို့ အစရှိသောနည်းဖြင့် မေတ္တာကို ပွါးစေအပ်၏။ ဤသို့သော ပုဂ္ဂိုလ်၌မူ အပ္ပနာဈာန်သည် ပြီးစီးပြည့်စုံနိုင်ပေ၏၊
သို့သော်လည်း ဤယောဂီရဟန်းသည် ထိုမျှဖြင့်သာ ရောင့်ရဲခြင်းသို့ မရောက်မူ၍ သီမာသမ္ဘေဒခေါ် နယ်ပယ်ပျက်ခြင်းကို ပြုလိုလျှင် ထိုမှ အခြားမဲ့၌ အလွန်ချစ်အပ်သော သူငယ်ချင်း၌၎င်း ထို့နောင် အလယ်အလတ် ပုဂ္ဂိုလ်၌၎င်း၊ ထို့နောင် ရန်သူပုဂ္ဂိုလ်၌၎င်း မေတ္တာကို ပွါးစေအပ်၏။ ထိုသို့ ပွါးစေလျှင်လည်း (ချစ်အပ်အလေးပြုအပ်သော ပုဂ္ဂိုလ်, အလွန်ချစ်အပ်သော ပုဂ္ဂိုလ်, အလယ်အလတ်ပုဂ္ဂိုလ်, ရန်သူပုဂ္ဂိုလ် ဟူသော လေးပါးသော ပုဂ္ဂိုလ်အဖို့တို့တွင်) တပါးပါးသော ပုဂ္ဂိုလ်အဖို့၌ စိတ်ကို နူးညံ့အောင် ဘာဝနာအမှု၌ ခန့်ကျန်း သန်စွမ်းအောင်ပြု၍ ထိုထိုအဖို့မှ အခြားမဲ့ အခြားမဲ့၌ (မေတ္တာစိတ်ကို) ဆောင်ပို့အပ်၏ (ပွါးစေအပ်၏)။
[၂၉ဝ] အကြင်ပုဂ္ဂိုလ်မှာမူ ရန်သူပုဂ္ဂိုလ် မရှိသည်မူလည်း ဖြစ်၏၊ သို့မဟုတ် ယောက်ျားမြတ်တို့၏ သဘောရှိသော ကြောင့် အကျိုးမဲ့ကို ပြုသောသူ၌သော်လည်း ရန်သူဟု အမှတ်ထားခြင်းသည်ပင် မရှိ၊ ထိုသို့သော ပုဂ္ဂိုလ်သည်ကား ”ငါ၏ မေတ္တာစိတ်သည် အလယ်အလတ်ပုဂ္ဂိုလ်၌ ခန့်ကျန်းစွာ ဖြစ်ပြီ၊ ယခုအခါ ထိုမေတ္တာစိတ်ကို ရန်သူ့ထံ ဆောင်ပို့အံ့”ဟု ကြောင့်ကြစိုက်ခြင်းကိုပင် မပြုအပ်တော့ပြီ၊ သို့ဖြစ်၍ ”အလယ်အလတ် ပုဂ္ဂိုလ်မှနောက် ရန်သူပုဂ္ဂိုလ်၌ မေတ္တာကို ပွါးစေအပ် ၏”ဟု ဆိုခဲ့သော စကားမှာ ရန်သူရှိသော ယောဂီကို ရည်၍ ဆိုသောစကား ဖြစ်ပေသည်။
၂၄၃။ ဆက်ဦးအံ့-ရန်သူပုဂ္ဂိုလ်၌ မေတ္တာစိတ်ကို ဆောင်ပို့သော ထိုယောဂီအား ထိုရန်သူက ပြုထားဘူးသော ပြစ်မှား မှုကို အောက်မေ့ဆင်ခြင်မိသဖြင့် အကယ်၍ အမျက်ဒေါသဖြစ်ငြားအံ့၊ သို့ဖြစ်လျှင် ဤယောဂီသည် (အလေးပြုအပ်သူ အစရှိ သော သုံးဦးသော) ရှေးပုဂ္ဂိုလ်တို့တွင် တဦးဦးသောပုဂ္ဂိုလ်၌ အဖန်တလဲလဲ မေတ္တာ (ဈာန်)ကို ဝင်စားပြီးလျှင် (ထိုမှ) ထ၍ ထိုရန်သူပုဂ္ဂိုလ်ကို အဖန်တလဲလဲ မေတ္တာပို့ခြင်းဖြင့် အမျက်ဒေါသကို ပယ်ဖျောက်အပ်၏။ ဤသို့ အားထုတ်သော်လည်း (အမျက်ဒေါသသည်)အကယ်၍ မငြိမ်းသေးငြားအံ့၊ သို့ဖြစ်လျှင်-
(ကကစူပမသြဝါဒ) လွှဥပမာဖြင့်ပြသော အဆုံးအမစသည်တို့ကို လျှောက်၍ ဆင်ခြင်သော အားဖြင့် အမျက်ဒေါသကို ပယ်ခြင်းငှါ အဖန်တလဲလဲ အားထုတ်အပ်၏။
ထိုသို့ အားထုတ်ခြင်းကိုလည်း ယခုပြမည့် အခြင်းအရာအားဖြင့် မိမိကိုယ်ကို ဆုံးမလျက်သာလျှင် ပြုအပ်ပေသည်။ (ဆုံးမပုံမှာ) အမျက်ထွက်နေသည့် အချင်းယောက်ျား၊ မြတ်စွာဘုရားက အောက်ပါသြဝါဒစကား များကို ဟောကြားခဲ့သည် မဟုတ်ပါလော-
”ရဟန်းတို့, ယုတ်မာသည့် အကျင့်ရှိကုန်သော ခိုးသူဒမြတို့သည် အစွန်းနှစ်ဖက်၌ အရိုးတပ် ထားသော ငါးမန်းစွယ်လွှကြီးဖြင့် အင်္ဂါကြီးငယ်တို့ကို တိုက်ဖြတ်ကုန်ရာ၏၊ ထိုသို့တိုက်ဖြတ်ကြရာ၌ သော်လည်း တိုက်ဖြတ်ခံရသော အကြင်သူသည် အကယ်၍ စိတ်ကို ပြစ်မှားစေငြားအံ့၊ ထိုသူသည် ထိုသို့စိတ်ကို ပြစ်မှားစေခြင်းဖြင့် ငါဘုရား၏ အဆုံးအမကို လိုက်နာသူ မမည်တော့ ချေ”ဟူ၍၎င်း၊ ”အကြင်သူသည် အမျက်ထွက်သောသူကို တုံ့ပြန်၍ အမျက်ထွက်၏၊ ထိုသူသည် ထိုတုံ့ပြန်၍ အမျက်ထွက်ခြင်းဖြင့် ပဌမက အမျက်ထွက်နေသော သူထက်ပင်သာ၍ ယုတ်မာသူ ဖြစ်လေသည်၊ အမျက်ထွက်သော သူကို တုံ့ပြန်၍ အမျက်မထွက်ပဲ သည်းခံနိုင်သောသူသည် အောင်နိုင်ခဲသော စစ်ပွဲ ကို အောင်နိုင်ပေသည်။
အကြင်သူသည် သူတပါးကို ပြင်းစွာ အမျက်ထွက်နေကြောင်း သိပြီးလျှင် သတိပြုလျက် အမျက်မထွက်ပဲ ငြိမ်းချမ်းစွာနေ၏၊ ထိုသူသည် မိမိနှင့် သူတပါး နှစ်ဦးသားလုံးတို့၏ အကျိုးကို ကျင့်သည် မည်ပေ၏”ဟူ၍၎င်း၊
”ရဟန်းတို့, ရန်သူတို့ အကြိုက်ဖြစ်၍ ရန်သူတို့က ပြုအပ် ပြုထိုက်ကုန်သော ဤသဘော တရား ခုနစ်ပါးတို့သည် အမျက်ထွက်သော မိန်းမထံသို့ ဖြစ်စေ, ယောက်ျားထံသို့ဖြစ်စေ ရောက်လာ ကုန်၏။ အဘယ် ခုနစ်ပါးတို့နည်း?ဟူမူ-(၁)ရဟန်းတို့, ရန်သူသည် ရန်သူအား ‘ဤသူသည် အဆင်းမလှ အရုပ်ဆိုးသည် ဖြစ်ပါမူ ကောင်းလေစွ’ဟု ဤသို့ အလိုရှိ၏။ ထိုသို့ အလိုရှိခြင်းသည် အဘယ်အကြောင်းကြောင့်နည်း?ရဟန်းတို့, ရန်သူသည် ရန်သူ၏ အဆင်းလှခြင်းကို မနှစ်သက်၊ (ထို့ကြောင့် ပေတည်း)။ ရဟန်းတို့, အမျက်ထွက်နေသော ဤ ယောက်ျား ပုဂ္ဂိုလ်သည် အမျက်ဒေါသ က လွှမ်းမိုးအပ်သည် အမျက်ဒေါသက နှိပ်စက်အပ်သည် ဖြစ်၍ (ဝါ-အမျက်ဒေါသ လွှမ်းမိုးနှိပ်စက် ခံနေရသောကြောင့်) ထိုသူသည် ကောင်းစွာ ရေချိုးပြီး၍ ကောင်းစွာ လိမ်းကျံကာ ဆံမုတ်ဆိတ်ကိုသ, ပြီး၍ ဖြူစင်သော အဝတ်ကို ဝတ်ဆင်ထားသည် ဖြစ်စေကာမူ စင်စစ်အားဖြင့် ထိုသူသည် အမျက် ဒေါသ လွှမ်းမိုးခံရသောကြောင့် အဆင်းမလှ အရုပ်ဆိုးနေသည်သာ ဖြစ်ချေသည်၊
[၂၉၁] ရဟန်းတို့, ဤသည်ကား အမျက်ထွက်သော မိန်းမ ယောက်ျားထံသို့ ရောက်လာတတ်သော ရန်သူတို့ အကြိုက် ဖြစ်၍ ရန်သူတို့က ပြုထိုက်သော ပဌမသဘောတရားပေတည်း။ (၂) ရဟန်းတို့, တဖန် အခြားသဘော တရားကား ရန်သူသည် ရန်သူအား ‘ဤသူသည် ဆင်းရဲစွာ အိပ်နေရပါမူ ကောင်းလေစွ’ဟု ဤသို့ အလိုရှိ၏။ပ။ ‘ဤသူသည် များသော အကျိုးစီးပွါးနှင့် မပြည့်စုံပါမူ ကောင်းလေစွ’ဟု ဤသို့အလို ရှိ၏။ ပ။ ‘ဤသူသည် စည်းစိမ်ဥစ္စာနှင့် မပြည့်စုံပါမူ ကောင်းလေစွ’ဟု ဤသို့ အလိုရှိ၏။ ပ။ ‘ဤ သူသည် အခြွေအရံနှင့် မပြည့်စုံပါမူ ကောင်းလေစွ’ဟု ဤသို့ အလိုရှိ၏။ ပ။ ‘ဤသူသည် မိတ်ဆွေ မရှိသည် ဖြစ်ပါမူ ကောင်းလေစွ’ဟု ဤသို့ အလိုရှိ၏။ပ။ (၇) ရဟန်းတို့, တဖန် အခြားသဘော တရားကား ရန်သူသည် ရန်သူအား ဤသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ သုဂတိ နတ်ပြည်သို့ မရောက်ပါမူ ကောင်းလေစွ’ဟု ဤသို့အလိုရှိ၏။ ထိုသို့ အလိုရှိခြင်းသည် အဘယ် အကြောင်းကြောင့်နည်း?ရဟန်းတို့, ရန်သူသည် ရန်သူ၏ သုဂတိသို့ ရောက်ခြင်းဖြင့် မနှစ်သက်၊ (ထို့ကြောင့်ပေတည်း)။ ရဟန်းတို့, အမျက်ထွက်သော ဤယောက်ျားပုဂ္ဂိုလ်သည် အမျက်ဒေါသက လွှမ်းမိုးအပ် နှိပ်စက်အပ်သည်ဖြစ်၍ ကိုယ်ဖြင့် ဒုစရိုက်ကို ပြုကျင့်၏၊ နှုတ်ဖြင့်၊ စိတ်ဖြင့် ဒုစရိုက်ကို ပြုကျင့်၏၊ ထိုအမျက်ထွက်သောသူသည် အမျက်ဒေါသ လွမ်းမိုး ခံရသောကြောင့် ကိုယ်ဖြင့်, နှုတ်ဖြင့်, စိတ်ဖြင့် ဒုစရိုက်ကို ပြုကျင့်ပြီးလျှင် ခန္ဓာကိုယ် ပျက်စီး၍ သေသည်မှ နောက်၌ အပါယ်ဘုံ ဒုဂ္ဂတိဘုံ ပျက်စီး၍ ကျရောက်ရာ ဝိနိပါတဘုံ ငရဲဘုံသို့ ကပ်ရောက်ရချေ၏။ ရဟန်းတို့, ဤသည်ကား အမျက် ထွက်သော မိန်းမ ယောက်ျားထံသို့ ရောက်လာတတ်သော ရန်သူတို့ အကြိုက်ဖြစ်၍ ရန်သူတို့က ပြုထိုက်သော သတ္တမ သဘောတရားပေတည်း”ဟူ၍၎င်း၊
”ရဟန်းတို့, အစွန်းနှစ်ဖက်၌ မီးလောင်ထားသော အလယ်၌ မစင်လူးနေသော သူသေကောင် ဖုတ်သည့် ထင်းကုလားသည် ရွာ၌ သစ်သားဖြင့် ပြုဖွယ်ကိစ္စကို မပြီးစေသည်သာ၊ တော၌ သစ်သား ဖြင့် ပြုဖွယ်ကိစ္စကို မပြီးစေသည်သာ ဖြစ်သကဲ့သို့ အဘိဇ္ဈာ ဗျာပါဒစသည် ဖြစ်ပွါးနေသော ဤပုဂ္ဂိုလ် ကို ထိုထင်းကုလားနှင့် တူသည်ဟု ငါဘုရားဆိုပေသည်”ဟူ၍၎င်း မြတ်စွာဘုရား ဟောကြားထားခဲ့ သည်မဟုတ်ပါလော။
ယခုအခါ ထိုသို့ အမျက်ထွက်နေသော သင်သည် ဤသို့ အမျက်ထွက်နေသောကြောင့် မြတ်စွာဘုရား၏ အဆုံးအမ ကို လိုက်နာသူလည်း မဖြစ်လတံ့၊ တုံ့ပြန်၍ အမျက်ထွက်သောကြောင့် ပဌမ အမျက်ထွက်သော သူထက်သော်လည်း ယုတ်ညံ့ သည်ဖြစ်၍ အောင်နိုင်ခဲသော စစ်ပွဲကိုလည်း မအောင်နိုင်ရလတံ့၊ ရန်သူကပြုထိုက်သော သဘောတရားတို့ကိုလည်း မိမိ ကိုယ်တိုင်ပင် မိမိအား ပြုရာရောက်လတံ့၊ (လူ့ စည်းစိမ်လည်း ဆုံးရှုံး, ရဟန်းကိစ္စလည်း မပြီးသဖြင့်) ထင်းကုလားနှင့် တူသည်လည်း ဖြစ်ရလတံ့-ဟူ၍ (မိမိကိုယ်ကို ဆုံးမလျက်သာလျှင် အမျက်ဒေါသကို ပယ်ရန် အားထုတ်ခြင်းကို ပြုအပ်ပေ သည်)။
၂၄၄။ ဤဆိုခဲ့သည့်အတိုင်း အမျက်ဒေါသကို ပယ်ရန် အားထုတ်လျက် လုံ့လပြုနေသော ထိုယောဂီအား ထိုအမျက် ဒေါသသည် အကယ်၍ ငြိမ်းငြားအံ့၊ ဤသို့ ငြိမ်းခြင်းသည် ကောင်းလှပေ၏။ အကယ်၍ မငြိမ်းသေးပါမူ ရန်သူ ဖြစ်သော ထိုပုဂ္ဂိုလ်၏ အကြင် အကြင် အမူအရာ သဘောတရားသည် ငြိမ်သက်သည် ထက်ဝန်းကျင်စင်ကြယ်သည်ဖြစ်အံ့၊ အောက်မေ့ ဆင်ခြင်လျှင် ကြည်လင်ခြင်း ကြည်ညိုခြင်းကို ဆောင်ငြားအံ့၊ ထိုထို အမူအရာသဘောတရားကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်၍ အမျက်ဒေါသကို ပယ်ဖျောက်အပ်၏။
ချဲ့၍ပြရလျှင် အချို့သောသူမှာ ကိုယ်အမူ အကျင့်သည်သာလျှင် ငြိမ်သက် ငြိမ်းအေး၏၊ များစွာသော ဝတ်ကြီး ဝတ် ငယ်ကို ပြုသည်ဖြစ်၍ ထိုသူ၏ ကိုယ်အမူအရာ ငြိမ်သက် ငြိမ်းအေးသည်၏အဖြစ်ကို အလုံးစုံသော အတူနေပုဂ္ဂိုလ် အပေါင်း က သိရပေ၏၊ နှုတ်အမူအကျင့် စိတ်အမူအကျင့်တို့သည်ကား မငြိမ်သက် မငြိမ်းအေးကုန်။ ထိုသူ၏ ထိုမငြိမ်းအေးသော နှုတ် စိတ် အမူအကျင့်တို့ကို မစဉ်းစားမူ၍ ကိုယ်အမူအကျင့်၏ ငြိမ်သက် ငြိမ်းအေးခြင်းကိုသာလျှင် အောက်မေ့ဆင်ခြင်အပ်၏။
[၂၉၂] အချို့သောသူမှာ နှုတ်အမူအကျင့်သည်သာလျှင် ငြိမ်သက် ငြိမ်းအေး၏၊ ထိုနှုတ်အမူအကျင့်၏ ငြိမ်သက် ငြိမ်းအေးသည်၏ အဖြစ်ကိုလည်း အတူနေ ပုဂ္ဂိုလ်အားလုံးက သိရပေ၏၊ သိရပုံမျာ ထိုသူသည် ပကတိပင်ကို အားဖြင့်ပင် လျှင် စေ့စပ်ပြောဆိုမှု ပဋိသန္ထာရ၌ ကျွမ်းကျင်၏ အပြောအဆို ပြေပြစ်၏ နားချမ်းသာအောင် ပြောတတ်၏ အညီအညွတ် ဝမ်းမြောက်အောင် ပြောဆိုတတ်၏ (မျက်မှောင်မကုပ် မျက်နှာမငုံ့ပဲ) ပေါ်လွင်သော မျက်နှာရှိ၏ ရှေးဦးစွာ နှုတ်ဆက် ပြော ဆိုလေ့ရှိ၏ ချိုသာသောအသံဖြင့် တရားကိုရွတ်ဆိုတတ်၏ ထက်ဝန်းကျင် ပြည့်စုံသော ပုဒ်ဝါကျတို့ဖြင့် တရားစကားကို ပြောဟောတတ်၏၊ သို့သော် ကိုယ်အမူအကျင့် စိတ်အမူအကျင့်တို့သည်ကား မငြိမ်သက် မငြိမ်းအေးကုန်၊ ထိုသူ၏ ထို မငြိမ်သက် မငြိမ်းအေးသော ကိုယ်စိတ်အမူအကျင့်တို့ကို မစဉ်းစားမူ၍ နှုတ်အမူအကျင့်၏ ငြိမ်သက် ငြိမ်းအေးခြင်းကို သာလျှင် အောက်မေ့ဆင်ခြင်အပ်၏။
အချို့သောသူမှာ စိတ်အမူအကျင့်သည်သာလျှင် ငြိမ်သက် ငြိမ်းအေး၏၊ ထို စိတ်အမူအကျင့်၏ ငြိမ်သက် ငြိမ်းအေး သည်၏ အဖြစ်သည်လည်း စေတီတော်ကို ရှိခိုးခြင်း စသည်တို့၌ အတူနေပုဂ္ဂိုလ်အားလုံးအား ထင်ရှားပေ၏။ ထင်ရှားပုံကား -စိတ်မငြိမ်သက် မငြိမ်းအေးသော သူသည် စေတီတော်ကို ဖြစ်စေ, ဗောဓိပင်ကို ဖြစ်စေ, မထေရ်တို့ကိုဖြစ်စေ ရှိခိုးလျှင် ကောင်းမွန် ရိုသေစွာ ရှိမခိုး၊ တရားနာရာ မဏ္ဍပ်ဌာန၌ စိတ်ပျံ့လွင့်လျက်သော်၎င်း၊ ငိုက်မျည်းလျက်သော်၎င်း ထိုင်နေ၏၊ စိတ်ငြိမ် သက် ငြိမ်းအေးသောသူသည်ကား သက်ဝင်ယုံကြည်၍ ရှိခိုး၏၊ နားစိုက်လျက် (တရားကို) စီးပွါးသဖွယ် ပြုလျက် ကိုယ်ဖြင့် နှုတ်ဖြင့် စိတ်၏ ကြည်လင်ခြင်းကို ပြုလျက်-ပြလျက် တရားကို နာ၏၊ ဤပုံ ဤနည်းဖြင့် အချို့သောသူမှာ စိတ်အမူအကျင့်သည်သာလျှင် ငြိမ်သက် ငြိမ်းအေး၏။ ကိုယ်နှုတ်အမူအကျင့်တို့သည်ကား မငြိမ်သက် မငြိမ်းအေးကုန်။ ထိုသူ၏ ထိုမငြိမ်သက် မငြိမ်းအေးသော ကိုယ်နှုတ်အမူအကျင့်တို့ကို မစဉ်းစားမူ၍ စိတ်အမူအကျင့်၏ ငြိမ်သက် ငြိမ်းအေး ခြင်းကိုသာ လျှင် အောက်မေ့ ဆင်ခြင်အပ်၏။
အချို့သောသူမှာမူ ဤသုံးပါးသော အကျင့်သဘော တို့တွင် တခုမျှသော်လည်း မငြိမ်သက် မငြိမ်းအေးပေ၊ ထို ပုဂ္ဂိုလ်၌ ”ဤသူသည် ယခုအခါ လူ့လောက၌ ကျက်စားသွားလာနေသော်လည်း ရက်အနည်းငယ် လွန်သောအခါ (တော်တော် ကြာလျှင်) ငရဲကြီးရှစ်ခု ဥဿဒငရဲငယ် တဆယ့်ခြောက်ခုတို့ကို ပြည့်စေလျက် ဖြစ်ရရှာလိမ့်မည်”ဟု ဆင်ခြင်ကာ သနားခြင်း ကရုဏာကို ဖြစ်စေအပ်၏။ ဖြစ်စေသင့်သည် မှန်ပေ၏-သနားခြင်း ကရုဏာကို စွဲ၍လည်း ရန်ငြိုးသည် ငြိမ်း တတ်ပေ၏။
အချို့သော သူမှာ ဤ အကျင့်သဘောများ သုံးပါးလုံးပင် ငြိမ်သက် ငြိမ်းအေးကုန်၏၊ ထိုသူ၏ အမူအကျင့်များ တွင်မူ အလိုရှိရာရာကို အောက်မေ့ဆင်ခြင်နိုင်ပေ၏၊ မှန်ပေ၏-ထိုသို့သော ပုဂ္ဂိုလ်၌ မေတ္တာကို ပွါးစေရန် မခဲယဉ်းပေ။ ဤဆိုခဲ့သောအနက် ထင်ရှားပေါ်လွင်စေရန် ”ငါ့ရှင်တို့, ရန်ငြိုး (အာဃာတ)ကို ပယ်ဖျောက်ကြောင်း တရားတို့သည် ဤငါးပါးတို့ ပေတည်း၊ ယင်း ငါးပါးတို့၌ ရဟန်းမှာ ဖြစ်ပေါ်လာသည့် ရန်ငြိုး (အာဃာတ)ကို အချင်းခပ်သိမ်း ပယ်ဖျောက် အပ်၏” ဤသို့ အစရှိသော အင်္ဂုတ္တရပါဠိ ပဉ္စကနိပါတ်လာ ဤ အာဃာတပဋိဝိနယသုတ်ကို ချဲ့၍ ပြအပ်၏။
၂၄၅။ ဤသို့ လုံ့လပြုနေသော်လည်း ဤ ယောဂီအား အာဃာတဒေါသသည် ဖြစ်လျက်ပင် ရှိငြားအံ့၊ သို့ဖြစ်လျှင် ဤ ယောဂီသည် မိမိကိုယ်ကို ဤသို့ ဆုံးမအပ်၏-
[၂၉၃] ရန်သူသည် သင့်အား ဆင်းရဲကို ပြုအပ်-ပြုနိုင်ပါမူ သူ၏ ပြုနိုင်ကောင်းသော အရာ (ဖြစ်သော သင်၏ ကိုယ်)၌ (ပြုရာ၏) ထိုရန်သူ၏ အရာမဟုတ်သော မိမိ၏ စိတ်၌ ဆင်းရဲကို (ကိုယ် တိုင်ပင်) ပြုရန် အဘယ့်ကြောင့် သင်အလိုရှိဘိသနည်း။
များသော ကျေးဇူးရှိသော ဆွေမျိုးအပေါင်းကို မျက်ရည်စီးယို ငိုကြွေးတားမြစ်နေစဉ် စွန့်ပစ် (၍ ရဟန်းပြု) နိုင်ခဲ့ပါလျက် များစွာသော အကျိုးမဲ့ကို ပြုတတ်သော အမျက်ဒေါသဟူသော ရန်သူကို အဘယ့်ကြောင့် မစွန့်နိုင်ပါ သနည်း။
(သူတော်ကောင်း,) သင်သည် အကြင် သီလတို့ကို စောင့်ရှောက်နေ၏၊ ထို သီလတို့၏ အမြစ်အရင်း (ဖြစ်သော ဟိရီ သြတ္တပ္ပ ခန္တီ မေတ္တာ ကရုဏာ)တို့ကို ဖြတ်တတ်သော အမျက် ဒေါသကို အလိုလိုက်ထားဘိ၏၊ သင်နှင့်တူသော သူမိုက်သည် အဘယ်သူရှိအံ့နည်း။
(ပညာရှိ,) သူတပါးက ငါ့အား ယုတ်မာသော ပြစ်မှားမှုကို ပြုလေပြီဟူ၍ အကြင် သင်သည် အမျက်ထွက် ဘိ၏၊ ထိုသင်သည် သူတပါးကပြုသည့် ထို ပြစ်မှားမှုနှင့် အလားတူသည်သာဖြစ်သော မကောင်းမှုကို ကိုယ်တိုင်ပြုရန် အဘယ့်ကြောင့် အလိုရှိဘိသနည်း။
(ပညာရှိ,) ရန်သူဖြစ်သော သူတပါးက သင့်ကို ဒေါသဖြစ်စေလိုသောကြောင့် မနှစ်မြို့ မခံချင်ဖွယ်အမှုကို အကယ်၍ ပြုသည်ဖြစ်ငြားအံ့၊ သင်ကိုယ်တိုင်က အမျက် ဒေါသကို ဖြစ်စေခြင်းဖြင့် ထို ရန်သူ၏ပင်လျှင် နှလုံးအလိုကို ပြည့်စေသည် မဟုတ်ပါလော။
(ချမ်းသာလိုသည့်သူတော်ကောင်း,) သင်သည် အမျက်ထွက်သည်ဖြစ်၍ ပြစ်မှားဘူးသော ထိုရန်သူအား ဆင်းရဲမည်သည်ကိုမူ ပြုနိုင်သည်လည်း ရှိရာ၏၊ မပြုနိုင်သည်လည်း ရှိရာ၏၊ သို့သော် မိမိကိုယ်ကိုမူ ယခုလက်ငင်းပင်လျှင် အမျက်ဒေါသဟူသော ဆင်းရဲဖြင့် နှိပ်စက်နေချေပြီတကား။ (ပညာရှိ,) ရန်သူတို့သည် အမျက်ဒေါသဖြင့် ဉာဏ်မြင်ကန်းကြသည်ဖြစ်၍ အကျိုးမဲ့လမ်း မှားသို့ အကယ်၍ လိုက်သွားကြငြားအံ့၊ သင်သည်လည်း အမျက်ထွက်လျက် ထိုရန်သူတို့အားပင်လျှင် အဘယ့်ကြောင့် အတုလိုက်၍ ပြုကျင့်ဘိသနည်း။
(ပညာရှိ,) သင်၏ ရန်သူသည် အကြင် ဒေါသကို မှီ၍ မုန်းဖွယ်အမှုကို သင်အား ပြုခဲ့လေပြီ၊ အကြောင်းရင်း ဖြစ်သော ထို ဒေါသကိုသာလျှင် ပယ်ဖြတ်ပါလော့၊ (ဒေါသ၏ အစေခံဖြစ်၍) အရာ မဟုတ်သော ထို ပုဂ္ဂိုလ်၌ အဘယ့်ကြောင့် (စိတ်ဆိုးလျက်) ပင်ပန်းနေဘိသနည်း။ စဉ်းစားစရာ နောက်တခုကတော့ ပရမတ်တရားတို့၏ တခဏမျှသာ တည်ကြခြင်းကြောင့် ရန်သူ၏ သန္တာန်၌ အကျုံးဝင်သော အကြင်ခန္ဓာတို့က သင့်အား မနှစ်မြို့ဖွယ်ကို ပြုခဲ့၏၊ ထိုခန္ဓာတို့ သည် ချုပ်သွားလေကုန်ပြီ။ ယခုအခါ (မနှစ်မြို့ဖွယ်ကို ပြုသူဟု ထင်မှတ်ရသော) ဤရန်သူ၏ သန္တာန် ၌ အဘယ်ခန္ဓာကို သင် အမျက်ထွက်နေသနည်း။
အကြင်သူသည် အကြင်သူအား ဆင်းရဲကို ပြုသည် (ဆိုလျှင်) ဆင်းရဲအပြုခံ ထိုသူနှင့်ကင်း၍ ထို ဆင်းရဲပြုသော သူသည် အဘယ်သူအား ပြုနိုင်အံ့နည်း။ (သို့ဖြစ်၍) ဆင်းရဲအပြုခံ သင်ကိုယ်တိုင် သည်လည်း ဆင်းရဲ (ပြုခြင်း)၏ အကြောင်းဖြစ်ပေသည်။ ဤသို့ ပြုသူ ခံသူ နှစ်ဦးစလုံးပင် ဆင်းရဲ ပြုခြင်း၏ အကြောင်းဖြစ်ပါလျက် ထိုဆင်းရဲပြု သူကိုသာ အဘယ့်ကြောင့် အမျက်ထွက်နေဘိသနည်း။ ဤသို့ (မိမိကိုယ်ကို ဆုံးမအပ်ပေသည်။)
၂၄၆။ ဤဆိုခဲ့သည့်အတိုင်း မိမိကိုယ်ကို ဆုံးမသော်လည်း ဤယောဂီ၏ အမျက်ဒေါသသည် အကယ်၍ မငြိမ်း သေးသည်သာ ဖြစ်ငြားအံ့၊ သို့ဖြစ်လျှင် ဤ ယောဂီသည် မိမိ၏၎င်း၊ သူတပါး၏၎င်း ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၏ အဖြစ်ကို ဆင်ခြင်အပ်၏။ ထိုတွင် ရှေးဦးစွာ မိမိ၏ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိပုံကို ဤသို့ ဆင်ခြင်အပ်ပေသည် ”အချင်း ယောဂီ သင်သည် ထိုသူအား အမျက်ထွက်သဖြင့် အဘယ်ကို ပြုမည်နည်း၊ ဒေါသလျှင် အကြောင်းရှိသော သင်ပြုမည့် ဤ မကောင်းမှုသည် သင်၏သာလျှင် အကျိုးမဲ့အလို့ငှါ ဖြစ်မည်မဟုတ်ပါလော။ မှန်ပေ၏-သင်သည် ကိုယ်တိုင်ပြုသည့် ကံသာ လျှင် ကိုယ်ပိုင်ဥစ္စာရှိ၏ ကံ၏အမွေခံဖြစ်၏ ကံသာလျှင် (ဆင်းရဲရန် ချမ်းသာရန်) အကြောင်းရှိ၏ ကံသာလျှင် ဆွေမျိုးရှိ၏ ကံသာလျှင် အားကိုးရာရှိ၏၊ အကြင်ကံကို ပြုငြားအံ့၊ ထိုကံ၏ အမွေခံ ဖြစ်ရလိမ့်မည်။ သင်ပြုလိုသော ဤကံသည်လည်း
[၂၉၄] သမ္မာသမ္ဗောဓိဉာဏ်ကို မပြီးစေနိုင် ပစ္စေကဗောဓိဉာဏ်ကိုလည်း မပြီးစေနိုင် သာဝကဗောဓိဉာဏ် ဟူသော သာဝကဘုံ ကိုလည်း မပြီးစေနိုင် ဗြဟ္မာအဖြစ်, သိကြားအဖြစ်, စကြဝတေးမင်း ပဒေသရာဇ်မင်း စသည်တို့၏ စည်းစိမ်တို့တွင် တပါးပါး သော စည်းစိမ်ကိုလည်း မပြီးစေနိုင်၊ စင်စစ်သော်ကား သင်၏ ဤ ကံသည် သာသနာတော်မှ ရွေ့လျောစေ၍ စားကြွင်းစား စသည်၏ အဖြစ်ကို၎င်း၊ ငရဲ ဆင်းရဲ အစရှိသော ဆင်းရဲအထူး တို့ကို၎င်း ဖြစ်စေနိုင်၏။ အမျက်ဒေါသကို မငြိမ်းစေနိုင်သော ထိုသင်သည် ဤမကောင်းမှုကိုပြုလျှင် လက်နှစ်ဖက်တို့ဖြင့် မီးလျှံကင်းသော မီးကျီးခဲတို့ကိုသော်၎င်း, မစင်ကိုသော်၎င်း ကိုင်၍ သူတပါးကို ပုတ်ခတ်လိုသော ယောက်ျားကဲ့သို့ မိမိကိုယ်ကိုသာလျှင် ရှေးဦးစွာ လောင်စေသည်၎င်း၊ မကောင်းသော အနံ့ ရှိသည်ကို ပြုသည်၎င်း ဖြစ်လိမ့်မည်”ဟု ဆင်ခြင်အပ်ပေသည်။
ဤသို့ မိမိ၏ကံသာလျှင် ဥစ္စာရှိပုံကို ဆင်ခြင်ပြီးလျှင် သူတပါး၏လည်း ကံသာလျှင် ဥစ္စာရှိပုံကို ဤသို့ ဆင်ခြင် အပ်ပေသည်-”သင်၏ ရန်သူဖြစ်သော ထိုသူသည်လည်း သင်အား အမျက်ထွက်သဖြင့် အဘယ်ကို ပြုလိမ့် မည်နည်း၊ ထိုသူ ပြုသော ဤ မကောင်းမှုသည် ထိုသူ၏သာလျှင် အကျိုးမဲ့အလို့ငှါ ဖြစ်လိမ့်မည်၊ မှန်၏-ဤအရှင်သည် ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိ၏ ကံ၏အမွေခံဖြစ်၏။ပ။ အကြင်ကံကို ပြုငြားအံ့၊ ထိုကံ၏ အမွေခံ ဖြစ်ရလိမ့်မည်။ ထိုသူ၏ ဤကံသည်လည်း သမ္မာသမ္ဗောဓိဉာဏ်ကို မပြီးစေနိုင်။ပ။ ပဒေသရာဇ်မင်း အစရှိသော စည်းစိမ်တို့တွင် တပါးပါးသော စည်းစိမ်ကိုလည်း မပြီးစေနိုင်၊ စင်စစ်သော်ကား ထိုသူ၏ ဤကံသည် သာသနာမှ ရွေ့လျောစေ၍ စားကြွင်းစား စသည်၏အဖြစ်ကို၎င်း၊ ငရဲ ဆင်းရဲ မစရှိသော ဆင်းရဲအထူးတို့ကို၎င်း ဖြစ်စေနိုင်၏။ ဤမကောင်းမှုကိုပြုသော ထိုအရှင်သည် လေကြေ လေအောက် အရပ်၌ တည်၍ သူတပါးကို မြူမှုန်ဖြင့် ကြဲသော ယောက်ျားကဲ့သို့ မိမိကိုယ်ကိုသာလျှင် ကြဲမိလေသည်။ မှန်ပေ၏- အောက်ပါ ဂါထာကို မြတ်စွာဘုရား ဟောတော်မူခဲ့ပေ၏-
”အကြင် သူသည် (မည်သူကိုမျှ) မပြစ်မှားတတ်သော လူအား ပြစ်မှား၏၊ စင်ကြယ်၍ ကိလေသာ ကင်းသော ပုဂ္ဂိုလ်အား (ပြစ်မှား၏)၊ ပြစ်မှားသော မကောင်းမှုကံသည် ထိုပြစ်မှားသူ လူမိုက်ထံသို့သာလျှင် (မကောင်းကျိုး ပေးသောအားဖြင့်) ပြန်လာ၏၊ (ဥပမာ) လေညာသို့ ပစ်လွှင့် လိုက်သော သိမ်မွေ့သော မြူမှုန် (သည် ပစ်လွှင့်သူထံ ပြန်လာသ)ကဲ့သို့ ပေတည်း”ဟု ဟောတော်မူ ခဲ့ပေ၏။
၂၄၇။ ဤဆိုခဲ့သည့်အတိုင်း ကံလျှင် ကိုယ်ပိုင်ဥစ္စာ ရှိပုံကို ဆင်ခြင်သော်လည်း ဤယောဂီ၏ အမျက်ဒေါသသည် အကယ်၍ မငြိမ်းသေး ငြားအံ့၊ သို့ဖြစ်လျှင် ဤယောဂီသည် ဆရာသခင်ဖြစ်တော်မူသော မြတ်စွာဘုရား၏ ရှေးဘဝတို့၌ ကျင့်ခဲ့သော ဂုဏ်တို့ကို အောက်မေ့ဆင်ခြင်အပ်ကုန်၏။
ထိုသို့ ဆင်ခြင်ရာ၌ ဤ ဆိုမည့်စကားသည် ဆင်ခြင်ပုံနည်းပေတည်း-အချင်းရဟန်း သင်၏ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် သစ္စာတို့ကို သိတော်မူသည့် ဘဝမှ ရှေးဘဝများစွာကပင်လျှင် သစ္စာကို မသိသေးသူ ဘုရားအလောင်း အလျာ ဖြစ်လျက်သော်လည်း လေးသင်္ချေနှင့် ကမ္ဘာတသိန်းတို့ ပတ်လုံး ပါရမီတို့ကို ဖြည့်ဆည်းပူးတော်မူစဉ် ထိုထို ဘဝတို့၌ ရန်သူ သူသတ်သ္မားတို့၌သော်လည်း စိတ်ကို မပျက်စေပဲ သည်းခံခဲ့သည် မဟုတ်လော။ စိတ်ကို မပျက်စေပဲ သည်းခံပုံမှာရှေးဦးစွာ သီလဝဇာတ်၌ မိမိ၏ မိဖုရား၌ ပြစ်မှားသော အမတ်ယုတ်က ခေါ်ဆောင်လာခဲ့သော ရန်သူမင်းသည်
[၂၉၅] ယူဇနာ သုံးရာရှိသော တိုင်းပြည်ကို သိမ်းယူရန် အားထုတ်သောအခါ ထိုမင်းကို တားမြစ်ရန် ထကြွထွက်ပေါ် လာကြသော အမတ် တို့အား လက်နက်ကို ထိခြင်းငှါသော်လည်း (အလောင်းတော် သီလဝမင်းသည်) ခွင့်မပြုခဲ့ပေ။ တဖန် သူသေကောင်တို့ကို စွန့်ပစ်ရာ သုသာန်၌ မြေကို လည်ပင်းပမာဏမျှ တူး၍ အမတ်တထောင်နှင့်တကွ မြှုပ်ထားခြင်းကို ခံနေရသော ထိုဘုရား အလောင်းတော်မင်းသည် ထိုရန်သူမင်း၌ စိတ်ဖြင့် ပစ်မှားခြင်းမျှကိုသော်လည်း မပြုမူ၍ သူသေကောင်တို့ကို စားရန်လာကြ သော မြေခွေးတို့၏ မြေမှုန့်ယက်ထုတ်ခြင်းကို မှီ၍ (မြှုပ်ထားရာမှ လွတ်ထွက်ရန်) ယောက်ျားတို့ ပြုအပ်သော အားထုတ်မှုကို ပြုသဖြင့် တဖန် အသက်ရှင်ခြင်းကို ရသည်ဖြစ်၍ ဘီလူးတို့၏ တန်ခိုးအာနုဘော်ဖြင့် မိမိ၏ ကျက်သရေတိုက်ခန်းသို့ ဝင်ရောက်ပြီးလျှင် ကျက်သရေရှိသော အိပ်ရာ၌ အိပ်စက်နေသော ရန်သူမင်းကို တွေ့မြင်ရသော်လည်း အမျက် ထွက်ခြင်းကို မပြုမူ၍သာလျှင် အချင်းချင်း (အန္တရာယ် မပြုရန်) ကျိန်စာဆိုကြပြီးလျှင် ထိုရန်သူမင်းကို မိတ်ဆွေ အရာ၌ တည်စေ၍- ”အချင်းတို့ ပညာရှိသော ယောက်ျားသည် (လိုသောအကျိုးကို) တောင့်တ၍ အားထုတ်ရာ သည်သာတည်း၊ ငြီးငွေ့ဆုတ်နစ်လျက် စိတ်မပျက်ရာ၊ သူတပါးကို မညှဉ်းဆဲပဲ တဖန်ပြန်၍ မင်းဖြစ် ခြင်းကို အလိုရှိခဲ့၏၊ ထို အလိုရှိသည့် အတိုင်းပင် ဖြစ်ခဲ့လေသည်၊ ထိုသို့ ဖြစ်သော မိမိကိုယ်ကို ငါ သည် တွေ့မြင်နေရပေသည်”ဟု မိန့်ဆိုလေ၏။
ခန္တီဝါဒီဇာတ်၌ ပညာမဲ့သော ကလာဗုမည်သော ကာသိမင်းသည် ”ရှင်ရဟန်း, သင်သည် အဘယ်ဝါဒရှိသနည်း- အဘယ်ကို ဆိုလေ့ရှိသနည်း”ဟု မေးသည်။ ”သည်းခံခြင်းကို ဆိုလေ့ရှိသောကြောင့် ခန္တီဝါဒီမည်သည်”ဟု ဖြေကြားသောအခါ ထိုမင်းက သံဆူးတပ်ထားသော ကြိမ်တို့ဖြင့် ရိုက်နှက်စေပြီးလျှင် လက်ခြေတို့ကို ဖြတ်သော်လည်း အမျက်ထွက်ခြင်းမျှကို သော်လည်း မပြုခဲ့-မဖြစ်စေခဲ့ပေ။
ဤ ခန္တီဝါဒီရသေ့၏ သည်းခံခြင်းသည် မအံ့သြလောက်သေးပေ။ အကြောင်းမူကား အရွယ်အားဖြင့် ကြီးရင့်သူ ဖြစ်သည့်ပြင် ရသေ့အဖြစ်သို့ ကပ်ရောက်နေသောသူသည် ဤသို့ သည်းခံခြင်းကို ပြုနိုင်ရာသည်ဟု စဉ်းစားဖွယ် ရှိသော ကြောင့်ပေတည်း။ ထို့ထက် အံ့သြဖွယ်ကောင်းသည်မှာမူ စူဠဓမ္မပါလဇာတ်၌ ပက်လက် အိပ်တတ်ကာမျှ သူငယ်ဖြစ်သော် လည်း-
”နိုင်ငံတော် မြေ၏အမွေခံဖြစ်သော သားတော် ဓမ္မပါလ၏ စန္ဒကူးရည်ဖြင့် လိမ်းကျံထား သော လက်မောင်းတို့သည် ပြတ်ကုန်ပါပြီ အရှင်မင်းကြီး၊ ကျမ၏ အသက်တို့သည် ချုပ်နေကြယောင် တကား”ဟူ၍ဤသို့
မယ်တော် မိဖုရားကြီးက ငိုကျွေး မြည်တမ်းနေစဉ် ခမည်းတော်ဖြစ်သူ မဟာပတာပမည်သော မင်းက စေခိုင်း သဖြင့် သူသတ်သ္မားက ဓမ္မပါလသူငယ်၏ လက်ခြေလေးခုတို့ကို ဝါးမျှစ်ကိုကဲ့သို့ပင် ခုတ်ဖြတ်လေ၏၊ ထိုမျှဖြင့်လည်း အားမရသေးသောကြောင့် ထိုသူငယ်၏ ဦးခေါင်းကို ဖြတ်လော့ဟူ၍ အမိန့်ပေးသောအခါ ”အမောင် ဓမ္မပါလ ယခုအခါ သင် သည် စိတ်ကို ချုပ်တည်းသိမ်းဆည်းရမည့် အခါပေတည်း (ဝါ-စိတ်ကိုကောင်းစွာ နှိပ်ကွပ်လျက် ဆုံးမရမည့် အခါပေတည်း)၊ ယခုအခါ ဦးခေါင်းကို ဖြတ်ရန် အမိန့်ပေးသော ခမည်းတော်၌၎င်း၊ ဦးခေါင်းကို ဖြတ်သော ယောက်ျား၌၎င်း၊ ငိုကျွေး မြည်တမ်းနေသော မယ်တော်၌၎င်း၊ မိမိကိုယ်၌၎င်း ဤလေးယောက် သော သူတို့၌ အညီအမျှ စိတ်ကို ထားပါလော့”ဟု မြဲမြံသော ဆောက်တည်ခြင်းကို အဓိဋ္ဌာန်ပြု၍ ပြစ်မှားသော အခြင်းအရာမျှကိုသော်လည်း မပြုခဲ့ပေ။
ဤဓမ္မပါလသူငယ်၏ သည်းခံခြင်းသည်လည်း မအံ့သြလောက်သေးပေ၊ အကြောင်းမူကား လူသားဖြစ်သူသည် ဤသို့ ပြုနိုင်ရာသည်ဟု စဉ်းစားဖွယ် ရှိသောကြောင့် ပေတည်း။ စင်စစ်သော်ကား တိရစ္ဆာန်ဖြစ်လျက်သော်လည်း ဆဒ္ဒန်မည် သော ဆင်ဖြစ်သောအခါ အဆိပ်လူးသော မြားဖြင့် အပစ်ခံရ၍ ချက်၌ စူးဝင် ဖောက်ထွင်းသွားသော်လည်း ထိုမျှလောက် အကျိုးမဲ့ပြုသော မုဆိုး၌ စိတ်ကို မပျက်စေ-မပြစ်မှားစေခဲ့ပေ။ ဤအဆိုနှင့်အညီ ဟောထားသည်မှာ-
[၂၉၆] ”ကြီးစွာသော အဆိပ်လူးမြားဖြင့် စူးဝင်လျက် ရှိသော ဆဒ္ဒန်ဆင်မင်းသည် မုဆိုးကို ပြစ် မှားသည့် စိတ်မရှိမူ၍ ‘အချင်း မုဆိုး ဘယ်အကျိုးကို အလိုရှိသည် ဖြစ်၍ (ဝါ-အဘယ်အကျိုး အတွက်) ငါ့ကို ပစ်သတ်ပါသနည်း၊ အဘယ် အကြောင်းကြောင့်မူလည်း ပစ်သတ်ပါသနည်း၊ ဤ စေခိုင်းမှု ပယောဂသည်လည်း အဘယ်သူ၏ ပယောဂပါနည်း’-ဟု မေးလေသည်” ဟူ၍ ဟောထားသော ဂါထာပင်ဖြစ်သည်။
ဤသို့ မေးသောကြောင့် ”ကာသိမင်း၏ မိဖုရားကြီက သင်၏အစွယ်များအတွက် စေလွှတ်လိုက်ပါသည် အရှင်”ဟု မုဆိုးက ဆိုသောအခါ ထိုမိဖုရားကြီး၏ နှလုံးအလိုကို ပြည့်စေလျက် အရောင်ခြောက်ပါး ထွက်ကာ တောက်ပသဖြင့် နှစ်သက်စဖွယ် တင့်တယ်ကုန်သော မိမိ၏အစွယ်တို့ကို ဖြတ်၍ ပေးလှူလိုက်သည်။ (ထို့ပြင် ဘုရားအလောင်းတော်သည် မဟာကပိဇာတ်၌) ဂေါနင်္ဂုလ မျောက်မျိုးဖြစ်စဉ်က တောင်ကမ်းပါးပြတ် ချောက်မှ မိမိကိုယ်တိုင်ပင် ထုတ်ဆယ် ကယ်တင်ခဲ့သော ယောက်ျားက- ”တောထဲ၌ အခြား သားကောင်များ ကဲ့သို့ပင် မျောက်သည် လူတို့၏အစာပင် ဖြစ်သည်၊ ဆာလောင်နေသော ငါသည် ဤမျောက်ကို သတ်၍ စားရမူ ကောင်းလေစွ။ (ထိုသို့ စားကာ) အစာဝသည်ဖြစ်၍ သာလျှင် မျောက်သားကို ခရီးရိက္ခာအဖြစ် ဆောင်ယူ၍ သွားအံ့၊ (ဤမျောက်သားသည်) ငါ့အား ခရီးရိက္ခာ ဖြစ်ပေလတံ့၊ (ဤမျောက်သားဖြင့်) ခရီးခဲကို ကျော်လွန်ရ ပေလိမ့်မည်”ဟု
ဤသို့ ကြံပြီးလျှင် ကျောက်ကို ချီမ၍ (မျောက်မင်း၏) ဦးခေါင်းကို ထုခွဲလေသည်။ ထိုအခါ အလောင်းတော် မျောက်မင်းသည် မျက်ရည် ပြည့်သော မျက်စိတို့ဖြင့် ထိုယောက်ျားကို ကြည့်ရှုလျက်- ”အရှင်လူသား, မပြုပါလင့်၊ သင်သည် ငါ၏ (ဧည့်သည်ဖြစ်၍) အပူဇော်ခံ အရှင်ဖြစ်ပေ သည်။ (သို့ဖြစ်ပါလျက်) သင်သည် (ငါ၏ဦးခေါင်းကို ထုခွဲခြင်းဟူသော) ဤသို့သော အမှုကို ပြုရက် ဘိ၏၊ သင်သည် ရှည်သော အသက်ရှိသည့် သိတတ်သော လူကြီး ဖြစ်ပေသည်၊ (သို့ဖြစ်၍)သင်သည် (ငါ့အား နှိပ်စက်မည့်) အခြား ရန်သူကို တားမြစ်ရန်သာ ထိုက်ပါသည်”ဟုဆိုပြီး လျှင် ထိုပြစ်မှားသော ယောက်ျား၌ စိတ်ကို မပျက်စေ မပြစ်မှားစေမူ၍ မိမိ၏ ဆင်းရဲကိုလည်း မစဉ်းစားပဲ ထို ယောက်ျားကိုပင် ဘေးကင်းရာ တောနယ်အဆုံး လူတို့၏ နယ်မြေအရပ်သို့ ပို့ဆောင်လိုက်ပေသည်။
(ထို့ပြင်) ဘူရိဒတ်နဂါးမင်း ဖြစ်စဉ်က ဥပုသ်အင်္ဂါတို့ကို ဆောက်တည်ပြီးလျှင် တောင်ပို့ထိပ်၌ ခွေနေစဉ် ကမ္ဘာ ဖျက်မီးနှင့်တူသော ဆေးဖြင့် တကိုယ်လုံး၌ သွန်းဖျန်းသော်လည်း, ပခြုပ်၌ ထည့်၍ ဇမ္ဗူဒိပ် ကျွန်းအလုံး၌ (အလမ္ပာယ်ပြကာ) ကစားစေသော်လည်း ထိုအလမ္ပာယ်ဆရာ ပုဏ္ဏား၌ စိတ်ဖြင့် ပြစ်မှားခြင်းမျှကိုသော်လည်း မပြုခဲ့ပေ။ ဤအဆိုနှင့်အညီ ဟောထားသည်မှာ-
”လက်ဖြင့် အားနည်းအောင် နှိပ်နယ်သော်လည်း, ပခြုပ်၌ ခြေဖြင့်နင်း၍ အတင်းထည့်သော် လည်း ငါ၏သီလ ကျိုးမည် စိုးသောကြောင့် အလမ္ပာယ်ပုဏ္ဏား၌ အမျက်မထွက်ခဲ့ပေ”ဟု ဟောထား သော ဂါထာပင် ဖြစ်သည်။
[၂၉၇] စမ္ပေယျ နဂါးမင်း ဖြစ်စဉ်ကလည်း မြွေအလမ္ပာယ်သမားက ညှဉ်းဆဲ (အပ်)သော်လည်း ဘုရားအလောင်း တော်သည် စိတ်ဖြင့် ပြစ်မှားခြင်းမျှကိုသော်လည်းမဖြစ်စေခဲ့ပေ။ ဤအဆိုနှင့်အညီ ဟောထားသည်မှာ- ”ထိုစမ္ပေယျနဂါးမင်း ဖြစ်သောအခါ၌လည်း တရားကျင့်လျက် ဥပုသ်စောင့်သုံးနေသော ငါ့ကို အလမ္ပာယ်သမားသည် ဖမ်းယူ၍ မင်းအိမ်တံခါး၌ ကစားသည်။
အညိုကိုသော်၎င်း အဝါကိုသော်၎င်း အနီကိုသော်၎င်း အကြင် အဆင်းကို (ဖြစ်စေရန်) ထို အလမ္ပာယ်သမားက ကြံစည်၏၊ ငါသည် ထိုအလမ္ပာယ်၏ စိတ်သို့ အစဉ်လိုက်လျက် သူကြံစည် (အပ်)သော အဆင်းရှိသည် ဖြစ်ပေ၏။
ငါသည် (ထိုအခါက) ကုန်းမြေကို ရေဖြစ်အောင် ပြုနိုင်၏၊ ရေကိုလည်း ကုန်းမြေဖြစ်အောင် ပြုနိုင်၏၊ ငါသည်အကယ်၍ ထိုအလမ္ပာယ်သမားကို စိတ်ဆိုးလျှင် တခဏချင်းပြာဖြစ်အောင် ပြုနိုင်ပေ ၏။
ငါသည် အကယ်၍ စိတ်အလိုသို့ လိုက်သည်ဖြစ်ငြားအံ့၊ သီလမှ ဆုံးရှုံးဆုတ်ယုတ်ရာအံ့၊ သီလမှ ဆုံးရှုံးသော ငါ့အား ဘုရားအဖြစ် ဟူသော မြတ်သော အကျိုးသည် မပြီးစီးပဲရှိရာ၏”ဟု ဟော ထားသော ဂါထာတို့ပင် ဖြစ်သည်။
(သင်္ခပါလဇာတ်၌ ဘုရားအလောင်းတော်သည်) သင်္ခပါလ နဂါးမင်းဖြစ်၍ မြမြထက်ကုန်သော လှံမတို့ဖြင့် ရှစ်ခု သော ဌာနတို့၌ ထိုးဖောက်ပြီးလျှင် ထိုးဖောက်ရာ အပေါက်တို့ဖြင့် ဆူးရှိသော နွယ်တို့ကို လျှိုသွင်း၍ နှာခေါင်း၌ မြဲမြံစွာ ကြိုးကိုတပ်၍ တဆယ့်ခြောက်ယောက်သော မုဆိုးသားတို့က ထမ်းပိုးဖြင့် ထမ်းလျက် ယူဆောင်ကြသောအခါ မြေပြင်၌ ပွတ် တိုက်သော ကိုယ်ရှိသဖြင့် ကြီးစွာသောဆင်းရဲကို ခံစားရလေသည်၊ ထိုစဉ်အခါက အမျက်ထွက်၍ ကြည့်လိုက်ရုံမျှဖြင့်ပင် လျှင် အလုံးစုံသော မုဆိုးသားတို့ကို ပြာကျသွားစေရန် စွမ်းနိုင်သော်လည်း မျက်စိကို ဖွင့်၍ ပြစ်မှားသော အခြင်းအရာမျှကို သော်လည်း မပြုခဲ့ပေ၊ ဤအဆိုနှင့်အညီ ဟောထားသည်မှာ-
”လှည်းမှူးအာဠာရ ၁၄-ရက်မြောက်နေ့ပတ်လုံး ၁၅-ရက် မြောက်နေ့ပတ်လုံး ငါသည် ဥပုသ် ကို အမြဲ ကျင့်သုံး၏၊ ထိုသို့ ဥပုသ် ကျင့်သုံးနေသောအခါ ၁၆-ယောက်သော မုဆိုးသားတို့သည် ကြိုး နှင့် ခိုင်ခံ့သော ကျော့ကွင်းကို ယူကာ လာကြ၏။
(ထိုသို့လာကြပြီးလျှင်) နှာခေါင်းကို ဖောက်ထွင်း၍ နှာခေါင်း၌ သီထားသော ကြိုးကို တင်း တင်းဆွဲငင်ကာ ကြိမ်နွယ် စသည်တို့ဖြင့် ထက်ဝန်းကျင်မှ ဆိုင်း၍ မုဆိုးတို့သည် ငါ့ကို ဆောင်သွား ကြလေသည်၊ ငါသည် ဥပုသ်ကို မပျက်စေလိုသောကြောင့် ဤသို့သော ဆင်းရဲကို သည်းခံခဲ့ပေပြီ”ဟု ဟောထားသော ဂါထာများပင် ဖြစ်သည်။
[၂၉၈] ဤဆိုခဲ့သော အံ့ဖွယ်တို့ကိုသာလျှင် ပြုဘူးသည်မဟုတ်ပေ၊ မာတုပေါသကဇာတ် စသည်တို့၌ အခြား တပါး များစွာသော အံ့ဖွယ်တို့ကိုလည်း (သည်းခံနိုင်ခဲစွာ သည်းခံသော အားဖြင့်) ပြုခဲ့ဘူးလေပြီ၊ ယခုအခါ သဗ္ဗညုတဘုရား အဖြစ် သို့ ရောက်တော်မူပြီးလျှင် နတ်နှင့်တကွသောလောက၌ တစုံတယောက်နှင့်မျှ မတူသည့် ခန္တီဂုဏ်နှင့် ပြည့်စုံတော်မူသော ထို မြတ်စွာဘုရားကို ဆရာသခင်ဟု ရည်ညွှန်း ကိုးကွယ်နေသော ထိုသင်အား အမျက်ဒေါသ စိတ်ကို ဖြစ်စေခြင်း မည်သည်မှာ အလွန်ပင် မသင့်လျော်ပေ-ဟူ၍ (ဆရာသခင် ဖြစ်တော်မူသော မြတ်စွာဘုရား၏ ရှေးဘဝတို့၌ ကျင့်ခဲ့သော ဂုဏ်တို့ကို ဆင် ခြင်အပ်ကုန်၏)။
၂၄၈။ ဤဆိုခဲ့သည့်အတိုင်း ဆရာသခင်ဖြစ်တော်မူသော မြတ်စွာဘုရား၏ ရှေးဘဝတို့၌ ကျင့်ခဲ့သော ဂုဏ်တို့ကို ဆင်ခြင်သော်လည်း ရှည်မြင့်စွာသော ကာလပတ်လုံး ကိလေသာတို့၏ကျွန်အဖြစ်သို့ ရောက်နေခဲ့သောကြောင့် ဤယောဂီ၏ ထိုအမျက် ဒေါသသည် အကယ်၍ မငြိမ်းသေးသည်သာ ဖြစ်ငြားအံ့၊ သို့ဖြစ်လျှင် ဤယောဂီသည် အနမတဂ္ဂိယသုတ်တို့ကို ဆင်ခြင်အပ်ကုန်၏။ မှန်ပေ၏-ထိုသုတ်တို့၌-
”ရဟန်းတို့ အကြင်သတ္တဝါသည် ရှေး၌ အမိ မဖြစ်စဘူး၊ ထိုသို့သော သတ္တဝါသည် ရလွယ် သော သဘော မရှိပေ။ အကြင်သတ္တဝါသည် ရှေး၌ အဘ မဖြစ်စဘူး၊ ရှေး၌ ညီအစ်ကို မဖြစ်စဘူး၊ ရှေး၌ အစ်မ နှစ်မ မဖြစ်စဘူး၊ ရှေး၌ သား မဖြစ်စဘူး၊ အကြင်သတ္တဝါသည် ရှေး၌ သမီး မဖြစ်စဘူး၊ ထိုသို့သော သတ္တဝါသည် ရလွယ်သော သဘောမရှိပေ”ဟူ၍ ဟောတော်မူ (အပ်)ပေသည်။
ထိုသို့ ဟောတော်မူသောကြောင့် ထိုရန်သူ ပုဂ္ဂိုလ်၌ ဤသို့ စိတ်ကို ဖြစ်စေအပ်၏ ”ဤပုဂ္ဂိုလ်သည် ရှေးအတိတ် ကာလ၌ ငါ၏မိခင်ဖြစ်၍ ဆယ်လပတ်လုံး ဝမ်းဖြင့်ဆောင်၏ ကျင်ငယ်ကျင်ကြီး တံထွေး နှပ်စသည်တို့ကို စန္ဒကူးနံ့သာကဲ့သို့ မရွံမရှာ သုတ်သင်၍ ရင်ခွင်၌ ကစေလျက် (အိပ်စေလျက်) ကိုယ်လက်အင်္ဂါဖြင့် ချီပိုးသယ်ဆောင်လျက် မွေးမြူဘူးပေ သတတ်၊ ငါ၏ဘခင်ဖြစ်၍ ဆိတ်တို့ဖြင့် သွားရသည့်လမ်း ချွန်းချိတ် ငုတ်တံသင်းတို့ဖြင့် သွားရသည့်လမ်း စသည်တို့ကို သွား၍ ရောင်းဝယ် ကုန်သွယ်မှုကို ယှဉ်စေလျက်၎င်း၊ ငါ၏အကျိုးငှါ အသက်ကိုသော်လည်း စွန့်၍ နှစ်ဖက်မှ ချီတက်သည့် စစ်သည်ရှိသော စစ်ပွဲ၌ ဝင်ရောက်၍၎င်း၊ သင်္ဘောဖြင့် သမုဒ္ဒရာသို့ ဝင်ရောက်ကူးသန်း၍၎င်း၊ အခြားတပါး ပြုနိုင်ခဲသော အမှုတို့ကို ပြု၍၎င်း သားချစ်တို့ကို မွေးမြူအံ့ဟု ကြံကာ ထိုထိုအကြောင်း ဥပါယ်တို့ဖြင့် ဥစ္စာကို စုဆောင်း၍ ငါ့ကို မွေးမြူခဲ့ ဘူးပေသတတ်၊ ညီအစ်ကိုဖြစ်၍၎င်း, အစ်မ နှစ်မဖြစ်၍၎င်း, သားဖြစ်၍၎င်း, သမီးဖြစ်၍၎င်း ဤမည် ဤမည်သော ကျေးဇူးပြု ခြင်း အမှုကို ပြုခဲ့ဘူးပေသတတ်၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်၌ ငါသည် စိတ်ကို ပျက်စေရန်-အမျက်ထွက်ရန် မသင့် မလျော်ပေ- ဟု စိတ်ကို ဖြစ်စေအပ်ပေသည်။
၂၄၉။ ဤသို့ စိတ်ကိုဖြစ်စေသော်လည်း ဒေါသစိတ်ကို ငြိမ်းစေရန် မစွမ်းနိုင်သေးသည်သာ အကယ်၍ ဖြစ်ငြားအံ့၊ သို့ဖြစ်လျှင် ဤယောဂီသည် မေတ္တာ၏ အာနိသင်တို့ကို ဤသို့ ဆင်ခြင်အပ်ကုန်၏။ အချင်းရဟန်း မြတ်စွာဘုရားက- ”ရဟန်းတို့, မှီဝဲအပ်-ပွါးစေအပ်-အကြိမ်များစွာ ပြုအပ်သော က-ထားသည့် ယဉ်ကဲ့သို့တည်ရာကဲ့သို့ ပြုအပ်သော မြဲမြံစွာ တည်စေအပ်သော နိုင်နင်းအောင် လေ့ကျင့်ပြီးသော ကောင်းစွာ အားထုတ်ထားသော မေတ္တာစေတော ဝိမုတ္တိ၏ ၁၁-ပါးကုန်သော အာနိသင်တို့ကို [၂၉၉] (ဧကန် ဖြစ် မည်ဟု) အလိုရှိအပ်ကုန်၏။ အဘယ် ၁၁-ပါးတို့နည်း?ဟူမူ-ချမ်းသာစွာ အိပ်ရ၏
(၁)၊ ချမ်းသာစွာ နိုးရ၏
(၂)၊ ယုတ်ညံ့သော အိပ်မက်ဆိုးကို မမြင်ရ
(၃)၊ လူတို့က ချစ်သည်
(၄)၊ နတ်တို့က ချစ်သည်
(၅)၊ နတ်တို့က စောင့်ရှောက်ကြသည်
(၆)၊ မေတ္တာပွါးသူ၏ (ကိုယ်၌) မီး အဆိပ် လက်နက် မကျ ရောက်နိုင်
(၇)၊ လျင်စွာ စိတ်တည်ကြည်၏
(၈)၊ မျက်နှာအဆင်း ကြည်လင်၏
(၉)၊ မတွေဝေပဲ သေရ၏
(၁ဝ)၊ အထက်မဂ်ဖိုလ် တရားကို ထိုးထွင်း၍ မသိလတ် မရလတ်သော်လည်း ဗြဟ္မာ့ပြည်သို့ လားရောက်ရ၏ (၁၁)” ဟူ၍ ဟောတော်မူသည်ခဲ့သည် မဟုတ်ပါလော။
သင်သည် ဤဒေါသစိတ်ကို အကယ်၍ မငြိမ်းစေငြားအံ့၊ ဤမေတ္တာ၏ အကျိုးအာနိသင်တို့မှ အပြင်ပ လက်လွတ် ဖြစ်ကာ ဆုံးရှုံးရပေလိမ့်မည်ဟု ဆင်ခြင်အပ်၏။
၂၅ဝ။ ဤသို့ ဆင်ခြင်သော်လည်း ငြိမ်းစေခြင်းငှါ မစွမ်းနိုင်သေးသော ယောဂီသည်ကား ဓာတ်တို့ကို အသီး အသီး ခွဲခြားခြင်းကို ပြုအပ်၏။ အဘယ်သို့နည်း? ဟူမူ အချင်းရဟန်း ထိုသူအား အမျက်ထွက်သော သင်သည် အဘယ်ကို အမျက် ထွက်သနည်း၊ ဆံပင်တို့ကို အမျက်ထွက်သလော၊ သို့မဟုတ် အမွေးတို့ကို အမျက်ထွက်သလော သို့မဟုတ် လက်သည်း ခြေသည်းတို့ကို ။ပ။ သို့မဟုတ် ကျင်ငယ်ကို အမျက်ထွက်သလော၊ တနည်းအားဖြင့် ဆံပင်စသည်တို့၌ ပထဝီဓာတ်ကို အမျက်ထွက်သလော၊ အာပေါဓာတ်ကို၊ တေဇောဓာတ်ကို၊ ဝါယောဓာတ်ကို အမျက်ထွက်သလော။ တနည်းအားဖြင့် အကြင် ခန္ဓာ ငါး ပါးအာယတန ၁၂-ပါး ဓာတ် ၁၈-ပါးတို့ကို စွဲမှီ၍ ဤအရှင်ကို ဤအမည်ရှိသည်ဟု ခေါ်ဆိုအပ်၏၊
ထိုခန္ဓာငါးပါး စသည်တို့တွင် ရူပက္ခန္ဓာကို အမျက် ထွက်သလော၊ သို့မဟုတ် ဝေဒနာက္ခန္ဓာကို၊ သညာက္ခန္ဓာကို၊ သင်္ခါရက္ခန္ဓာကို၊ ဝိညာဏက္ခန္ဓာကို အမျက်ထွက်သလော။ သို့မဟုတ် စက္ခာယတနကို အမျက်ထွက်သလော၊ ရူပါယတနကို အမျက်ထွက် သလော။ပ။ မနာယတနကို အမျက်ထွက်သလော၊ ဓမ္မာယတနကို အမျက်ထွက်သလော။ သို့မဟုတ် စက္ခုဓာတ်ကို အမျက် ထွက်သလော၊ ရူပဓာတ်ကို၊ စက္ခုဝိညာဏဓာတ်ကို အမျက်ထွက်သလော။ပ။ မနောဓာတ်ကို၊ ဓမ္မဓာတ်ကို၊ မနောဝိညာဏ ဓာတ်ကို အမျက်ထွက်သလော-ဟု ဓာတ်တို့ကို အသီးအသီး ခွဲခြားခြင်းကို ပြုအပ်၏။
အကျိုးကား-ဤသို့ ဓာတ်တို့ကို အသီးအသီး ခွဲခြားခြင်းကိုပြုလျှင် အပ်နဖားထွင်းစူးဖျား၌ မုန်ညင်းစေ့၏ တည်ရာဌာနမရှိသကဲ့သို့၎င်း၊ ဟင်းလင်းပြင် ကောင်းကင်၌ ပန်းချီဆေးရေး၏ တည်ရာဌာန မရှိသကဲ့သို့၎င်း အမျက်ဒေါသ၏ တည်ရာဌာနသည် မရှိတော့ပေ။
၂၅၁။ ဆက်၍ပြဦးအံ့-ဓာတ်တို့ကို အသီးအသီး ခွဲခြားခြင်းကိုပြုရန် မစွမ်းနိုင်သော သူသည် ပစ္စည်းကို ဝေဖန် ပေးကမ်းခြင်းကို ပြုအပ်၏။ မိမိ၏ ဥစ္စာကို ရန်သူဖြစ်သော သူတပါးအား ပေးအပ်၏။ သူတပါး၏ ဥစ္စာကို မိမိက လက်ခံ ယူအပ်၏။ အကယ်၍ ရန်သူဖြစ်သော သူတပါးသည် အသက်မွေးမှု သီလ ပျက်နေသောကြောင့် သူ့ပစ္စည်းကို မသုံးဆောင် ထိုက်ငြားအံ့၊ သို့ဖြစ်လျှင် မိမိ၏ဥစ္စာကိုသာ ပေးအပ်၏။ ဤသို့ ပစ္စည်း အပေးအယူပြုလျှင် ထိုပုဂ္ဂိုလ်၌ ထိုယောဂီ၏ အာဃာတ ဒေါသသည် ဧကန်ပင် ငြိမ်း၏၊ ထိုရန်သူမှာလည်း အတိတ်ဘဝမှစ၍ အစဉ်လိုက်လာသည့် အမျက်ဒေါသပင် ဖြစ်သော်လည်း ထိုခဏ၌ပင် ငြိမ်း၏။ (အဘယ်ကဲ့သို့နည်း?ဟူမူ) စိတ္တလတောင် ကျောင်းတိုက်၌ထ၍ နေရာပေးစေရန် သုံးကြိမ်တိုင်တိုင် အနှောင့်အယှက်ပေးခံရသော ပိဏ္ဍပါတိက မထေရ်က [၃ဝဝ] ”အရှင်ဘုရား ဤသပိတ်သည် ရှစ်အသပြာ တန်ပါသည်၊ တပည့်တော်၏ မယ်တော် ဥပါသိကာမကြီးက လှူထားသော တရားနှင့်အညီ ရသည့်လာဘ်ပစ္စည်းဖြစ်ပါသည်၊ ဥပါသိကာမကြီးအား ကောင်းမှုရအောင် ပြုတော်မူပါ”ဟု ဆို၍ လှူလိုက်သော သပိတ်ကိုရသော (နှောင့်ယှက်သူ) မထေရ်ကြီး မှာ (အာဃာတဒေါသငြိမ်းသ) ကဲ့သို့ပေတည်း။ ဤပေးကမ်းခြင်း မည်သည် ဤသို့ပင် ကြီးမားသော အာနုဘော် ရှိပေ၏။ မှန်ပေ၏-ဟောထား သော အောက်ပါ ဂါထာစကားသည်လည်း ရှိပေ၏။
”ပေးကမ်းခြင်းသည် မယဉ်ကျေးသေးသောသူကို ယဉ်ကျေးစေတတ်၏၊ ပေးကမ်းခြင်းသည် အလုံးစုံသောအကျိုးကို ပြီးစေတတ်၏၊ ပေးကမ်းခြင်းဖြင့်၎င်း ချစ်ဖွယ်စကားဖြင့်၎င်း (ပေးသူ ပြောသူ တို့သည်) မျက်နှာပန်းပွင့်လျက် မြင့်တက်ကုန်၏၊ (ခံယူသူ ကြားနာသူတို့သည်) ပျော့ပျောင်းကြည် သာ ညွတ်လာတတ်ကုန်၏” ဟူ၍ပင်တည်း။
၂၅၂။ ဤဆိုခဲ့သည့်အတိုင်း ရန်သူပုဂ္ဂိုလ်၌ အမျက်ဒေါသကို ငြိမ်းစေပြီးသော ထိုယောဂီအား ချစ်အပ်သော ပုဂ္ဂိုလ်, အလွန်ချစ်အပ်သော သူငယ်ချင်းနှင့် အလယ်အလတ် ပုဂ္ဂိုလ်တို့၌ ချမ်းသာစေလိုသော မေတ္တာစိတ် ဖြစ်သကဲ့သို့ ထို့အတူပင် ထိုရန်သူပုဂ္ဂိုလ်၌လည်း ချမ်းသာစေလိုသော မေတ္တာ၏အစွမ်းအားဖြင့် စိတ်သည်မပြတ်ဖြစ်၏။ ထိုအခါ ဤယောဂီသည် အဖန်တလဲလဲ မေတ္တာပွါးသည်ဖြစ်၍ (၁) မိမိ (၂) ချစ်အပ်သောပိယပုဂ္ဂိုလ် (၃) အလယ်အလတ် မဇ္ဈတ္တပုဂ္ဂိုလ် (၄) ရန်သူ ဝေရီပုဂ္ဂိုလ်ဟူသော ဤလေးဦးတို့၌ ချမ်းသာစေလိုသောအားဖြင့် ညီမျှသော စိတ်ရှိသည်၏ အဖြစ်ကို ပြီးစေလျက် (မိမိ, သူတပါး, ချစ်သူ, မုန်းသူ စသည်ဖြင့် ကွဲပြားသော) နယ်ပယ်၏ ပျက်ခြင်း (သီမာသမ္ဘေဒ)ကို ပြုအပ်၏။ ဤသည်ကား ထိုသီမာသမ္ဘေဒ၏ လက္ခဏာပေတည်း၊ ဤမေတ္တာပွါးသော ပုဂ္ဂိုလ်သည် ချစ်အပ်သောပုဂ္ဂိုလ်, အလယ်အလတ် ပုဂ္ဂိုလ်, ရန်သူ ပုဂ္ဂိုလ်တို့နှင့်တကွ မိမိလျှင် ၄-ယောက်မြောက်ရှိသည်ဖြစ်၍ တခုသောအရပ်၌ နေလတ်သော် ခိုးသူ ဒမြတို့က လာကြ၍ ”အရှင်ဘုရား ကျွန်ုပ်တို့အား ရဟန်းတပါးကို ပေးပါ”ဟု တောင်းဆိုကုန်ရာ၏၊ အဘယ်ကိစ္စအတွက်နည်း-ဟု မေးလျှင် ”ထို ရဟန်းကို သတ်၍ လည်ချောင်းသွေးကို ယူပြီးလျှင် ဗလိနတ်စာ ပူဇော်ရန်အတွက် ဖြစ်ပါသည်”ဟု ဆိုကုန် ရာ၏။ ထိုသို့ ဆိုရာ၌ ဤ ယောဂီရဟန်းသည် ”ဤမည်သော ရဟန်းကိုသော်၎င်း၊ ဤမည်သော ရဟန်းကိုသော်၎င်း ယူကြစေ”ဟု ကြံစည် ငြားအံ့၊ သီမာသမ္ဘေဒကို ပြုခြင်းကိစ္စ မပြီးသေးသည်သာတည်း။ ”ငါ့ကိုသာယူကြ၊ ဤသုံးပါးတို့ကို မယူကြလင့်”ဟု ဤသို့ သော်လည်း အကယ်၍ ကြံစည်ငြားအံ့၊ သီမာသမ္ဘေဒကို ပြုခြင်းကိစ္စ မပြီးသေးသည်သာတည်း။ အဘယ်ကြောင့်နည်း ဟူမူအကြင် အကြင်ပုဂ္ဂိုလ်ကို ယူခြင်းကို (ယူစေရန်) အလိုရှိ၏၊ ထိုထိုပုဂ္ဂိုလ်၏ အကျိုးစီးပွါးကို အလိုမရှိမူ၍ အခြားသူတို့၏ သာလျှင် အကျိုးစီးပွါးကို အလိုရှိရာ ရောက်သောကြောင့်ပေတည်း။
စင်စစ်မှာမူ အကြင်အခါ၌ လေးဦးသော ပုဂ္ဂိုလ်များထဲမှ တဦးကိုသော်လည်း ခိုးသူ ဒမြတို့အား ပေးသင့်သည်ကို မမြင်၊ မိမိ၌၎င်း၊ ထိုသုံးဦးသော ပုဂ္ဂိုလ်တို့၌၎င်း ချမ်းသာစေလိုသောအားဖြင့် အညီအမျှသာလျှင် ဖြစ်သော စိတ်ကို ဖြစ်စေ၏၊ ထိုအခါ၌ သီမာသမ္ဘေဒကို ပြုအပ်ပြီး ဖြစ်လေတော့သည်။ ထို့ကြောင့် ရှေးဆရာတို့က မိန့်ဆိုကြသည်မှာ- ”မိမိ၌၎င်း, ချစ်အပ်သောသူ၌၎င်း, အလယ်အလတ်ပုဂ္ဂိုလ်၌၎င်း, ရန်သူ၌၎င်း လေးပါး အပြား ရှိသော ဤပုဂ္ဂိုလ် အပေါင်း၌ (မိမိ သူတပါး, ချစ်သူ မချစ်သူ စသည်ဖြင့်) ထူးခြားခြင်းကို အကြင် အခါ၌ မြင်သေး၏၊ ထိုအခါ၌ ထိုမေတ္တာပွါးသူကို ”သတ္တဝါတို့၏ အစီးအပွါး လိုလားသည့် စိတ်ရှိ သူ”ဟူ၍သာလျှင် ဆိုအပ်ပေသည်။ ”မေတ္တာ၌ လိုတိုင်းရသူ ကျွမ်းကျင်သူ”ဟူ၍ကား မဆိုအပ်သေးပေ။ အကြင်အခါ၌မူ (မေတ္တာပွါးသော) ရဟန်းအား မိမိကိုယ် စသော လေးပါးသော နယ်ပယ်တို့သည် အသီးအခြား မကွဲပြားကြတော့ပဲ ပျက်လေကုန်၏၊ နတ်နှင့်တကွသော အလုံးစုံသော လူအပေါင်း ဟူသော လောကကို မေတ္တာဖြင့် အညီအမျှ ဖြန့်နိုင်၏၊ ယင်းရဟန်းအား မိမိကိုယ်စသော နယ်ပယ် အပိုင်းအခြားကို မသိရတော့ပေ၊ ထိုအခါ၌ ထိုရဟန်းသည် ပဌမကပြခဲ့သော ရှေးပုဂ္ဂိုလ်ထက် ဘာဝနာ ဖြင့် ကြီးမြတ်ထူးကဲလှပေ၏ (ဝါ-အကြီးအကျယ် ထူးခြားခြင်း ရှိပေ၏”) ဟူ၍ ပင်တည်း။
[၃ဝ၁] ၂၅၃။ ဤသို့ သီမာသမ္ဘေဒ ပြီးစီးသည်နှင့် တူမျှသော ကာလ၌ပင်လျှင် ဤမေတ္တာပွါးသော ရဟန်းသည် (ပဋိဘာဂ) နိမိတ်ကို၎င်း၊ ဥပစာရကို၎င်း ရပေ၏။ ဆက်ဦးအံ့-သီမာသမ္ဘေဒကို ပြုပြီးသောအခါ (သီမာသမ္ဘေဒ၏ အစွမ်းဖြင့် ဖြစ်သော) ထိုသမာဓိ နိမိတ်ကိုပင်လျှင် မှီဝဲပွါးများ အကြိမ်များစွာ ပြုနေလျှင် ပထဝီကသိုဏ်းအရာ၌ ဆိုခဲ့သော နည်းဖြင့်ပင် လျှင် အပ္ပနာဈာန်သို့ မဆင်းရဲ မပင်ပန်းပဲပင် ရောက်လေတော့၏။
ဤမျှသော ဘာဝနာအစဉ်ဖြင့် ဤယောဂီသည် အင်္ဂါငါးပါးကိုပယ်၍ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ကောင်းခြင်း သုံးပါး လက္ခဏာဆယ်ပါးတို့နှင့် (လည်းပြည့်စုံသော မေတ္တာနှင့်တကွဖြစ်သော ပဌမဈာန်ကို ရပြီးဖြစ်ပေတော့၏။ ဆက်ဦးအံ့ -ထိုပဌမဈာန်ကို ရပြီးလျှင် ထိုသမာဓိနိမိတ်ကိုပင် မှီဝဲပွါးများ အကြိမ်များစွာပြုလျက် ဘာဝနာအစဉ်အားဖြင့် စတုက္ကနည်း အရ ဒုတိယ တတိယဈာန်တို့ကို၎င်း, ပဉ္စကနည်းအရ ဒုတိယ တတိယ စတုတ္ထဈာန်တို့ကို၎င်း ရောက်ပေ၏။ အကျိုးကား (သုံးပါး လေးပါးသော မေတ္တာဈာန်တို့ကို ရပြီးသော) ထိုယောဂီသည် ပဌမဈာန် စသည်တို့တွင် တပါး ပါး၏ အစွမ်းဖြင့်-
”မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ၊ တထာ တတိယံ၊ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေ န အပ္ပမာဏေန အဝေရေန အဗျာပဇ္ဈေန ဖရိတွာ ဝိဟရတိ”။
မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် တခုသော အရပ်မျက်နှာကို ဖြန့်၍ နေ၏၊ ထို့အတူ ဒုတိယ အရပ်မျက်နှာကို (ဖြန့်၍နေ ၏)၊ ထို့အတူ တတိယ အရပ်မျက်နှာကို (ဖြန့်၍နေ၏) ထို့အတူ စတုတ္ထ အရပ်မျက်နှာကို (ဖြန့်၍နေ၏)။ ဤသို့ သောနည်းဖြင့် အထက်အရပ်မျက်နှာကို၎င်း, အောက်အရပ်မျက်နှာကို၎င်း, ဖီလာ ပတ်ဝန်းကျင် အထောင့်အရပ်မျက်နှာကို၎င်း (ဖြန့်၍နေ၏) အလုံးစုံသော အရပ်ဆယ်မျက်နှာ၌ အလုံးစုံသော သတ္တဝါရှိသော သတ္တလောကကို အလုံးစုံသော သတ္တဝါတို့၌ မိမိကိုယ်၏အဖြစ်ဖြင့် (ဝါ-မိမိကိုယ်နှင့် အတူပြုသဖြင့်) မေတ္တာနှင့်တကွဖြစ်သော ပြန့်ပြောသော မဟဂ္ဂုတ်ဖြစ်သော အတိုင်းအရှည် မရှိသည့်သတ္တဝါလျှင် အာရုံရှိသော ရန်ကင်းသော ဆင်းရဲကင်းသော စိတ်ဖြင့် ဖြန့်၍နေ၏။ မှန်ပေ၏-(ဈာန် ၏ကွန့်မြူးစမ္ပယ်ခြင်းဟူသော) ဤသို့သော အမျိုးမျိုး အထွေထွေပြုခြင်းသည် ပဌမဈာန်စသည်တို့၏ အစွမ်းအားဖြင့် အပ္ပနာ သို့ ရောက်သည့်စိတ်ရှိသော ပုဂ္ဂိုလ်အားသာလျှင် ပြီးစီး ပြည့်စုံနိုင်ပေ၏။
၂၅၄။ ဆက်၍ ဖွင့်ပြဦးအံ့-(မေတ္တာသဟဂတေန အစရှိသော) ဤပါဌ်၌ မေတ္တာသဟဂတေန-ဟူသည်ကားမေတ္တာနှင့် ပြည့်စုံသော (ယှဉ်သော)။ စေတသာ-ဟူသည်ကား စိတ်ဖြင့်။ ဧကံ ဒိသံ-တခုသော အရပ်မျက်နှာကို-ဟူသောဤစကားသည် တခုသောအရပ်မျက်နှာ၌ ရှေးဦးစွာ သိမ်းဆည်းအပ်သော သတ္တဝါအပေါင်းကို အစွဲပြု၍ တခုသော အရပ်မျက်နှာ၌ အကျုံး ဝင်သော သတ္တဝါအပေါင်းကို မေတ္တာဖြန့်သည်၏ အစွမ်းအားဖြင့် ဆိုသောစကားပေတည်း။ ဖရိတွာ-ဖြန့်၍-ဟူသည်ကား (စိတ်ဖြင့်) တွေ့ထိ၍ အာရုံပြု၍။ ဝိဟရတိ-နေ၏ ဟူသည်ကား မေတ္တာဈာန်ဟူသော ဗြဟ္မဝိဟာရ-ကထောက်ပံ့လျက် ခိုင်ခံ့စွာ တည်စေ(အပ်)သော ဣရိယာပုတ်ဖြင့် နေခြင်းကို မပြတ်ဖြစ်စေ၏။ တထာ ဒုတိယံ-စသည်၌ အရှေ့အရပ်အစရှိသော အရပ်မျက်နှာတို့တွင် အမှတ်မရှိ တခုသော အရပ်မျက်နှာကို ဖြန့်၍နေသကဲ့သို့ ထို့အတူပင် ထို၏အခြားမဲ့၌ ဒုတိယ အရပ် မျက်နှာကို၎င်း, တတိယ အရပ်မျက်နှာကို၎င်း, စတုတ္ထ အရပ်မျက်နှာကို၎င်း (ဖြန့်၍နေ၏) ဤကား အနက်။ ဣတိ ဥဒ္ဓံ- ဟူသော ဤစကား ဖြင့် ဤဆိုခဲ့သော နည်းဖြင့်ပင်လျှင် အထက်အရပ်မျက်နှာကို (ဖြန့်၍နေ၏)ဟု ဆိုလို၏။ အဓော တိရိယံ ဟူရာ၌လည်း အောက်အရပ်ကို၎င်း, ဖီလာပတ်ဝန်းကျင် အရပ်ကို၎င်း ဤအတူပင် ဖြန့်၍ နေ၏-ဟု ဆိုလို ၏။ ထိုတွင် အဓော-ဟူသည်ကား အောက်အရပ်၌ (သတ္တဝါအပေါင်းကို) တိရိယံ-ဟူသည်ကား အထောင့်အရပ်တို့၌ (သတ္တဝါ အပေါင်း ကို)။ ဤဆိုခဲ့သောနည်းဖြင့် အလုံးစုံသော အရပ်ဆယ်မျက်နှာတို့၌ မြင်းဝင်း၌ မြင်းကို စိုင်းနှင်သကဲ့သို့ ပြန်၍လည်း စိုင်းနှင် သကဲ့သို့ မေတ္တာနှင့်တကွဖြစ်သော စိတ်ကို စိုင်းလည်း စိုင်းနှင်၏ ပြန်၍လည်း စိုင်းနှင်၏။ ဤကားပုဒ် အဖွင့်တည်း။ (တိရိယံ-ဟူသော) ဤတိုင်အောင် စကားအစဉ်ဖြင့် တခု တခုသော အရပ်မျက်နှာကို သိမ်းဆည်း၍ အပိုင်း အခြားအားဖြင့် (သြဓိသ) မေတ္တာဖြန့်ပုံကို ပြပေသည်။
သဗ္ဗဓိ-အစရှိသော စကားကိုမူ အပိုင်းအခြား မရှိသောအားဖြင့် (အနောဓိသ) မေတ္တာဖြန့်ပုံကို ပြခြင်းငှါ မိန့်ဆို (အပ်)ပေသည်။ ထိုစကားရပ်၌ သဗ္ဗဓိ-ဟူသည်ကား အလုံးစုံ (သော အရပ်မျက်နှာ)၌။ သဗ္ဗတ္တတာယ-ဟူသည်ကား အယုတ် အလတ် အမြတ် မိတ်ဆွေ ရန်သူ အလယ်အလတ်ပုဂ္ဂိုလ် စသည် အပြားရှိကုန်သော အလုံးစုံ (သော သတ္တဝါ) တို့၌ [၃ဝ၂] မိမိကိုယ်၏ အဖြစ်ဖြင့်၊ ”ဤသူသည် တပါးသော သတ္တဝါတည်း”ဟု ခွဲခြားခြင်းကို မပြုမူ၍ မိမိနှင့် တူညီသည်၏ အဖြစ်ဖြင့် ဟူ၍ ဆိုလို၏။ တနည်းကား သဗ္ဗတ္တတာယ-ဟူသောပုဒ်ဖြင့် ”အနည်းငယ်မျှသော်လည်း အပြင်ပသို့ မပျံ့လွင့်စေမူ၍ အလုံးစုံသော စိတ်အဖို့ဖြင့်”ဟု ဆိုလို၏။ သဗ္ဗာဝန္တံ-ဟူသည်ကား အလုံးစုံသော သတ္တဝါရှိသော၊ အလုံးစုံသော သတ္တဝါတို့နှင့် ယှဉ်သော ဤကား အနက်။ လောကံ-ဟူသည်ကား သတ္တလောကကို။ ဆက်၍ ရှင်းပြအံ့၊ ဝိပုလေန-ဤသို့ အစရှိသော ပရိယာယ်ပုဒ်တို့ကို ပြခြင်းကြောင့် အပိုင်းအခြားမရှိသော (အနောဓိသ) မေတ္တာဖြန့်ပုံကို ပြသော ဤစကားရပ်၌ မေတ္တာသဟ ဂတေန-ဟူသောပုဒ်ကို တဖန်ထပ်၍ မိန့်ဆို(အပ်) ပေသည်။ တနည်းအားဖြင့် ရှင်းပြရလျှင် အပိုင်းအခြားအားဖြင့် (သြဓိသ) မေတ္တာဖြန့်ပုံကို ပြရာ၌ကဲ့သို့ ဤအနောဓိသ မေတ္တာဖြန့်ပုံကို ပြရာ၌ တထာ-သဒ္ဒါကို၎င်း ဣတိ-သဒ္ဒါကို၎င်း တဖန်ထပ်၍ မဟောခဲ့ပေ၊ ထို့ကြောင့် မေတ္တာသဟဂတေန စေတသာ-ဟု တဖန်ထပ်၍ ဟော(အပ်) ပေသည်။
တနည်းသော်ကား နိဂုံးချုပ် သည့် အလိုအားဖြင့် ထိုစကားကို မိန့်ဆို(အပ်) ပေသည်။ ဝိပုလေန-ဟူသော ဤပုဒ်၌ ဖြန့်ခြင်း၏အစွမ်းအားဖြင့် ပြန့်ပြော ခြင်းကို မှတ်အပ်၏။ ရူပဘုံ၏အစွမ်းအားဖြင့် ဤမေတ္တာဈာန်သည် မဟဂ္ဂုတ်မည်ပေ၏။ လေ့လာ ကျေပြွန်သည်၏ အစွမ်း အားဖြင့်၎င်း အတိုင်းအရှည် အပိုင်းအခြား မရှိသော သတ္တဝါတို့ကို အာရုံပြုသည်၏ အစွမ်းအားဖြင့်၎င်း အပ္ပမာဏမည်ပေ၏။ ဗျာပါဒ-ဒေါသဟူသော ရန်သူကို ပယ်ခြင်းကြောင့် အဝေရ-မည်ပေ၏။ ဒေါမနဿကို ပယ်ခြင်းကြောင့် အဗျာပဇ္ဈမည်ပေ၏၊ စိတ်ဆင်းရဲမရှိ-ဟု ဆိုလို၏။ ယခုဆိုခဲ့သော စကားသည် မေတ္တာသဟဂတေန စေတသာ-အစ ရှိသောနည်းဖြင့် ဟောထား သော အမျိုးမျိုး အထွေထွေပြုခြင်း မေတ္တာပွါးခြင်း၏ အနက်ပေတည်း။
၂၅၅။ ဆက်၍ ရှင်းပြဦးအံ့-ယခု ပြခဲ့သော အမျိုးမျိုး အထွေထွေ မေတ္တာပွါးခြင်းသည် အပ္ပနာသို့ ရောက်သည့် စိတ်ရှိသော ပုဂ္ဂိုလ်အားသာ ပြီးစီးပြည့်စုံသကဲ့သို့ ထို့အတူ-
”ငါးပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြားမရှိသောအားဖြင့် ဖြန့်သော (အနောဓိသ) မေတ္တာစေတောဝိမုတ္တိသည် ဖြစ်၏၊ ခုနစ်ပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြားအားဖြင့် ဖြန့်သော (သြဓိသ) မေတ္တာစေတောဝိမုတ္တိသည် ဖြစ်၏၊ ဆယ်ပါးသော အခြင်းအရာတို့ဖြင့် အရပ်မျက်နှာကို ဖြန့်သော မေတ္တာစေတောဝိမုတ္တိသည် ဖြစ်၏”ဟူ၍ပဋိသမ္ဘိဒါမဂ်၌ ဟောထားသော အမျိုးမျိုး အထွေထွေ မေတ္တာပွါးခြင်းသည်လည်း အပ္ပနာသို့ ရောက်သည့် စိတ်ရှိ သော ပုဂ္ဂိုလ်အားသာ ပြီးစီးပြည့်စုံသည်ဟု သိအပ်ပေသည်။
ထိုပဋိသမ္ဘိဒါမဂ်၌ (သဗ္ဗေ သတ္တာ) အလုံးစုံသော သတ္တဝါတို့သည် (အဝေရာ) ရန်ကင်းကြပါစေ၊ (အဗျာပဇ္ဈာ) စိတ် ဆင်းရဲ ကင်းကြပါစေ၊ (အနီဃာ) ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ (သုခီ အတ္တာနံ ပရိဟရန္တု) ချမ်းသာနှင့်ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ (၁)။ (သဗ္ဗေ ပါဏာ) အလုံးစုံသော အသက်ရှူသူတို့သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြ ပါစေ၊ (၂)။ (သဗ္ဗေ ဘူတာ) အလုံးစုံသော ထင်ရှားဖြစ်သူတို့သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ၊ (၃)။ (သဗ္ဗေပုဂ္ဂလာ) အလုံးစုံသော ပုဂ္ဂိုလ်တို့သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၄)။ (သဗ္ဗေ အတ္တဘာဝပရိယာ ပန္နာ) အလုံးစုံသော အတ္တဘော၌ အတွင်းဝင်သူတို့သည် ရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ချမ်းသာနှင့်ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ၊ (၅) ဟူသော ဤငါးပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြားမရှိသောအားဖြင့် ဖြန့်သော (အနောဓိသ) မေတ္တာစေတောဝိမုတ္တိကို သိအပ်၏။
(သဗ္ဗာ ဣတ္ထိယော) အလုံးစုံသော မိန်းမတို့သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ၊ (၁)။ (သဗ္ဗေ ပုရိသာ) အလုံးစုံသော ယောက်ျားတို့သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ၊ (၂)။ (သဗ္ဗေ အရိယာ) အလုံးစုံ သော အရိယာတို့သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ၊ (၃)။ (သဗ္ဗေ အနရိယာ) အလုံးစုံသော ပုထုဇဉ်တို့ သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ၊ (၄)။ (သဗ္ဗေ ဒေဝါ) အလုံးစုံသော နတ်တို့သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ၊ (၅)။ (သဗ္ဗေ မနုဿာ) အလုံးစုံသော လူတို့သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ၊ (၆)။ (သဗ္ဗေ ဝိနိပါတိကာ) အလုံးစုံသော အပါယ်ဘုံသားတို့သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ၊ (၇) ဟူသော ဤခုနစ်ပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြားအားဖြင့် ဖြန့်သော (သြဓိသ) မေတ္တာစေတောဝိမုတ္တိကိုသိအပ်၏။ (ပုရတ္ထိမာယ ဒိသာယ) အရှေ့မျက်နှာ၌ အလုံးစုံသော သတ္တဝါတို့သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင် ကြပါစေ၊ (၁)။ (ပစ္ဆိမာယ ဒိသာယ) အနောက်မျက်နှာ၌ အလုံးစုံသော သတ္တဝါတို့သည် ရန်ကင်းကြပါစေ။ပ။ (၂)။ (ဥတ္တရာ ယ ဒိသာယ) မြောက်အရပ်မျက်နှာ၌။ပ။ (၃)။ (ဒက္ခိဏာယ ဒိသာယ) တောင်အရပ်မျက်နှာ၌။ပ။ (၄)။ (ပုရတ္ထိမာယ အနုဒိ သာယ) အရှေ့တောင်အရပ်မျက်နှာ၌။ပ။ (၅)။ (ပစ္ဆိမာယ အနုဒိသာယ) အနောက်မြောက်အရပ်မျက်နှာ၌။ပ။ (၆)။ [၃ဝ၃] (ဥတ္တရာယ အနုဒိသာယ) အရှေ့မြောက် အရပ်မျက်နှာ၌။ပ။ (၇)။ (ဒက္ခိဏာယ အနုဒိသာယ) အနောက်တောင် အရပ်မျက်နှာ ၌။ပ။ (၈)။ (ဟေဋ္ဌိမာယ ဒိသာယ) အောက်အရပ်မျက်နှာ၌။ပ။ (၉)။ (ဥပရိမာယ ဒိသာယ) အထက်အရပ်မျက်နှာ၌ အလုံးစုံ သော သတ္တဝါတို့သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ၊ (၁ဝ)။ (သတ္တဝါရ ၁)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော အသက်ရှူသူတို့သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင် ကြပါစေ (၁)။ အနောက်အရပ်မျက်နှာ၌။ပ။ အထက်အရပ်မျက်နှာ၌ အလုံးစုံသောအသက်ရှူသူတို့သည် ရန်ကင်း ကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁ဝ)။ (ပါဏဝါရ ၂)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော ထင်ရှားဖြစ်သူတို့သည်။ပ။ အထက်အရပ်မျက်နှာ၌ အလုံးစုံ သော ထင်ရှားဖြစ်သူတို့သည် ရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁ဝ)။ (ဘူတဝါရ ၃)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော ပုဂ္ဂိုလ်တို့သည်။ပ။ အထက်အရပ်မျက်နှာ၌။ပ။ ရွက်ဆောင် နိုင်ကြပါစေ (၁ဝ)။ (ပုဂ္ဂလဝါရ ၄)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော အတ္တဘော၌ အတွင်းဝင်သူတို့သည်။ပ။ အထက်အရပ်မျက်နှာ ၌။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁ဝ)။ (အတ္တဘာဝပရိယာပန္နဝါရ ၅)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော မိန်းမတို့သည်။ပ။ အထက်အရပ်မျက်နှာ၌။ပ။ ရွက်ဆောင်နိုင် ကြပါစေ (၁ဝ)။ (ဣတ္ထိဝါရ ၆)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော ယောက်ျားတို့သည်။ပ။ အထက်အရပ်မျက်နှာ၌။ပ။ ရွက် ဆောင်နိုင်ကြပါစေ (၁ဝ)။ (ပုရိသဝါရ ၇)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော အရိယာတို့သည်။ပ။ အထက်အရပ်မျက်နှာ၌။ပ။ ရွက်ဆောင် နိုင်ကြပါစေ (၁ဝ)။ (အရိယဝါရ ၈)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော ပုထုဇဉ်တို့သည်။ပ။ အထက်အရပ်မျက်နှာ၌။ပ။ ရွက်ဆောင် နိုင်ကြပါစေ (၁ဝ)။ (အနရိယဝါရ ၉)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော နတ်တို့သည်။ပ။ အထက်အရပ်မျက်နှာ၌။ပ။ ရွက်ဆောင် နိုင်ကြပါစေ (၁ဝ)။ (ဒေဝဝါရ ၁ဝ)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော လူတို့သည်။ပ။ အထက်အရပ်မျက်နှာ၌။ပ။ ရွက်ဆောင်နိုင်ကြ ပါစေ (၁ဝ)။ (မနုဿဝါရ ၁၁)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော အပါယ်ဘုံသားတို့သည်။ပ။ အထက် အရပ်မျက်နှာ၌ အလုံးစုံ သော အပါယ်ဘုံသားတို့သည် ရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ချမ်းသာနှင့်ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ (၁ဝ) (ဝိနိပါတိကဝါရ ၁၂)ဟူသော ဤဆယ်ပါး သော အခြင်းအရာတို့ဖြင့် အရပ်မျက်နှာကို ဖြန့်သော မေတ္တာစေတောဝိမုတ္တိကို သိအပ်၏။ ၂၅၆။ (မေတ္တာပွါးပုံကိုပြသော သဗ္ဗေ သတ္တာ-အစရှိသော) ထိုစကားရပ်၌ သဗ္ဗေ-အလုံးစုံကုန် သော-ဟူသော ဤ စကားသည် အကြွင်းမဲ့သိမ်းယူသော စကားပေတည်း။ သတ္တာ-သတ္တဝါတို့-ဟူရာ၌ ရုပ်အစရှိသော ခန္ဓာတို့၌ လိုချင်တပ်မက် သော ဆန္ဒရာဂဖြင့် ငြိကပ်ကြတွယ်တာကြသောကြောင့် သတ္တာ-သတ္တဝါတို့ မည်ကုန်၏။ မှန်ပေ၏-မြတ်စွာဘုရားသည် အောက်ပါ စကားကို ဟောတော်မူ (အပ်)ပေသည်။
”(ရဟန်းအိုကြီး) ရာဓ ရုပ်၌ အကြင် လိုချင်ခြင်းသည် အကြင်တပ်မက်ခြင်းသည် အကြင် နှစ်သက်ခြင်းသည် အကြင်ဆာလောင်ခြင်း တဏှာသည်ရှိ၏၊ ထိုရုပ်၌ ထိုတဏှာဖြင့် ငြိကပ်တွယ်တာ တတ်၏၊ ထို့ကြောင့် သတ္တ-သတ္တဝါ ဟု ခေါ်ဆိုအပ်၏။ ဝေဒနာ၌ …. သညာ၌ …. သင်္ခါရတို့၌ …. ဝိညာဏ်၌ အကြင် လိုချင်ခြင်းသည် …. အကြင် ဆာလောင်ခြင်း တဏှာသည် ရှိ၏၊ ထို ဝိညာဏ်၌ ထိုတဏှာဖြင့် ငြိကပ်တွယ်တာတတ်၏၊ ထို့ကြောင့် သတ္တ-သတ္တဝါဟု ခေါ်ဆိုအပ်၏”ဟူ၍ပင် တည်း။ ဆက်၍ ရှင်းပြ ဦးအံ့-ဤ သတ္တဝါ ဟူသော ဝေါဟာရသည် တပ်မက်မှု ရာဂကင်းသော ရဟန္တာတို့၌လည်း အတင်ရုဠှီ အတွင်ရုဠှီ သဒ္ဒါအလိုအားဖြင့် ဖြစ်သည်သာလျှင်တည်း၊ တာလဝဏ္ဋ-ထန်းရွက်ယပ် ဟူသော ဝေါဟာရသည် ဝါးနှီးဖြင့် လုပ်ထားသော ယပ်အထူး၌ ဖြစ်သကဲ့သို့ပင်တည်း။ သဒ္ဒါဆရာတို့သည်ကား အနက်ကို မစိစစ်မူ၍ ဤ သတ္တသတ္တဝါ ဟူသော အမည်ကို အမည်မျှသာဟူ၍ အလိုရှိကုန်၏။ အနက်ကို စိစစ်သော ဆရာတို့သည်လည်း သတွဂုဏ်နှင့် ယှဉ်ခြင်းကြောင့် သတ္တ-သတ္တဝါမည်သည်ဟု အလိုရှိကုန်၏။
အသက်ရှူတတ်သောကြောင့် ပါဏမည်ကုန်၏၊ ထွက်သက် ဝင်သက်နှင့်စပ်သော ဖြစ်ခြင်းရှိသောကြောင့်ဟုဆိုလို၏။ ထင်ရှားဖြစ်ခြင်းကြောင့် ဘူတ မည်ကုန်၏၊ ကောင်းစွာ ဖြစ်ခြင်း အသစ်ထင်ရှားဖြစ်ခြင်းကြောင့်ဟု ဆိုလို၏။ ငရဲကို ပုံ-ဟု ခေါ်သည်၊ ထိုငရဲသို့ ရောက်တတ်သောကြောင့် ပုဂ္ဂလ-ပုဂ္ဂိုလ်မည်ကုန်၏။ ကိုယ်ကို သို့မဟုတ် ခန္ဓာငါးပါးအပေါင်းကို (အတ္တ ဟု ထင်မှတ်ရခြင်း၏ အကြောင်းဖြစ်သောကြောင့်) အတ္တဘာဝ-အတ္တဘော-ဟု ခေါ်သည်၊ အဘယ်ကြောင့်နည်း?ဟူမူ ထိုခန္ဓာငါးပါးအပေါင်းကိုစွဲ၍ ပညတ်မျှ ဖြစ်သင့်သောကြောင့်ပေတည်း။ ထို အတ္တဘာဝ-အတ္တဘော၌ ပရိယာပန္နဖြစ်သော ကြောင့် အတ္တဘာဝပရိယာပန္န မည်ကုန်၏၊ ပရိယာပန္နာ ဟူသည်ကား ပိုင်းခြားအပ်ကုန်သည် အတွင်းဝင်ကုန်သည်ဟု အနက် ရ၏။
[၃ဝ၄] ဆက်၍ ရှင်းပြဦးအံ့-အတ္တသဒ္ဒါကဲ့သို့ပင် ထို့အတူကြွင်းသော ပါဏ-အစရှိသော သဒ္ဒါတို့ကိုလည်း ရုဠှီ အစွမ်းအားဖြင့်တင်၍ ဤသဒ္ဒါအားလုံးတို့သည် သတ္တဝါအားလုံးကို ဟောသည့် ဝေဝုစ် ပရိယာယ် စကားလှယ်တို့ ဖြစ်ကြ သည် ဟူ၍ သိအပ်ကုန်၏။ သတ္တဝါအားလုံးကို ဟောသည့် ဝေဝုစ် ပရိယာယ် စကားလှယ် ဖြစ်ကြသော ဇန္တု, ဇီဝ အစရှိသော အခြားသဒ္ဒါတို့လည်း ရှိကြသေး၏၊ သို့သော်လည်း ထင်ရှားသည်၏ အစွမ်းအားဖြင့် ဤငါးပုဒ်တို့ကိုသာ ယူ၍ ”ငါးပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြား မရှိသောအားဖြင့် ဖြန့်သော (အနောဓိသ) မေတ္တာစေတောဝိမုတ္တိ ဖြစ်သည်”ဟူ၍ ဟောထား ပေသည်။
အကြင်ဆရာတို့သည်ကား သတ္တ ပါဏ စသော သဒ္ဒါတို့၏ ထူးခြားခြင်းသည် သက်သက် သဒ္ဒါမျှဖြင့်သာ ဟူ၍ မယူလိုကုန်၊ စင်စစ်သော်ကား အနက်အရ အားဖြင့်လည်း ထူးခြားခြင်းကို ယူလိုကုန်ရာ၏။ ထိုဆရာတို့၏ (အလိုအားဖြင့်) အပိုင်းအခြား မရှိသောအားဖြင့် ဖြန့်ခြင်းသည် ဆန့်ကျင်၏။ ထို့ကြောင့် ထိုသို့ အနက်အရပါ ကွဲပြားသော အနက်ကို မယူမူ ၍ ဤငါးပါးသော အခြင်းအရာတို့တွင် တပါးပါး ၏ အစွမ်းအားဖြင့် အပိုင်းအခြား မရှိသောအားဖြင့် (အနောဓိသ) မေတ္တာကို ဖြန့်အပ်ပေသည်။
၅၂၈-သွယ်မေတ္တာ ရေတွက်ပုံ
၂၅၇။ ဤသို့ ဖြန့်ရာ၌လည်း အလုံးစုံသော သတ္တဝါတို့သည် ရန်ကင်းကြပါစေ ဟူသော ဤ မေတ္တာဖြန့်ခြင်းသည် တခုသော အပ္ပနာ ပေတည်း၂။ (အဗျာပဇ္ဈာ) စိတ်ဆင်းရဲ ကင်းကြပါစေ ဟူသော ဤဖြန့်ခြင်းသည် တခုသော အပ္ပနာပေ တည်း။ အဗျာပဇ္ဈာဟူသည်ကား ဗျာဗာဓခေါ်သော နှိပ်စက်တတ်သည့် (စိတ်)ဆင်းရဲ ကင်းကုန်သည်(ဟုဆိုလို၏။) (အနီဃာ) ကိုယ်ဆင်းရဲ ကင်းကြပါစေ ဟူသော ဤဖြန့်ခြင်းသည် တခုသော အပ္ပနာ ပေတည်း။ အနီဃာ-ဟူသည်ကား (နိဒ္ဒုက္ခာ) (ကိုယ် ဆင်းရဲ ကင်းကုန်သည်၁ (ဟုဆိုလို၏)။ ချမ်းသာနှင့် ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေဟူသော ဤ ဖြန့်ခြင်းသည် တခုသော အပ္ပနာပေတည်း။ ထို့ကြောင့် ဤလေးပုဒ်တို့တွင်လည်း အကြင် အကြင်ပုဒ်သည် ထင်ရှား၏၊ ထိုထို ထင်ရှားသောပုဒ်၏ အစွမ်းအားဖြင့် မေတ္တာကို ဖြန့်အပ်၏။ ဤဆိုခဲ့သည့်အတိုင်း (အလုံးစုံသော သတ္တဝါတို့သည်အစရှိသော) ငါးပါးသော အခြင်း အရာတို့၌ (ရန်ကင်းကြပါစေ အစရှိသော) လေးပါး လေးပါးသော အပ္ပနာတို့၏ အစွမ်းအားဖြင့် (အနောဓိသ) အပိုင်းအခြား မရှိသောအားဖြင့် ဖြန့်ရာ၌ အပ္ပနာ ၂ဝ-ဖြစ်ကုန်၏။
(သြဓိသ) အပိုင်းအခြားအားဖြင့် ဖြန့်ရာ၌ကား (အလုံးစုံသော မိန်းမတို့သည် အစရှိသော) ခုနစ်ပါးသော အခြင်း အရာတို့၌ လေးပါး လေးပါးသော အပ္ပနာတို့၏ အစွမ်းအားဖြင့် အပ္ပနာ ၂၈-ပါး ဖြစ်ကုန်၏။ ဆက်ဦးအံ့-ဤအပိုင်းအခြား အားဖြင့် ဖြန့်ရာ၌ မိန်းမတို့သည်, ယောက်ျားတို့သည် ဟူသော ၂-ပုဒ်ကို လိင်၏အစွမ်းအားဖြင့် ဟော(အပ်)ပေသည်။ အရိယာတို့သည် အရိယာမဟုတ်သူတို့သည် ဟူသော ၂-ပုဒ်ကို အရိယာနှင့် ပုထုဇဉ်တို့၏ အစွမ်းအားဖြင့် (ဟောအပ် ပေသည်)။ နတ်တို့သည်, လူတို့သည်, ဝိနိပါတိကအပါယ်ဘုံ သားတို့သည် ဟူသော ၃-ပုဒ်ကို ကပ်၍ ဖြစ်ခြင်း ဟူသော (ဥပပါတ်) ပဋိသန္ဓေ၏ အစွမ်းအားဖြင့် (ဟောအပ်ပေသည်)။
အရပ်မျက်နှာအားဖြင့် ဖြန့်ရာ၌ကား ”အရှေ့ အရပ်မျက်နှာ၌ အလုံးစုံသော သတ္တဝါတို့သည်” ဤသို့ အစရှိသော နည်းဖြင့် တခု တခုသော အရပ်မျက်နှာ၌ နှစ်ဆယ် နှစ်ဆယ်ပြု၍ နှစ်ရာ (၂ဝဝ)ဖြစ်ကုန်၏။ ”အရှေ့ အရပ်မျက်နှာ၌ အလုံးစုံ သော မိန်းမတို့သည် ဤသို့ အစရှိသောနည်းဖြင့် တခုတခုသော အရပ်မျက်နှာ၌ နှစ်ဆဲ့ရှစ် နှစ်ဆဲ့ရှစ် တို့ကို ပြု၍ နှစ်ရာ့ရှစ် ဆယ် (၂၈ဝ) ဖြစ်ကုန်၏။ ဤသို့အားဖြင့် အပ္ပနာလေးရာ့ရှစ်ဆယ် (၄၈ဝ) ဖြစ်ကုန်၏။ (အနောဓိသ ၂ဝ+သြဓိသ ၂၈+ ဤ အရပ်မျက်နှာဖြင့် ဖြန့်ရာ၌ ၄၈ဝ-ဟူသော) ဤအပြားအားဖြင့် ပဋိသမ္ဘိဒါမဂ်၌ ဟောထားသော အပ္ပနာအလုံးစုံတို့သည် ငါးရာ့နှစ်ဆဲ့ရှစ် (၅၂၈)ပါး ဖြစ်ကုန်၏။ ဤတွင် တရပ်ပြီး၏။
မေတ္တာ၏ အာနိသင် အကျိုး ၁၁-ပါး
ယခု ပြဆိုခဲ့သည့်အတိုင်း ငါးရာ့နှစ်ဆယ်ရှစ် (၅၂၈) သွယ်သော အပ္ပနာတို့တွင် အမှတ်မရှိ တပါးပါးသော အပ္ပနာ ၏ အစွမ်းအားဖြင့် မေတ္တာ စေတောဝိမုတ္တိကို ပွါးစေ၍ ဤ ယောဂါဝစရ (ယောဂီ) ပုဂ္ဂိုလ်သည် ချမ်းသာစွာ အိပ်ရ၏-အစ ရှိသောနည်းဖြင့် ဟောတော်မူ (အပ်ကုန်)သော ၁၁-ပါးသော အာနိသင် အကျိုးတို့ကို ရပေ၏။
[၃ဝ၅] ၂၅၈။ ထိုတွင် ချမ်းသာစွာ အိပ်ရ၏-ဟူသည်ကား (မေတ္တာစေတောဝိမုတ္တိကို ရသူမှ) ကြွင်းကုန်သော အခြား ပုဂ္ဂိုလ်တို့သည် တပြောင်းပြောင်းတပြန်ပြန် လူးလှိမ့်ကုန်လျက် ဃူရူးဃူရူး-ဟု ရှူရှိုက်သံ မြည်စေကုန်လျက် (ဝါ-ဟောက် ကုန်လျက်) ဆင်းရဲစွာ အိပ်ရကုန်သကဲ့သို့ ထို့အတူ ဆင်းရဲစွာ မအိပ်ရမူ၍ ချမ်းသာစွာ အိပ်ရ၏၊ အိပ်ပျော်ခြင်းသို့ ရောက်နေ သော်လည်း သမာပတ် ဝင်စားနေသကဲ့သို့ ဖြစ်ပေ၏။
(၁)
ချမ်းသာစွာ နိုးရ၏-ဟူသည်ကား အခြားသူတို့သည် ညည်းတွားကုန်လျက် ကိုယ်လက်တို့ကို ပစ်နွှဲကုန်လျက် လူးလှိမ့်ကုန်လျက် ဆင်းရဲစွာ နိုးရကုန်သကဲ့သို့ ထို့အတူ ဆင်းရဲစွာ မနိုးမူ၍ ပဒုမ္မာကြာပန်း ပွင့်လာသကဲ့သို့ ကိုယ်၏ ဖောက် ပြန်ခြင်း မရှိပဲ ချမ်းသာစွာ နိုးရပေ၏။
(၂)
ယုတ်ညံ့သော အိပ်မက်ဆိုးကို မမြင်ရ-ဟူသည်ကား အိပ်မက်ကို မြင်သော်လည်း အိပ်မက်ကောင်းကိုသာ မြင်၏၊ စေတီတော်ကို ရှိခိုးနေသကဲ့သို့၎င်း ပူဇော်ခြင်းကို ပြုနေသကဲ့သို့၎င်း တရားကို နာနေသကဲ့သို့၎င်း မြင်မက်၏။ အခြား သူတို့သည် မိမိကို ခိုးသူ လူဆိုးတို့က ဝိုင်းရံထားသကဲ့သို့၎င်း ကျား စသော သားရဲတို့၏ အနှိပ်စက်ခံနေရသကဲ့သို့၎င်း ကမ်းပါးပြတ်၌ ကျသွားသကဲ့သို့၎င်း မြင်မက်ကုန်သကဲ့သို့ ထို့အတူ ယုတ်ညံ့သော အိပ်မက်ဆိုးကို မမြင်မက်ရပေ။
(၃) လတူ့ိုက ချစ်သ ည်-ဟသူ ညက်ား (လည်၌ စပွ ၍် ) ရင်၌ တလွဲ ကျွဲနေသော ပလု သဲ ယွ က် သဲ့ို၎င်း ဦး ခေါင်း ၌ ပနဆ် င် ထားသော ပန်းကုံးကဲ့သို့၎င်း လူတို့က ချစ်ခင်မြတ်နိုးပေ၏။
(၄)
နတ်တို့က ချစ်သည်-ဟူသည်ကား လူတို့က ချစ်သကဲ့သို့ပင် နတ်တို့ကလည်း ချစ်ပေ၏၊ ဝိသာခမည်သော မထေရ် ကဲ့သို့ပေတည်း။
ထို ဝိသာခမထေရ်သည် (ရဟန်း မပြုမီက) ပါဋလိပုတ်မြို့၌ သူကြွယ်တဦး ဖြစ်သတတ်။ ထိုဝိသာခသူကြွယ်သည် ထို ပါဋလိပုတ်မြို့၌ နေစဉ်ပင် ”သီဟိုဠ်ကျွန်းသည် စေတီတော် အစဉ်ဖြင့် တန်ဆာဆင်သကဲ့သို့ ရှိသတတ်၊ သင်္ကန်းရောင် ဖြင့် တောက်ပလျက် ရှိသတတ်၊ ထို သီဟိုဠ်ကျွန်း၌ အလိုရှိရာရာ အရပ်မှာပင် ထိုင်နေရန် အိပ်နေရန် ဖြစ်နိုင်သတတ်၊ လျောက်ပတ်သော ဥတု လျောက်ပတ်သောကျောင်း လျောက်ပတ်သော ပုဂ္ဂိုလ် လျောက်ပတ်သော တရားနာခြင်းဟူသော သပ္ပါယအလုံးစုံကို ထိုကျွန်း၌ ရလွယ်သတတ်”ဟူ၍ သတင်းကြားရလေသည်။
ထိုဝိသာခ သူကြွယ်သည် မိမိ၏ စည်းစိမ်ဥစ္စာ အစုကို သားမယားအား အပ်နှင်းခဲ့ပြီးလျှင် ပုဆိုးအစွန်း၌ ထုပ်ဖွဲ့ ထားသော အသပြာတခုသာ ပါသည်ဖြစ်၍ အိမ်မှ ထွက်ခဲ့လေသည်၊ ပင်လယ်ကမ်းခြေ သင်္ဘောဆိပ်အရပ်သို့ ရောက်သော အခါ သင်္ဘောကိုငံ့လျက် တလမျှ နေရ၏။ ထိုသို့ နေစဉ် ဝိသာခသူကြွယ်သည် ရောင်းဝယ်မှု၌ ကျွန်းကျင်သောကြောင့် ဤအရပ်မှ ပစ္စည်းကို ဝယ်ယူပြီးလျှင် ထိုအရပ်၌ ရောင်းလျက် တရားနှင့်ယှဉ်သော ကုန်သွယ်ခြင်းဖြင့် ထို တလအတွင်း၌ပင် ငွေတထောင် စုမိလေသည်။ ထို့နောင် အစဉ်အတိုင်း မဟာဝိဟာရ ကျောင်းတိုက်သို့ လာရောက်၍ ရှင်ရဟန်းအဖြစ်ကို တောင်းလေသည်။
[၃ဝ၆] ထို ဝိသာခသူကြွယ်ကို ရှင်ရဟန်း ပြုပေးရန် သိမ်သို့ခေါ်သွားသောအခါ သူ၏ ခါးပိုက်ကြားမှ ထိုငွေ တထောင်အိတ်သည် မြေသို့ ကျသွားလေ၏။ ”ဤအရာကား အဘယ်နည်း”ဟု မေးလတ်သော် ”အသပြာငွေ တထောင်ပါ ဘုရား”ဟု လျှောက်၏။ ”ဥပါသကာ ရှင်ရဟန်း ဖြစ်သောကာလမှ စ၍ စီမံရန် မဖြစ်နိုင်ဘူး၊ ယခုပင် ဤငွေကို စီမံပါလော့” ဟု သံဃာက ဆိုသောအခါ ”ဝိသာခ၏ ရှင်ရဟန်းပြုရာ ဌာနသို့ လာကြသော သူတို့သည် အချည်းနှီးလက်ရှိကာ ပြန်မသွား ကြရပါစေလင့်”ဟု ဆိုလျက် ငွေထုပ်ကိုဖြေ၍ သိမ်တန်ဆောင်းဝန်း မြေပြင်၌ ဖြန့်ကြဲပြီးလျှင် ရှင်ပြု၍ ရဟန်းအဖြစ်သို့ ရောက် လေသည်။
ထို ဝိသာခရဟန်းသည် ငါးဝါရ၍ ဒွေမာတိကာကို ကျေပြွန်အောင် လေ့လာပြီးလျှင် ပဝါရဏာပြုပြီး၍ မိမိနှင့် သင့်လျော်သော ကမ္မဋ္ဌာန်းကို ယူပြီးလျှင် တခု တခုသော ကျောင်း၌ လေးလလေးလ ကန့်သတ်၍ အညီအမျှ ဖြစ်သော နေခြင်းဖြင့် နေလျက် လှည့်လည်နေလေသည်။ ဤသို့ လှည့်လည်နေသော ဝိသာခမထေရ်သည် မိမိ၏ ဂုဏ်ကျေးဇူးကို ရှာမှီးကာ တောအကြား၌ တည်လျက် ခြင်္သေ့ ဟောက်သကဲ့သို့ ကြုံးဝါးကာ ဤအကြောင်းအရာကို မြွက်ဆိုလေသည်-
”အကြင်မျှသော ကာလမှစ၍ ရဟန်းဖြစ်ခဲ၏၊ အကြင်မျှသော ကာလဖြင့် ဤတောအလယ်သို့ ရောက်လာ၏၊ ဤကာလအတွင်း၌ ချွတ်ချော်သော အကျင့် မည်သည်မရှိပေ၊ အရှင်ဝိသာခ သင်ရ- ထားသော ဂုဏ်ကျေးဇူးလာဘ်တို့သည် သြော် ကြီးကျယ်မြင့်မြတ် ပါပေကုန်စွတကား”ဟူ၍ပင်တည်း။ ထိုဝိသာခမထေရ်သည် စိတ္တလတောင် ကျောင်းတိုက်သို့ သွားလတ်သော် လမ်းနှစ်ခွသို့ရောက်လတ်၍ ”ဤဘက် လမ်းသည် သွားသင့်သည့်လမ်း လေလော၊ သို့မဟုတ် ဤဘက်လမ်းလေလော”ဟု စဉ်းစားလျက် ရပ်တန့်နေ၏။ ထိုအခါ တောင်၌ စိုးအုပ်နေသော နတ်သည် လက်ကို ဆန့်တန်း၍ ”ဤသည်ကား လမ်းတည်း” ဟု ဆိုကာ ထိုဝိသာခမထေရ်အား ညွှန်ပြလေသည်။ ထိုဝိသာခမထေရ်သည် စိတ္တလတောင် ကျောင်းတိုက်သို့ သွားရောက်၍ ထိုကျောင်းတိုက်၌ လေးလပတ်လုံး နေပြီးလျှင် ”မိုးသောက်ထအခါ၌ သွားတော့မည်”ဟု ကြံစည်ကာ လျောင်းစက်နေလေ၏။ စင်္ကြံဦး (မဏိလခေါ်) သပြေပင်၌ စိုးအုပ်နေသော ရုက္ခစိုးနတ်သည် လှေကား ပျဉ်ချပ်၌ ထိုင်လျက် လှိုက်လှိုက်လှဲလှဲ ငိုနေလေသည်။
”ဤငိုနေသူကား အဘယ်သူနည်း”ဟု မထေရ်က မေး၏။ ”အကျွန်ုပ်သည် သပြေပင်စောင့်နတ်ပါ အရှင်ဘုရား”ဟု လျှောက်၏။ အဘယ့်ကြောင့် ငိုသနည်းဟု မေး၏။ အရှင်ဘုရားတို့၏ ကြွသွားမည်ကို အကြောင်းပြု၍ ငိုပါသည်-ဟု လျှောက်၏။ ဤအရပ်၌ ငါနေခြင်းကြောင့် သင်တို့အား အဘယ်သို့သော ဂုဏ်အကျိုးကျေးဇူးရှိပါသနည်း-ဟု မေး၏။ အရှင် ဘုရားတို့ ဤအရပ်၌နေလျှင် နတ်တို့သည် အချင်းချင်းမေတ္တာကို ရကြပါသည်ဘုရား၊ ယခု အရှင်ဘုရားတို့ကြွသွားလျှင် ထို နတ်တို့သည် ခိုက်ရန်ကို ပြုကြပါလိမ့်မည်၊ ရုန့်ရင်းကြမ်းကြုတ်သော စကားကိုလည်း ပြောဆိုကြပါလိမ့်မည်-ဟု လျှောက်၏။ ဝိသာခမထေရ်သည် ”ဤအရပ်၌ ငါနေလျှင် သင်တို့အား အကယ်၍ ချမ်းသာစွာ နေရခြင်းဖြစ်ပါမူ ကောင်းပါပြီ”ဟုဆို၍ နောက်ထပ် လေးလပတ်လုံးလည်း ထိုအရပ်၌ နေပြီးလျှင် တဖန် ရှေးနည်းတူပင် သွားရန် စိတ်ကူးကြံစည်ပြန်၏။ နတ်သည် လည်း တဖန် ရှေးနည်းတူပင် လှိုက်လှိုက်လှဲလှဲ ငိုနေပြန် လေသည်။ ဤနည်းဖြင့်ပင်လျှင် ဝိသာခမထေရ်သည် ထိုအရပ်၌ပင် နေ၍ ထိုအရပ်၌ပင် ပရိနိဗ္ဗာန် စံတော်မူလေသည်။ ဤ ဆိုခဲ့သည့်အတိုင်း မေတ္တာဖြင့် နေလေ့ရှိသော ရဟန်းကို နတ်တို့က ချစ်ပေသည်။
(၅)
နတ်တို့က စောင့်ရှောက်ကြသည်-ဟူသည်ကား မိဘတို့သည် သားကို စောင့်ရှောက်ကုန်သကဲ့သို့ နတ်တို့က စောင့် ရှောက်ကြသည်။
(၆)
[၃ဝ၇] မေတ္တာပွါးသူ၏ (ကိုယ်၌) မီး အဆိပ် လက်နက် မကျရောက်နိုင် ဟူသည်ကား မေတ္တာဖြင့် နေလေ့ရှိသော သူ၏ကိုယ်၌ ဥတ္တရာမည်သော ဥပါသိကာ၏ (ကိုယ်၌) (ဆီပူမလောင်သ)ကဲ့သို့ မီးသည်လည်း မကျရောက် မလောင်ပေ၊ သံယုတ်နိကာယ်ဆောင် စူဠသိဝမထေရ်မှာကဲ့သို့ အဆိပ်သည်လည်း မကျရောက်-မသင့်နိုင်ပေ၊ သံကိစ္စသာမဏေ၏ (ကိုယ် မှာ)ကဲ့သို့ ဓားလက်နက်သည်လည်း မကျရောက်နိုင်-မလှီးဖြတ် နိုင်ပေ၊ မဝင်နိုင်-မစူးရှနိုင်ပေ၊ ”မေတ္တာ ပွါးသူ၏ ကိုယ်ကို မဖျက်ဆီးနိုင်”ဟု ဆိုလို၏။ ဤအရာ၌ သားငယ်ရှိသော မိခင်နွားမ ဝတ္ထုကိုလည်း ပြောဆိုကြ၏၊ (ပြောဆိုပုံမှာ) တကောင် သော မိခင်နွားမသည် သားငယ်နွားကလေးအား နို့ရည်အယဉ်ကို လွှတ်လျက် နို့တိုက်လျက် ရပ်တည်နေလေ၏၊ မုဆိုး တယောက်သည် ထိုနွားမကို ထိုးအံ့ဟု လက်ကို နောက်သို့ပစ်နွှဲ၍ အရှိန်ယူကာ အရိုးရှည်နှင့် လှံကို ပစ်လွှတ်လိုက်၏၊ ထိုလှံ သည် နွားမ၏ကိုယ်ကို ထိခိုက်၍ ထန်းရွက်ကဲ့သို့ ခွေလိပ် သွားလေသတတ်။ (ထိုသို့ ဖြစ်ခြင်းသည်) ဥပစာရ၏ အစွမ်း ကြောင့်လည်းမဟုတ်၊ အပ္ပနာ၏ အစွမ်းကြောင့်လည်း မဟုတ်၊ သားငယ်ဖြစ်သော နွားကလေး၌ အားကြီးသော ချစ်ခင်စိတ်ရှိ ခြင်း သက်သက်ကြောင့်သာ ဖြစ်ပေသည်။ မေတ္တာသည် ဤသို့ပင် ကြီးမားသော အာနုဘော်ရှိပေသည်။
(၇)
လျင်စွာ စိတ်တည်ကြည်၏-ဟူသည်ကား မေတ္တာဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်အား စိတ်သည် လျင်စွာပင် တည်ကြည် ၏၊ ထိုသို့ တည်ကြည်ခြင်း၏ နှောင့်နှေးခြင်းမည်သည် မရှိပေ။
(၈)
မျက်နှာအဆင်း ကြည်လင်၏-ဟူသည်ကား အညှာမှ ကြွေကျသော ထန်းသီးမှည့်ကဲ့သို့ ထိုမေတ္တာပွါးသူ၏ မျက်နှာ သည် အထူးသဖြင့် ကြည်လင်သော အဆင်းရှိပေ၏။ (၉)
မတွေဝေပဲ သေရ၏-ဟူသည်ကား မေတ္တာဖြင့် နေလေ့ရှိသောသူမှာ တွေဝေလျက် သေခြင်းမည်သည် မရှိ၊ အိပ်ပျော် သွားသကဲ့သို့ပင် တွေဝေခြင်း မရှိပဲသာလျှင် သေရ၏။
(၁ဝ)
အထက်မဂ်ဖိုလ် တရားကို ထိုးထွင်း၍ မသိလတ် မရလတ်သော်-ဟူသည်ကား မေတ္တာသမာပတ်မှ အထက်ဖြစ် သော အရဟတ္တဖိုလ်ကို ရခြင်းငှါ မစွမ်းနိုင်လတ်သော် ဤလူ့ဘဝမှ စုတေ၍ အိပ်ပျော်နေရာမှ နိုးသောသူကဲ့သို့ ဗြဟ္မာ့ လောက၌ ဖြစ်ရ၏။ (၁၁) ဤတွင် တရပ်ပြီး၏။
ဆိုခဲ့ပြီးသော ဤစကားသည် မေတ္တာဘာဝနာ၌ အကျယ်ပြဆိုသော စကားပေတည်း။
၂-ကရုဏာပွါးပုံ အဖွင့်
၂၅၉။ ကရုဏာကို ပွါးစေလိုသော ပုဂ္ဂိုလ်သည် သနားခြင်း ကရုဏာ ကင်းမဲ့ခြင်း၌ အပြစ်ကို၎င်း, သနားခြင်း ကရုဏာ၌ အကျိုးအာနိသင်ကို၎င်း ဆင်ခြင်ပြီးလျှင် ကရုဏာဘာဝနာကို အားထုတ်အပ်၏။ ထိုကရုဏာ ဘာဝနာကို အားထုတ်သော ပုဂ္ဂိုလ်သည်လည်း ရှေးဦးစွာ ချစ်အပ်သော (ပိယ) ပုဂ္ဂိုလ်စသည်တို့၌ အားမထုတ်အပ်သေး။ မှန်ပေ၏-ချစ် အပ်သော သူသည် ချစ်အပ်သူ အရာ၌သာလျှင်တည်၏၁၊ အလွန်ချစ်သော သူငယ်ချင်းသည် အလွန်ချစ်သော သူငယ်ချင်း အရာ၌သာလျှင် တည်၏၊ အလယ် အလတ်ဖြစ်သူသည် အလယ် အလတ် အရာ၌သာလျှင် တည်၏၊ မချစ် အပ်သောသူသည် မချစ်အပ်သောသူ အရာ၌သာလျှင် တည်၏၊ ရန်သူသည် ရန်သူအရာ၌ သာလျှင် တည်၏၊ လိင်အသွင် ကွဲပြားသောသူ သေလေသူတို့သည် ကရုဏာ၏ နယ်ပယ်မဟုတ်သည်သာ။ စင်စစ် သော်ကား-
”ရဟန်းသည် အဘယ်သို့လျှင် ကရုဏာနှင့်တကွ ဖြစ်သော စိတ်ဖြင့် တခုသော အရပ်ကို ဖြန့် ၍ နေသနည်း၊ ဥပမာဖြင့် ပြရလျှင် ဆင်းရဲဒုက္ခ ရောက်နေသော မကောင်းဆိုးဝါးသည့် အခြေအနေ ရှိနေသော ပုဂ္ဂိုလ် တယောက်ကို တွေ့မြင်ရလျှင် သနားကရုဏာသက်ရာသကဲ့သို့ [၃ဝ၈] ထို့အတူပင် အလုံးစုံသော သတ္တဝါတို့ကို သနားခြင်း ကရုဏာဖြင့် ဖြန့်၏”ဟုအဘိဓ မ္မာ ဝိဘင်းပါဠိ၌ ဟောထားသောကြောင့် အလုံးစုံတို့၏ ရှေးဦးစွာ အလွန်ဆင်းရဲခြင်းသို့ ရောက်၍ သနား ထိုက်သည့် သဘောရှိသော (ဝါ-သနားစရာကောင်းသော) ဆင်းရဲဒုက္ခရောက်နေသော မကောင်းဆိုးဝါးသည့် အခြေအနေရှိနေ သော ခိုကိုးရာမဲ့ အထီးကျန်သော ယောက်ျားသည် အစာအာဟာရပြတ်လျက် တောင်းခံခွက်ကို ရှေ့၌ ချထားလျက် ခိုကိုးရာမဲ့ သူတို့၏နေရာ ဇရပ်၌ ထိုင်နေသည်ကို၎င်း, နူနာစွဲကပ်သော လက်ခြေတို့မှ ပိုးလောက်များ ထွက်ကျလျက် နာကျင် ကိုက်ခဲ သဖြင့် ညည်းတွားမြည်တမ်း နေသည်ကို၎င်း ကြည့်ရှုရ တွေ့မြင်ရပြီးလျှင် ”ဤသတ္တဝါသည် ဆင်းရဲခြင်းသို့ ရောက်နေ ရှာလေစွ၊ ဤဆင်းရဲမှ လွတ်ပါမူ ကောင်းလေစွ”ဟု သနားခြင်း ကရုဏာကို ဖြစ်စေအပ်၏။ ထိုသို့သော ပုဂ္ဂိုလ်ကို မမြင် တွေ့ရပါမူ ချမ်းသာနေသူပင် ဖြစ်သော်လည်း မကောင်းမှု ပြုလေ့ရှိသူ ဖြစ်လျှင် ထိုသို့သော ပုဂ္ဂိုလ်ကို အသတ်ခံရမည့် သူနှင့် ဥပမာပြု၍ သနားခြင်း ကရုဏာကို ဖြစ်စေအပ်၏။
အဘယ်သို့နည်း?ဟူမူ-ခိုးထုပ်ခိုးထယ်နှင့်တကွ ဖမ်းမိလာသော ခိုးသူကို သတ်ကြလေ-ဟု ချမှတ်လိုက်သောမင်း၏ အမိန့်ဖြင့် မင်းချင်းယောက်ျားတို့သည် လက်ပြန်ကြိုး စသည်ဖြင့် ချည်နှောင်ကုန်၍ လမ်းလေးခွဆုံ လမ်းလေးခွဆုံ အရပ်၌ အချက်ပေါင်း တရာမက ရိုက်နှက်ကုန်လျက် သူသတ်ကုန်းသို့ ဆောင်ကုန်၏။ ထိုခိုးသူအား လူအများတို့က ခဲဘွယ်ဘောဇဉ် တို့ကို၎င်း ပန်းနံ့သာ နံ့သာပျောင်းကွမ်းတို့ကို၎င်း ပေးကုန်၏။ ထိုခိုးသူသည် ထိုခဲဘွယ် ဘောဇဉ်တို့ကို စားသောက်လျက် သုံးဆောင်ဖွယ် စည်းစိမ်နှင့် ပြည့်စုံသကဲ့သို့ သွားနေသော်လည်း ထိုခိုးသူကို ”ဤသူသည် ချမ်းသာပေစွ များစွာသော သုံးဆောင်ဖွယ်စည်းစိမ်နှင့် ပြည့်စုံပေစွ”ဟူ၍ မည်သူကမျှ မထင်မှတ်ပေ၊ စင်စစ်အားဖြင့်မူ ”ဤအကောင်သည် ယခုပင် သေရရှာတော့မည်၊ သူသည် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း သေခြင်းနှင့် နီးကပ် နီးကပ်သွားလေတော့သည်” ဟူ၍သာ ဆင်ခြင်လျက် လူအပေါင်းက ထိုခိုးသူကို သနားကရုဏာ သက်သကဲ့သို့ ထို့အတူပင် ကရုဏာကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းသည် ချမ်းသာနေသူပင်ဖြစ်သော်လည်း မကောင်းမှု ပြုလေ့ရှိသော ပုဂ္ဂိုလ်ကို ”ဤအကောင်သည် ယခုအခါ ချမ်းသာ လျက် ကောင်းစွာ ဝတ်ဆင်လျက် သုံးဆောင်ဖွယ်စည်းစိမ်ကို သုံးဆောင်နေသော်လည်း ဒွါရသုံးပါးတို့တွင် တခုမျှဖြင့်ပင် ပြုထားသော ကောင်းမှုကံ မရှိခြင်းကြောင့် ယခုမကြာမီပင် အပါယ်ဘုံတို့၌ များစွာသောဆင်းရဲခြင်း နှလုံးမသာခြင်းကို ခံစားရ ရှာလိမ့်မည်”ဟု ဤသို့ ဆင်ခြင်၍ သနားခြင်း ကရုဏာကို ဖြစ်စေအပ်ပေသည်။
ဤသို့ ထို (သနားထိုက်သော) ပုဂ္ဂိုလ်ကို ကရုဏာ ပွါးစေပြီး၍ ထို့နောင် ဤနည်းဖြင့်ပင်လျှင် ချစ်အပ်သော ပုဂ္ဂိုလ် ၌ (ပွါးစေအပ်၏)၊ ထို့နောင် အလယ်အလတ်ပုဂ္ဂိုလ်၌၊ ထို့နောင် ရန်သူ၌ (ပွါးစေအပ်၏)၊ ထိုသို့် အစဉ်အတိုင်း ကရုဏာကို ဖြစ်စေအပ်၏။ ဤယောဂီအား ရှေး၌ ဆိုခဲ့ပြီးသော နည်းဖြင့်ပင် ရန်သူ၌ အကယ်၍ အမျက်ဒေါသ ဖြစ်ငြားအံ့၊ ထို အမျက် ဒေါသကို မေတ္တာအရာ၌ ဆိုခဲ့သောနည်းဖြင့်ပင် ငြိမ်းစေအပ်၏။ ဆက်ဦးအံ့-ကရုဏာ ပွါးအပ်သော ဤပုဂ္ဂိုလ်တို့တွင် ပြုထားသော ကောင်းမှုများစွာ ရှိနေသောသူပင် ဖြစ်ငြားသော်လည်း ဉာတိဗျသန ရောဂဗျသန ဘောဂဗျသနစသည်တို့တွင် တပါးပါးသော ပျက်စီးခြင်း (ဗျသန)နှင့် တွေ့ကြုံနေသည်ကို တွေ့မြင်ရ၍သော်၎င်း ကြားရ၍သော်၎င်း ထိုဗျသနတို့(နှင့် တွေ့ကြုံခြင်း) မရှိငြားသော်လည်း ဝဋ်ဆင်းရဲကို မကျော်လွန်နိုင်သေးသောကြောင့် ”ဤသူမှာ ဆင်းရဲ ရောက်နေစွတကား”ဟု ဤသို့ ဆင်ခြင်လျက် ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း သနားခြင်းကရုဏာကို ပွါးစေပြီးလျှင် ဆိုခဲ့ပြီးသော နည်းဖြင့်ပင် မိမိ, ချစ်အပ်သောပုဂ္ဂိုလ်, အလယ်အလတ်ပုဂ္ဂိုလ်, ရန်သူ ဟူသောလေးဦးသော ပုဂ္ဂိုလ်တို့၌ သီမာသမ္ဘေဒကို [၃ဝ၉] ပြုပြီးလျှင် ထို(သီမာသမ္ဘေဒ၏ အစွမ်းဖြင့်ဖြစ်သော သမထ) နိမိတ်ကို မှီဝဲပွါးများ အကြိမ်များစွာ ပြုလျက် မေတ္တာ အရာ၌ ဆိုခဲ့သော နည်းဖြင့်ပင် ဈာန်သုံးပါး လေးပါးအပေါင်း၏ အစွမ်းအားဖြင့် အပ္ပနာကို ပွါးစေအပ်၏။
ဝါဒကွဲကို ရှင်းဦးအံ့-အင်္ဂုတ္တရ အဋ္ဌကထာ၌ ”ရှေးဦးစွာ ရန်သူပုဂ္ဂိုလ်ကို ကရုဏာပွါးအပ်၏၊ ထိုရန်သူ၌ စိတ်ကို နူးညံ့အောင်ပြုပြီးလျှင် ဆင်းရဲဒုက္ခ ရောက်နေသူကို ပွါးအပ်၏။ ထို့နောင် ချစ်အပ်သူ ပုဂ္ဂိုလ်ကို ပွါးအပ်၏၊ ထို့နောင် မိမိ ကိုယ်ကို ပွါးအပ်၏”ဟူ၍ ဤအစဉ်ကို ပြဆိုထား၏၊ ထိုပြဆိုချက်သည် ”ဒုဂ္ဂတံ-ဆင်းရဲဒုက္ခရောက်နေ သော၊ ဒုရူပေတံမကောင်း ဆိုးဝါးသည့် အခြေအနေရှိနေသောသူကို (တွေ့မြင်ရလျှင် သနားကရုဏာ သက်ရာသကဲ့သို့)”ဟု ဟောထားသော ဝိဘင်းပါဠိနှင့်အညီ၊ ထို့ကြောင့် ဤ၌ ဆိုခဲ့ပြီးသော နည်းဖြင့်သာလျှင် ဘာဝနာကို အားထုတ်၍ သီမာသမ္ဘေဒကို ပြုပြီးလျှင် အပ္ပနာကို ပွါးစေအပ်ပေသည်။
ထိုမှနောက်၌ ”ငါးပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြား မရှိသောအားဖြင့် ဖြန့်ခြင်း, ခုနစ်ပါးသောအခြင်းအရာ တို့ဖြင့် အပိုင်းအခြားအားဖြင့် ဖြန့်ခြင်း, ဆယ်ပါးသောအခြင်းအရာတို့ဖြင့် အရပ်မျက်နှာကို ဖြန့်ခြင်း”ဟူသော ဤအမျိုးမျိုး အထွေထွေ ကရုဏာပွါးခြင်းကို၎င်း ”ချမ်းသာစွာ အိပ်ရ၏” ဤသို့အစရှိသော အာနိသင်အကျိုးကို၎င်း မေတ္တာအရာ၌ ဆိုခဲ့ပြီး သော နည်းဖြင့်ပင်လျှင် သိအပ်(ကုန်)၏။ ဤတွင် တရပ်ပြီး၏။
ဆိုခဲ့ပြီးသော ဤစကားသည် ကရုဏာဘာဝနာ၌ အကျယ်ပြဆိုသော စကားပေတည်း။
မုဒိတာပွါးပုံ အဖွင့်
၂၆ဝ။ မုဒိတာဘာဝနာကို အားထုတ်သော ပုဂ္ဂိုလ်သည်လည်း ရှေးဦးစွာ ချစ်အပ်သောပုဂ္ဂိုလ် စသည်တို့၌ အားမထုတ်အပ်သေး။ မှန်ပေ၏-ချစ်အပ်သောသူသည် ချစ်အပ်သည်၏ အဖြစ်မျှဖြင့်သာလျှင် မုဒိတာ၏ နီးသောအကြောင်း မဖြစ်ပေ ၊ အလယ်အလတ်ပုဂ္ဂိုလ် ရန်သူပုဂ္ဂိုလ်တို့သည်ကား အဘယ်မှာ ဆိုဖွယ်ရှိအံ့နည်း။ လိင်ကွဲပြားသောသူ, သေလေ သော သူတို့သည်ကား မုဒိတာ၏ နယ်ပယ် မဟုတ်သည်သာတည်း။
အလွန်ချစ်အပ်သော သူငယ်ချင်းသည်ကား မုဒိတာ၏ နီးသောအကြောင်းဖြစ်နိုင်ပေ၏၊ ယင်း သူငယ်ချင်းကို အဋ္ဌကထာ၌ (သောဏ္ဍသဟာယ) သွမ်းဖျင်းဖက် ပြောင်လှောင်ဖက်နှင့်တူသော သူငယ်ချင်းဟူ၍ ဆိုထားပေသည်။ ထိုအလွန် ချစ်အပ်သော သူငယ်ချင်းသည် အလွန်ဝမ်းမြောက်တတ်သည်သာလျှင် (ဝါ-ဝမ်းမြောက်အပ်-ဝမ်းမြောက်ထိုက်သည်သာလျှင်) ဖြစ်ပေ၏။ ထိုသူသည် ရှေးဦးစွာ ရယ်ရွှင်ပြီးလျှင် နောက်မှ စကားပြောတတ်၏။ ထို့ကြောင့် ထိုအလွန်ချစ်အပ်သော သူငယ်ချင်းကိုမူလည်း ရှေးဦးစွာ မုဒိတာဖြင့် ဖြန့်အပ်၏၊ သို့မဟုတ် ချစ်အပ်သော ပုဂ္ဂိုလ်သည် ချမ်းသာနှင့်ပြည့်စုံလျက် ကောင်းစွာ ဝတ်စား ပြုပြင်ဆင်ယင်လျက် ဝမ်းမြောက်နေ သည်ကို တွေ့မြင်၍သော်၎င်း ကြား၍သော်၎င်း ”ဤပုဂ္ဂိုလ်သည် ဝမ်းမြောက်စွတကား၊ သြော် ကောင်းပါပေစွ ကောင်းပါပေစွ”ဟု ဝမ်းမြောက်ခြင်း မုဒိတာကို ဖြစ်စေအပ်၏။ မှန်ပေ၏-ဤ အကြောင်းအရာ အထူးကိုပင် စွဲမှီ၍ အဘိဓမ္မာဝိဘင်းပါဠိ၌-
”ရဟန်းသည် အဘယ်သို့လျှင် မုဒိတာနှင့်တကွဖြစ်သော စိတ်ဖြင့် တခုသောအရပ်ကို ဖြန့်၍ နေသနည်း၊ ဥပမာဖြင့် ပြရလျှင် ချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်တယောက်ကို တွေ့မြင်ရလျှင် ဝမ်းမြောက်ရာ သကဲ့သို့ ထို့အတူပင် အလုံးစုံသော သတ္တဝါတို့ကို ဝမ်းမြောက်ခြင်း မုဒိတာဖြင့်ဖြန့်၏” ဟု ဟောတော်မူပေသည်။
ဤယောဂီ၏ ထိုသွမ်းဖျင်းဖက်နှင့်တူသော သူငယ်ချင်းသည်သော်၎င်း, ချစ်အပ်သောပုဂ္ဂိုလ်သည်သော်၎င်း လွန်ခဲ့ပြီး သော ရှေးကာလ၌ ချမ်းသာနှင့် ပြည့်စုံခဲ့၍ ယခုမူကား ဆင်းရဲဒုက္ခရောက်နေသည် မကောင်းဆိုးဝါးသည့် အခြေအနေ ရှိနေသည် အကယ်၍ ဖြစ်စေကာမူ လွန်ခဲ့ပြီးသော ရှေးကာလ၌ ထိုသူ၏ ချမ်းသာဘူးသည့် အဖြစ်ကိုသာလျှင် ပြန်လည် အောက်မေ့ဆင်ခြင်၍ ”ဤသူသည် လွန်ခဲ့ပြီးသော ရှေးကာလ၌ ဤသို့များသော စည်းစိမ်ရှိခဲ့သည် များသော အခြွေအရံ ရှိခဲ့သည် ဖြစ်၍ အမြဲပင် ဝမ်းမြောက်လျက် ရှိခဲ့လေပြီ”ဟု ထိုသူ၏ ဝမ်းမြောက်ခဲ့ပုံ အခြင်းအရာကိုသာ ယူ၍ ဝမ်းမြောက်ခြင်း မုဒိတာကို ဖြစ်စေအပ်၏။ ထို့ပြင် နောင်အနာဂတ်ကာလ၌ တဖန် ထိုစည်းစိမ်မျိုးကို [၃၁ဝ] ရ၍ ဆင်းကျောက်ကုန်း မြင်း ကျောက်ကုန်း ရွှေထမ်းစင်တို့ဖြင့် လှည့်လည်ရပေလိမ့်မည်”ဟု နောင်အခါ၌ ဖြစ်မည့် ထိုသူ၏ ဝမ်းမြောက်ဖွယ် အခြင်းအရာ ကို ယူ၍မူလည်း ဝမ်းမြောက်ခြင်း မုဒိတာကို ဖြစ်စေအပ်၏။
ဤသို့ချစ်အပ်သော ပုဂ္ဂိုလ်၌ မုဒိတာကို ဖြစ်စေပြီးလျှင် ထို့နောင် အလယ်အလတ်ပုဂ္ဂိုလ်၌, ထို့နောင် ရန်သူ၌ ဤ အစဉ်ဖြင့် မုဒိတာကို မပြတ်ဖြစ်စေအပ်၏။ အပ္ပနာကို ပွါးစေအပ်၏။ ဤယောဂီအား ရှေး၌ဆိုခဲ့သော နည်းဖြင့်ပင်လျှင် ရန်သူ ၌ အကယ်၍ အမျက်ဒေါသ ဖြစ်ငြားအံ့၊ ၎င်းကို မေတ္တာအရာ၌ ဆိုခဲ့သောနည်းဖြင့်ပင်လျှင် ညီမျှသောစိတ်ရှိသည်၏ အဖြစ် ဖြင့် သီမာသမ္ဘေဒကို ပြုပြီးလျှင် (ထို သီမာသမ္ဘေဒ၏ အစွမ်းဖြင့်ဖြစ်သော သမထ) နိမိတ်ကို မှီဝဲပွါးများ အကြိမ်များစွာ ပြုလျက် မေတ္တာအရာ၌ ဆိုခဲ့သော နည်းဖြင့်ပင်လျှင် ဈာန်သုံးပါး လေးပါး အပေါင်း၏ အစွမ်းအားဖြင့် အပ္ပနာကို ပွါးစေ အပ်၏။
ထိုမှနောက်၌ ”ငါးပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြား မရှိသောအားဖြင့် ဖြန့်ခြင်း, ခုနစ်ပါးသောအခြင်းအရာ တို့ဖြင့် အပိုင်းအခြားအားဖြင့် ဖြန့်ခြင်း, ဆယ်ပါးသော အခြင်းအရာတို့ဖြင့် အရပ်မျက်နှာကို ဖြန့်ခြင်း”ဟူသော ဤအမျိုးမျိုး အထွေထွေ မုဒိတာ ပွါးခြင်းကို၎င်း ”ချမ်းသာစွာ အိပ်ရ၏” ဤသို့အစရှိသော အာနိသင် အကျိုးတို့ကို၎င်း မေတ္တာအရာ၌ ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် သိအပ် (ကုန်)၏။ ဤတွင် တရပ်ပြီး၏။
ဆိုခဲ့ပြီးသော ဤစကားသည် မုဒိတာဘာဝနာ၌ အကျယ်ပြဆိုသော စကားပေတည်း။
ဥပေက္ခာပွါးပုံအဖွင့်
၂၆၁။ ဥပေက္ခာဘာဝနာကို ပွါးစေလိုသောပုဂ္ဂိုလ်သည် မေတ္တာစသည်တို့၌ ဈာန်သုံးပါး လေးပါး အပေါင်းကို ရပြီးနောက် ကျေပြွန်သော တတိယဈာန်မှထ၍၁ ”ချမ်းသာကြပါစေ” ဤသို့ စသည်၏ အစွမ်းဖြင့် သတ္တဝါတို့၌ ယုယမြတ်နိုး သော နှလုံးသွင်းမှုနှင့် ယှဉ်ခြင်းကြောင့်၎င်း, မုန်းခြင်း ချစ်ခြင်း၏ အနီး၌ ကျက်စားခြင်းကြောင့်၎င်း, သောမနဿ (စိတ် ရွှင်လန်းချမ်းသာမှု)နှင့် ယှဉ်သဖြင့် ရုန့်ရင်းခြင်းကြောင့်၎င်း ရှေးဘာဝနာသုံးပါးတို့၌ အပြစ်ကို ရှုမြင်ပြီးလျှင်ငြိမ်သက်သော သဘောရှိခြင်းကြောင့် ဥပေက္ခာ၌ အာနိသင်ကိုလည်း ရှုမြင်ပြီးလျှင် အကြင်ပုဂ္ဂိုလ်သည် ဤယောဂီအား ပကတိပင်ကိုအား ဖြင့် မချစ်မမုန်း အလယ်အလတ်ဖြစ်၏၊ ထိုအလယ်အလတ် ပုဂ္ဂိုလ်ကို လျစ်လျူရှု၍ ဥပေက္ခာကို ဖြစ်စေအပ်၏၊ ထို့နောင် ချစ်အပ်သော ပုဂ္ဂိုလ်စသည်တို့၌ (ဖြစ်စေအပ်၏)။ မှန်ပေ၏-
”ရဟန်းသည် အဘယ်သို့လျှင် ဥပေက္ခာနှင့်တကွ ဖြစ်သောစိတ်ဖြင့် တခုသောအရပ်ကို ဖြန့်၍ နေသနည်း၊ ဥပမာဖြင့်ပြရလျှင် မချစ် မမုန်းသော ပုဂ္ဂိုလ်တယောက်ကို တွေ့မြင်ရလျှင် လျစ်လျူရှု သည် ဖြစ်ရာဘိသကဲ့သို့ ထို့အတူပင် အလုံးစုံသော သတ္တဝါတို့ကို လျစ်လျူရှုခြင်း-ဥပေက္ခာဖြင့် ဖြန့်၏”ဟူသော ဤစကားကို ဟောတော် မူပေသည်။
ထို့ကြောင့် ဆခိုြဲ့ပီး သောနည်း ဖြင့် အလယအ် လတပ် ဂ္ဂိုလ်၌ ဥပေက္ခာ ကို ဖြစ်စေပြီး လျှင် ထို့နောင် ချစအ် ပ်သော ပုဂ္ဂိုလ်၌၊ ထို့နောင် သွမ်းဖျင်းဖက်နှင့်တူသော သူငယ်ချင်း၌၊ ထို့နောင် ရန်သူ၌ (ဖြစ်စေအပ်၏)၊ ဤသို့အားဖြင့် ဤပုဂ္ဂိုလ် သုံးဦးနှင့် မိမိဟူသော ဤအလုံးစုံတို့၌ အလယ်အလတ် လျစ်လျူရှုခြင်းသဘော၏ အစွမ်းအားဖြင့် သီမာသမ္ဘေဒကို ပြုပြီး လျှင် ထို(သီမာသမ္ဘေဒ ၏ အစွမ်းဖြင့် ဖြစ်သောသမထ) နိမိတ်ကို မှီဝဲအပ် ပွါးစေပ် အကြိမ်များစွာ ပြုအပ်၏။ ဤသို့ပြုနေ သော ထိုယောဂီအား ပထဝီကသိုဏ်းအရာ၌ ဆိုခဲ့ပြီးသောနည်းဖြင့် ပင်လျှင် စတုတ္ထဈာန်သည် ဖြစ်ပေါ်လာ၏။ [၃၁၁] မေးခွန်းသွင်း၍ ရှင်းပြဦးအံ့ – ဤဥပေက္ခာ စတုတ္ထဈာန်သည် ပထဝီကသိုဏ်း စသည်တို့၌ တတိယဈာန်ကို ရသောသူအားလည်း ဖြစ်ပါသလောဟူမူ၊ မဖြစ်ပေ။ အဘယ့်ကြောင့်နည်း အာရုံ၏ သဘောမတူခြင်းကြောင့်ပေတည်း။ စင်စစ် သော်ကား အာရုံ၏ သဘောတူခြင်းကြောင့် မေတ္တာစသည်တို့၌ တတိယဈာန်ကို ရသောသူအားသာလျှင် ဖြစ်ပေါ်ပေသည်။ ဤတွင် တရပ်ပြီး၏။
ထိုမှနောက်၌ အမျိုးမျိုး အထွေထွေ ဥပေက္ခာပွါးခြင်းကို၎င်း, အာနိသင်အကျိုးတို့ကို ရခြင်းကို၎င်း မေတ္တာအရာ၌ ဆိုခဲ့သောနည်းဖြင့်ပင်လျှင် သိအပ်ပေသည်။ ဤတွင် တရပ်ပြီး၏။
ဆိုခဲ့သော ဤစကားသည် ဥပေက္ခာဘာဝနာအရာ၌ အကျယ်ပြဆိုသော စကားပေတည်း။
ပြိုးပြွမ်းပြဆိုချက်
၂၆၂။ မြတ်သော ဗြဟ္မာမင်း ဖြစ်တော်မူသော မြတ်စွာဘုရားဟောထားအပ်ကုန်သော ဤဗြဟ္မဝိဟာရတို့ကို ဤဆိုခဲ့ သည့်အတိုင်း သိပြီးလျှင် ယင်း ဗြဟ္မဝိဟာရတို့၌ ယခုဆိုမည့် ပြိုးပြွမ်း ပြဆိုချက်ကိုလည်း နောက်ထပ် သိအပ်သေး၏။ ဝစနတ္ထ သဒ္ဒါအနက်
ဆိုခဲ့ပြီးသော ဤမေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့၌ ရှေးဦးစွာ သဒ္ဒါအနက်အားဖြင့် (ပြအံ့) အစီးအပွါးကို ပြုလို သော အားဖြင့် (ဝါ-ချမ်းသာစေလိုသောအားဖြင့်) ချစ်တတ်သောကြောင့် မေတ္တာမည်၏၁။ တနည်းကား မိတ္တခေါ် မိတ်ဆွေ၌ ဖြစ်သောကြောင့် မေတ္တာမည်၏၂။ တနည်းကား ဤချမ်းသာစေလိုခြင်း သဘောသည် မိတ္တခေါ် မိတ်ဆွေ၏ (သန္တာန်၌) ဖြစ်ခြင်း သဘောပေတည်း၊ ထို့ကြောင့် မေတ္တာ မည်၏၃။ သူတပါး၏ ဆင်းရဲ(ကို မြင်ရ ကြားရ)သည် ရှိလတ်သော် သူတော် ကောင်းတို့၏ နှလုံးတုံခြင်းကို ပြုတတ်သောကြောင့် ကရုဏာ မည်၏၄။ တနည်းကား သူတပါး၏ဆင်းရဲကို ညှဉ်းဆဲတတ် ပယ်ဖျောက်တတ်သောကြောင့် ကရုဏာ မည်၏၅။ တနည်းကား ဆင်းရဲဒုက္ခရောက်နေသော သူတို့၌ ဖြန့်သည်၏ အစွမ်း အားဖြင့် ပြန့်စေအပ်သောကြောင့် ကရုဏာ မည်၏၆။ မုဒိတာနှင့် ပြည့်စုံသောသူတို့သည် ထိုမုဒိတာဖြင့် (ထိုမုဒိတာ၏ အကူအညီဖြင့်) ဝမ်းမြောက်ကုန်၏၊ ဤသို့ ဝမ်းမြောက်ကြောင်း (အကူအညီ)ဖြစ်သောကြောင့် မုဒိတာမည်၏၁။ တနည်းကား ဝမ်းမြောက်တတ်သောကြောင့် မုဒိတာ မည်၏။ တနည်းကား မုဒိတာဟူသည်မှာ ဝမ်းမြောက်ခြင်း သဘောမျှသာ ဖြစ်သည်။ ရန်ကင်းကြပါစေ-ဤသို့အစရှိသော ကြောင့်ကြဗျာပါရကို ပယ်သောအားဖြင့်၎င်း, အလယ် အလတ် သဘောရှိခြင်းသို့ ရောက်သော အားဖြင့်၎င်း ဘက်မလိုက်ပဲ အညီအမျှ အသင့်အားဖြင့် ရှုတတ်၏ (လျစ်လျူရှုတတ်၏)၊ ထို့ကြောင့် ဥပေက္ခာ မည်၏။
လက္ခဏာစသည်
၂၆၃။ လက္ခဏာ စသည်အားဖြင့်မူကား ဤ မေတ္တာ စသည်တို့တွင် မေတ္တာသည် သတ္တဝါတို့၏ အကျိုးစီးပွါးကို ပြုကျင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာရှိ၏၊ သတ္တဝါတို့အား အကျိုးစီးပွါးကို ဆောင်ပေခြင်းကိစ္စ (ရသ) ရှိ၏၊ ရန်ငြိုးအမျက်ဒေါသကို ပယ်ဖျောက်သည့် အနေအားဖြင့် ရှုဆင်ခြင်သူ၏ ဉာဏ်အား ရှေးရှုထင် (သော ပစ္စုပဋ္ဌာန်ရှိ)၏၊ သတ္တဝါ တို့၏ နှစ်သက်မြတ်နိုးဖွယ်အဖြစ်ကို ရှုခြင်း (ဟူသော ယောနိသောမနသိကာရ)လျှင် နီးသောအကြောင်း (ပဒဋ္ဌာန်) ရှိ၏။ ဗျာပါဒ ဒေါသ၏ ဝေးကွာသောအားဖြင့် ငြိမ်းခြင်းသည် ဤမေတ္တာ၏ ပြည့်စုံပြီးစီးခြင်းပေတည်း၊ ခင်မင်တွယ်တာ လျက် ချစ်ခြင်းသည် ပျက်စီးခြင်းပေတည်း။
ကရုဏာသည် သူတပါးတို့၏ ဆင်းရဲကို ပယ်လိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာရှိ၏၊ သူတပါးတို့၏ ဆင်းရဲကို (ပယ်လိုသဖြင့်) သည်းမခံနိုင်ခြင်း ကိစ္စ(ရသ)ရှိ၏၊ သတ္တဝါတို့ကို မညှဉ်းဆဲလိုသောအားဖြင့် (ဝါ-ညှဉ်းဆဲခြင်း၏ ဆန့်ကျင်ဘက်အားဖြင့်) ဉာဏ်အား ရှေးရှုထင်(သော ပစ္စုပဋ္ဌာန် ရှိ)၏၊ ဆင်းရဲ၏ အနှိပ်စက်ခံရသော သူတို့၏ အားကိုးရာ မရှိခြင်းကို ရှုမြင်ခြင်း (ဟူသော ယောနိသောမနသိကာရ)လျှင် နီးသော အကြောင်း (ပဒဋ္ဌာန်) ရှိ၏။ ညှဉ်းဆဲလိုသော ဒေါသ ၏ ငြိမ်းခြင်းသည် ထိုကရုဏာ၏ ပြည့်စုံပြီးစီးခြင်းပေတည်း၊ စိုးရိမ် ပူဆွေးမှု သောကဖြစ်ခြင်းသည် ပျက်စီးခြင်းပေတည်း။ မုဒိတာသည် သူတပါးမှာ စည်းစိမ်ပြည့်စုံ ကုံလုံသည်ကို ဝမ်းမြောက်ခြင်း လက္ခဏာရှိ၏၊ ငြူစူမှု မနာလိုမှုကင်းခြင်း ကိစ္စ(ရသ)ရှိ၏၊ သူတပါး စည်းစိမ်၌ မမွေ့လျော်ခြင်းကို ပယ်ဖျောက်သောအားဖြင့် ဉာဏ်အား ရှေးရှုထင်(သော ပစ္စုပဋ္ဌာန်ရှိ) ၏၊ သတ္တဝါတို့၏ စည်းစိမ်ကို ရှုမြင်လိုခြင်း (ဟူသော ယောနိသောမနသိကာရ)လျှင် နီးသောအကြောင်း (ပဒဋ္ဌာန်) ရှိ၏။ သူတပါး စည်းစိမ်၌ မပျော်မွေ့မှု၏ ငြိမ်းခြင်းသည် ထိုမုဒိတာ၏ ပြည့်စုံ ပြီးစီးခြင်းပေတည်း၊ ခင်မင်ရင်းနှီးသည့် အနေအား ဖြင့် ဝမ်းသာရွှင်ပျမှု၏ ဖြစ်ခြင်းသည် ပျက်စီးခြင်းပေတည်း။
ဥပေက္ခာ သည် ဘကမ် လကို ပ်ဲ အလယ်၌ တည်သော အခြင်း အရာအားဖြင့်၁ ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ သတ္တဝါတို့၌ ညီမျှသည်၏ အဖြစ်ကို ရှုခြင်း ကိစ္စ (ရသ)ရှိ၏၊ သတ္တဝါတို့၌ မုန်းခြင်း ချစ်ခြင်းတို့၏ ငြိမ်းခြင်းအနေအားဖြင့် ဉာဏ်အား ရှေးရှုထင်(သော ပစ္စုပဋ္ဌာန် ရှိ)၏၊ ”သတ္တဝါတို့သည် ကံသာလျှင် ဥစ္စာရှိကုန်၏၊ ထိုသတ္တဝါတို့သည် [၃၁၂] အဘယ်သူ၏ အလိုအားဖြင့် ချမ်းသာကုန်သည်မူလည်း ဖြစ်ကုန်အံ့နည်း၊ ဆင်းရဲမှမူလည်း လွတ်ကုန်အံ့နည်း၁၊ ရောက်အပ် ရပြီးသော စည်းစိမ်မှမူလည်း မဆုတ်ယုတ်မဆုံးရှုံးပဲ ရှိကုန်အံ့နည်း၂”ဟု ဤသို့ ဆင်ခြင်လျက်ဖြစ်သော၃ ကံသာလျှင် ဥစ္စာရှိခြင်းကို ရှုမြင်ခြင်း (ဟူသော ယောနိသောမနသိကာရ)လျှင် နီးသောအကြောင်း (ပဒဋ္ဌာန်) ရှိ၏။ သတ္တဝါတို့၌ မုန်းခြင်း ချစ်ခြင်းတို့၏ ငြိမ်းခြင်းသည် ထိုဥပေက္ခာ၏ ပြည့်စုံ ပြီးစီးခြင်းပေတည်း၊ ဂေဟသိတခေါ် ကာမဂုဏ်ကို မှီသော အညာဏု ပေက္ခာ (ဉာဏ် ကင်းသော ဝါ-မောဟနှင့် ယှဉ်သော ဥပေက္ခာ)၏ ဖြစ်ခြင်းသည် ပျက်စီးခြင်းပေတည်း။
ပယောဇဉ် အကျိုး
၂၆၄။ ထိုမှတပါး ဝိပဿနာချမ်းသာသည်၎င်း၊ ပြည့်စုံ ကောင်းမြတ်သော သုဂတိဘဝ(ကို ရခြင်း)သည်၎င်း လေးပါး လုံးသော ဤ ဗြဟ္မဝိဟာရတို့၏ ဆက်ဆံသော (ပယောဇဉ်) အကျိုးပေတည်း။ ဗျာပါဒ စသည်တို့ကို ပယ်ခြင်း ဗျာပါဒ စသည်တို့၏ ကင်းကွာခြင်းသည် (၎င်းတို့၏) မဆက်ဆံသော သီးသန့် အကျိုးပေတည်း။ ချဲ့၍ပြအံ့-ဤ လေးပါးတို့တွင် မေတ္တာသည် ဗျာပါဒ ဒေါသကင်းကွာခြင်းအကျိုး ရှိပေ၏၊ ကျန်သုံးပါးတို့သည် အစဉ်အတိုင်း ညှဉ်းဆဲလိုခြင်း, သူ့ချမ်းသာ၌ မမွေ့လျော်ခြင်း, တပ်မက်ခြင်းတို့၏ ကင်းကွာခြင်းအကျိုး ရှိကုန်၏။ မှန်ပေ၏-ဟောထားသော အောက်ပါ သာဓက စကားလည်း ရှိပေ၏။
”ငါ့ရှင် အကြင် မေတ္တာစေတောဝိမုတ္တိသည် ရှိ၏၊ ဤမေတ္တာစေတောဝိမုတ္တိသည် ဗျာပါဒ၏ ထွက်သွားကြောင်း ကင်းကြောင်း (နိဿရဏ) ပေတည်း။ ငါ့ရှင် အကြင်ကရုဏာစေတောဝိမုတ္တိသည် ရှိ၏၊ ဤကရုဏာစေတောဝိမုတ္တိသည် ညှဉ်းဆဲလိုခြင်း(ဝိဟိံသာ၏)၏ ထွက်သွားကြောင်း ကင်း ကြောင်းပေတည်း။ ငါ့ရှင် အကြင် မုဒိတာစေတော ဝိမုတ္တိသည် ရှိ၏၊ ဤမုဒိတာ စေတောဝိမုတ္တိသည် သူ့စည်းစိမ် ချမ်းသာ၌ မမွေ့လျော်ခြင်း (အရတိ)၏ ထွက်သွားကြောင်း ကင်းကြောင်းပေတည်း။ ငါ့ ရှင် အကြင်ဥပေက္ခာစေတောဝိမုတ္တိသည် ရှိ၏၊ ဤဥပေက္ခာစေတော ဝိမုတ္တိသည် တပ်မက်ခြင်း (ရာဂ) ၏ ထွက်သွားကြောင်း ကင်းကြောင်းပေတည်း” ဟူ၍ပင်တည်း။
ရန်သူများ
၂၆၅။ ဤဗြဟ္မဝိဟာရ လေးပါးတို့တွင် တပါးပါးမှာ အနီးရန်သူ အဝေးရန်သူတို့၏ အလိုအားဖြင့် ၂-ပါး ၂-ပါးစီ သော ရန်သူတို့ရှိကုန်၏။ ချဲ့၍ပြအံ့-လူတယောက်၏ အနီး၌ ကျက်စားသော ရန်သူကဲ့သို့ ရာဂသည် ဂုဏ်ကိုရှုခြင်းအားဖြင့် ဟူသောအဖို့ရှိခြင်း (သဘောတူခြင်း)ကြောင့် မေတ္တာဗြဟ္မဝိဟာရ၏ အနီးကပ် ရန်သူပေတည်း၊ ထိုရာဂသည် လျင်စွာ ဝင်ရောက်ခွင့်ကို ရတတ်၏၊ ထို့ကြောင့် ထိုအနီးကပ်ရန်သူဖြစ်သော ရာဂမှ မေတ္တာကို ကောင်းစွာ စောင့်ရှောက်အပ်၏။ လူတယောက်၏တောင် အစရှိသော ရှုပ်ရာ အရပ်ကို မှီသောရန်သူကဲ့သို့ ဗျာပါဒ ဒေါသသည် တူသော အဖို့ရှိသော ရာဂနှင့် တူသောအဖို့ မရှိခြင်းကြောင့် (ဝါ-သဘောတူသော ရာဂနှင့် သဘောမတူခြင်းကြောင့်၁) (ဝါ-မေတ္တာ၏ သဘောနှင့်မတူသော အဖို့ရှိခြင်း သဘောမတူခြင်းကြောင့်၁) ပေးသော ရန်သူပေတည်း။ ထို့ကြောင့် ထိုဝေးသော ရန်သူဖြစ်သော ဗျာပါဒမှ စိုးရိမ် ကြောက်ရွံ့ခြင်းကင်းလျက်၂ မေတ္တာကို ပွါးစေအပ်၏။ (မစိုးရိမ်ရခြင်း၏ အကြောင်းမှာ) မေတ္တာကိုလည်း ပွါးစေလတံ့, အမျက်ထွက်ခြင်းကိုလည်း ပြုလတံ့-ဟူသော ဤသို့ဖြစ်ရန် အကြောင်းမရှိသည်သာတည်း။
”အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်သော နှလုံးမွေ့လျော်ဖွယ် ဖြစ်ကုန်သော လောကာမိသခေါ် လူတို့၏ ကာမဂုဏ်အစာနှင့်စပ်ဆိုင်ကုန်သော မျက်စိဖြင့် မြင်အပ်ကုန်-မြင်နိုင်ကုန်သော အဆင်းရူပါရုံတို့ကို မရခြင်းကို (အစွဲပြု၍) မရသောအားဖြင့် (ဝါ-မရလေခြင်းဟု) အဖန်ဖန် ရှုဆင်ခြင်သော သူအား၎င်း၊ ရှေးအခါက ရခဲ့ဘူး၍ ယခုအခါ လွန်လေပြီး ချုပ်လေပြီး ပျက်စီးဆုံးရှုံးလေပြီးသော အဆင်းရူပါရုံကို အဖန်ဖန်ရှုဆင်ခြင်မိသော သူအား၎င်း နှလုံးမသာခြင်း ဝမ်းနည်းခြင်း သည် ဖြစ်ပေါ်လာ၏၊ ဤသို့ သဘောရှိသော နှလုံးမသာခြင်း ဝမ်းနည်းခြင်းကို (ဂေဟသိတ ဒေါမနဿ) ကာမဂုဏ်ကို မှီသော နှလုံးမသာခြင်းဟူ၍ ဆိုအပ်၏”၊ ဤသို့ အစရှိသော နည်းဖြင့်လာသော ကာမဂုဏ်ကိုမှီသော နှလုံးမသာခြင်း (ဒေါမနဿ)သည် ပျက်စီးခြင်းကို ရှုခြင်းအားဖြင့် တူသောအဖို့ရှိခြင်း (သဘောတူခြင်း)ကြောင့် ကရုဏာ ဗြဟ္မဝိဟာရ၏ နီးသော ရန်သူပေတည်း။ ကရုဏာ၏ သဘာဂဖြစ်သော ဒေါမနဿနှင့် တူသော အဖို့မရှိခြင်း-သဘောမတူခြင်းကြောင့် (ဝါက ရုဏာ၏ သဘောနှင့် မတူသော အဖို့ရှိခြင်း-သဘောမတူခြင်းကြောင့်) ညှဉ်းဆဲလိုခြင်း (ဝိဟိံသာ)သည် [၃၁၃] ဝေးသော ရန်သူပေတည်း။ ထို့ကြောင့် ထိုဝေးသော ရန်သူဖြစ်သော ဝိဟိံသာမှ စိုးရိမ်ကြောက်ရွံ့ခြင်း ကင်းလျက် ကရုဏာကို ပွါးစေ အပ်၏။ (မစိုးရိမ်ရခြင်း၏ အကြောင်းမှာ) သနားခြင်း ကရုဏာကိုလည်း ပြုလတံ့-ဖြစ်စေလတံ့, လက် စသည်တို့ဖြင့်လည်း ညှဉ်းဆဲ လတံ့-ဟူသော ဤသို့ဖြစ်ရန် အကြောင်းမရှိသည်သာတည်း။
”အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်သော နှလုံးမွေ့လျော်ဖွယ်ဖြစ်ကုန်သော လောကာမိသခေါ် လူတို့၏ ကာမဂုဏ်အစာနှင့် စပ်ဆိုင်ကုန်သော မျက်စိဖြင့် မြင်အပ်ကုန်-မြင်နိုင်ကုန်သော အဆင်းရူပါရုံတို့ကို (အကြောင်းပြု၍) ရသောအားဖြင့် (ဝါ-ရပေစွဟု) အဖန်ဖန် ရှုဆင်ခြင်သော သူအား၎င်း၊ ရှေးအခါက ရခဲ့ဘူး၍ ယခု ဤအခါလွန်လေပြီး ချုပ်လေပြီး ပျက်စီးလေပြီးသော အဆင်းရူပါရုံကို (ခံစားခဲ့ရသည့် အနေအားဖြင့်) ပြန်လည်၍ အဖန်ဖန် ရှုဆင်ခြင်မိသော သူအား၎င်း စိတ်ရွှင်လန်း ဝမ်းသာခြင်းသည် ဖြစ်ပေါ်လာ၏၊ ဤသို့သဘောရှိသော စိတ်ရွှင်လန်းဝမ်းသာခြင်းကို (ဂေဟသိ တသောမနဿ) ကာမဂုဏ်ကို မှီသော ဝမ်းသာခြင်းဟူ၍ ဆိုအပ်၏”၊ ဤသို့အစရှိသော နည်းဖြင့်လာသော ကာမဂုဏ်ကို မှီသော ဝမ်းသာခြင်း (သောမနဿ)သည် ပြည့်စုံခြင်းကို ရှုခြင်းအားဖြင့် တူသောအဖို့ရှိခြင်း (သဘောတူခြင်း)ကြောင့် မုဒိတာ ဗြဟ္မဝိဟာရ၏ နီးသောရန်သူ ပေတည်း။ မုဒိတာ၏ သဘာဂဖြစ်သော သောမနဿနှင့် တူသော အဖို့မရှိခြင်း-သဘောမတူ ခြင်းကြောင့် (ဝါ-မုဒိတာ၏ သဘောနှင့်မတူသောအဖို့ရှိခြင်း-သဘောမတူခြင်းကြောင့်) သူ့စည်းစိမ်၌ မမွေ့လျော်ခြင်း- မနာလိုခြင်း (အရတိ)သည် ဝေးသော ရန်သူပေတည်း။ ထို့ကြောင့် ထိုဝေးသောရန်သူ ဖြစ်သော အရတိမှ စိုးရိမ်ကြောက် ရွံ့ခြင်း ကင်းလျက် မုဒိတာကို ပွါးစေအပ်၏။ (မစိုးရိမ်ရခြင်း၏ အကြောင်းမှာ) သူ့စည်းစိမ်၌ ဝမ်းမြောက်သည်လည်း ဖြစ်လတံ့, တောကျောင်းတို့၌၎င်း သမထ ဝိပဿနာဟူသော အလွန်အမြတ်ကုသိုလ်တရားတို့၌၎င်း, မပျော်မမွေ့ ငြီးငွေ့သည် လည်း ဖြစ်လတံ့-ဟူသော ဤသို့ဖြစ်ရန် အကြောင်းမရှိသည်သာတည်း၁။
”ကိလေသာတို့ကို တစိတ်တပိုင်းမျှ မအောင်နိုင်သေးသောသူ၁ နောင်ဖြစ်မည့် ပဋိသန္ဓေဝိပါက်ကို မအောင်နိုင်သေး သောသူ၂ တွေဝေမှု မောဟ၌ အပြစ်တို့ကို မမြင်သေးသောသူ၃ (ဟု ဆိုအပ်သော) မိုက်မဲ တွေဝေသော ပုထုဇဉ်ပုဂ္ဂိုလ်အား အကြားအမြင်မရှိသော၎ ပုထုဇဉ်ပုဂ္ဂိုလ်အား မျက်စိဖြင့် အဆင်းကိုမြင်ပြီးလျှင် (ထိုအဆင်း၌) လျစ်လျူရှုခြင်း (ဥပေက္ခာ)သည် ဖြစ်ပေါ်လာ၏၊ ဤသို့သော လျစ်လျူရှုမှု-ဥပေက္ခာသည် မြင်ရသော အဆင်းရူပါရုံကို မလွန်မြောက်နိုင်၊ ထို့ကြောင့် ထို ဥပေက္ခာကို (ဂေဟသိတ) ကာမဂုဏ်ကို မှီသော ဥပေက္ခာဟု ဆိုအပ်၏” ဤသို့ အစရှိသောနည်းဖြင့်လာသော ဂေဟသိတ အညာဏုပေက္ခာ (ကာမဂုဏ်ကိုမှီသော မောဟနှင့် ယှဉ်သော ဥပေက္ခာ)သည် အပြစ်နှင့် ဂုဏ်ကို မဆင်ခြင် မစဉ်းစားသည့် အလိုအားဖြင့် တူသောအဖို့ရှိခြင်း (သဘောတူခြင်း)ကြောင့် ဥပေက္ခာဗြဟ္မဝိဟာရ၏ နီးသောရန်သူပေတည်း။ ၎င်း၏ သဘာဂ ဖြစ်သော အညာဏုပေက္ခာနှင့်တူသော အဖို့မရှိခြင်း-သဘောမတူခြင်းကြောင့် (ဝါ-ဗြဟ္မဝိဟာရ ဥပေက္ခာ၏ သဘောနှင့် မတူသော အဖို့ရှိခြင်း-သဘောမတူခြင်းကြောင့်) ရာဂနှင့် ဒေါသတို့သည် ဝေးသော ရန်သူတို့ပေတည်း။ ထို့ကြောင့် ထိုဝေး သော ရန်သူများဖြစ်ကြသော ရာဂနှင့် ဒေါသတို့မှ စိုးရိမ် ကြောက်ရွံ့ခြင်းကင်းလျက် လျစ်လျူရှုကာ ဥပေက္ခာကို ပွါးစေအပ် ၏။ (မစိုးရိမ်ရခြင်း၏ အကြောင်းမှာ) လျစ်လျူရှုသည်လည်း ဖြစ်လတံ့, တပ်မက်မှုရာဂကို သို့မဟုတ် ထိပါး တိုက်ခိုက်မှုပဋိဃ ဒေါသကိုလည်း ဖြစ်စေလတံ့-ဟူသော ဤသို့ ဖြစ်ရန်အကြောင်း မရှိသည်သာတည်း။
စ-လယ်-ဆုံးနှင့် အာရုံကို ပွါးစေခြင်း
၂၆၆။ ဤအလုံးစုံသော ဗြဟ္မဝိဟာရတို့၏ အစ-အရင်းခံကား (ယင်းတို့ကို) ဖြစ်ပွါးစေရန် အလိုရှိခြင်းဟူသော ကုသိုလ်ဆန္ဒပေတည်း၊ အလယ်ကား နီဝရဏ စသည်တို့ကို ခွါခြင်းပေတည်း၊ အဆုံးအပြီးကား အပ္ပနာဈာန်ပေတည်း၊ ပညတ် တရားအလိုအားဖြင့် တဦးသော သတ္တဝါသည်သော်၎င်း၊ များစွာကုန်သော သတ္တဝါတို့သည်သော်၎င်း၊ (ယင်းတို့၏) အာရုံပေ တည်း။ ဥပစာရသို့ ရောက်သောအခါ၌သော်၎င်း၊ အပ္ပနာသို့ ရောက်သောအခါ၌သော်၎င်း အာရုံကို ပွါးစေခြင်းသည် (ဖြစ်နိုင် ၏)။
ထိုသို့ ပွါးစေရာ၌ ဤသည်ကား ပွါးစေပုံအစဉ်ပေတည်း။ ကျွမ်းကျင်သော လယ်သ္မားသည် ထွန်သင့်သော အရပ်ကို ပိုင်းခြားပြီး ထွန်သကဲ့သို့ ထို့အတူ လက်ဦးအစ၌ပင်လျှင် တခုသောကျောင်း-အိမ် အဆောက်အဦးကို ပိုင်းခြား၍ ”ဤ ကျောင်း-ဤအိမ်၌ သတ္တဝါတို့သည် ရန်ကင်းကြပါစေ” ဤသို့ အစရှိသောနည်းဖြင့် ထိုကျောင်း-ထိုအိမ်ရှိသတ္တဝါတို့၌ မေတ္တာကို ပွါးစေအပ်၏။ ထိုကျောင်း-ထိုအိမ်ရှိ သတ္တဝါတို့၌ စိတ်ကို နူးညံ့အောင် ခန့်ကျန်းသန်စွမ်းအောင် ပြုပြီးလျှင် ၂-ခု သော ကျောင်း-အိမ်တို့ကို ပိုင်းခြားအပ်ကုန်၏။ ထို့နောင် အစဉ်အတိုင်း သုံးခုကုန်သော ကျောင်းအိမ်တို့ကို၊ ၄-ခု၊ ၅-ခု၊ ၆- ခု၊ ၇-ခု၊ ၈-ခု၊ ၉-ခု၊ ဆယ်ခုကုန်သော ကျောင်း-အိမ်တို့ကို၊ တခုသောလမ်းကို၊ ရွာထက်ဝက်ကို၊ တရွာလုံးကို၊ ဇနပုဒ်တိုင်း- နယ်ကို၊ တပြည်လုံးကို၊ တခုသော အရပ်မျက်နှာကို ပိုင်းခြားအပ်၏။ ဤပုံ ဤနည်းဖြင့် စကြဝဠာ တခုလုံး တိုင်အောင်သော်၎င်း၊ ထို့ထက် အလွန်သော်၎င်း (ပိုင်းခြား၍) ထိုထိုအရပ်တို့၌ ရှိကြသော သတ္တဝါတို့၌ [၃၁၄] မေတ္တာကို ပွါးစေအပ်၏။ ကရုဏာ စသည်တို့ကိုလည်း ထို့အတူပင်။ ဤသည်ကား ဤဗြဟ္မဝိဟာရတို့၌ အာရုံကို ပွါးစေပုံ အစဉ်ပေ တည်း။
နိဿန္ဒအကျိုး
၂၆၇။ ထိုမှတပါး အရူပဈာန်တို့သည် ကသိုဏ်းဈာန်တို့၏ (ဝါ-ကသိုဏ်းဈာန်တို့မှ) ထွက်ပေါ်လာသောအကျိုး (သဖွယ်) ဖြစ်သကဲ့သို့၎င်း၊ နေဝသညာန သညာယတနဈာန်သည် ရူပဈာန်သမာဓိ, အောက်အရူပဈာန် သမာဓိတို့၏ (သမာဓိတို့မှ) ထွက်ပေါ်လာသော အကျိုး (သဖွယ်) ဖြစ်သကဲ့သို့၎င်း၊ ဖလသမာပတ်သည် ဝိပဿနာ၏ (ဝိပဿနာမှ) ထွက် ပေါ်လာသော အကျိုး (သဖွယ်) ဖြစ်သကဲ့သို့၎င်း၊ နိရောဓသမာပတ်သည် သမထ ဝိပဿနာတို့၏ (ဝါ-သမထ ဝိပဿနာတို့ မှ) ထွက်ပေါ်လာသော အကျိုး (သဖွယ်) ဖြစ်သကဲ့သို့၎င်း ထို့အတူ ဤလေးပါးသော ဗြဟ္မဝိဟာရတို့တွင် ဥပေက္ခာဗြဟ္မ ဝိဟာရသည် ရှေးဗြဟ္မဝိဟာရ သုံးပါးအပေါင်း၏ (အပေါင်းမှ) ထွက်ပေါ်လာသော အကျိုး (သဖွယ်) ဖြစ်ပေ၏။ ဥပမာဖြင့် ပြရလျှင် တိုင်တို့ကို မစိုက်မထူပဲ ထုပ်လျောက်ကိုလည်း မတင်ပဲ ကောင်းကင်၌ အထွတ်အခြင်တို့ကို တင်ထားရန် မဖြစ်နိုင် သကဲ့သို့ ထို့အတူပင် ရှေးသုံးပါးသော ဗြဟ္မဝိဟာရတို့၌ရသော တတိယဈာန်နှင့် ကင်း၍ စတုတ္ထ ဗြဟ္မဝိဟာရကို ပွါးစေရန် မဖြစ်နိုင်ပေ။ ဤတွင် တရပ်ပြီး၏။
ဗြဟ္မဝိဟာရ မည်ကြောင်း စသည်
၂၆၈။ ဤအရာ၌ ဆိုလတံ့သော မေးခွန်း ဖြစ်နိုင်ပေ၏-ဤမေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့ကို အဘယ့်ကြောင့် ဗြဟ္မဝိဟာရဟု ခေါ်ဆိုအပ်ပါကုန်သနည်း၊ အဘယ့်ကြောင့် ၄-ပါးတို့သာလျှင် ဖြစ်ပါကုန်သနည်း၊ ဤမေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့၏ အစဉ်ကား အဘယ်ပါနည်း၊ အဘိဓမ္မာ၌ အဘယ့်ကြောင့် အပ္ပမညာဟု ဟောထားပါ သနည်း-ဟူ၍ မေးခွန်း ဖြစ်နိုင်ပေ၏။ အဖြေကား-မြတ်သော အနက်သဘောကြောင့်၎င်း၊ အပြစ်ကင်းသည်၏အဖြစ် (အပြစ်ကင်းခြင်း) ကြောင့်၎င်း ဤမေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့၌ ဗြဟ္မဝိဟာရမည်သည်၏ အဖြစ်ကို ရှေးဦးစွာသိအပ်၏။ ချဲ့၍ပြရလျှင် ဤမေတ္တာစသည်ဖြင့် နေခြင်း (ဝိဟာရ)တို့သည် သတ္တဝါတို့၌ မှန်ကန်ကောင်းမွန်သော အကျင့်ဖြစ်သောကြောင့် အထူးသဖြင့် ချီးမွမ်းအပ်-မြင့်မြတ် ကြပေကုန်၏။ ထို့ပြင် ဗြဟ္မာတို့သည် (နီဝရဏ စသော) အပြစ်ကင်းသည့်စိတ် ရှိကုန်လျက် နေကုန် သကဲ့သို့ ထို့အတူ ဤမေတ္တာ စသည်တို့နှင့် ယှဉ်ကုန်သော ယောဂီတို့သည် ဗြဟ္မာတို့နှင့် တူကုန်လျက် နေကုန်၏။ ဤသို့ မြတ်သော အနက်သဘောကြောင့်၎င်း၊ အပြစ်ကင်းသည်၏ အဖြစ်ကြောင့်၎င်း ဗြဟ္မဝိဟာရဟူ၍ ဆိုအပ်ကုန်၏။ ၂၆၉။ အဘယ့်ကြောင့် ၄-ပါးတို့သာလျှင် ဖြစ်ပါကုန်သနည်း-ဤသို့ အစရှိသော မေးခွန်း၏ အဖြေကား ဤဆို လတံ့ စကားပေတည်း-
စင်ကြယ်ကြောင်း စသည်တို့၏အစွမ်းအားဖြင့် ၄-ပါးတို့သာ ဖြစ်ကုန်၏၊ ထိုမေတ္တာ စသည် တို့၏ အစဉ်သည် အစီးအပွါးကို ပြုကျင့်ခြင်း စသော အခြင်းအရာတို့၏ အစွမ်းအားဖြင့် ဖြစ်၏၊ ထို မေတ္တာ စသည်တို့သည် အတိုင်းအရှည် ပမာဏ ကင်းသောအာရုံ၌ ဖြစ်ကြသောကြောင့် အပ္ပမညာ မည်ကုန်၏။
ချဲ့၍ပြအံ့-ဤမေတ္တာစသည်တို့တွင် မေတ္တာသည် ဗျာပါဒ-ဒေါသအဖြစ် များသောသူ၏ စင်ကြယ်ကြောင်းပေတည်း၊ ကရုဏာသည် ညှဉ်းဆဲလိုမှု (ဝိဟေသာ) အဖြစ်များသောသူ၏ စင်ကြယ်ကြောင်းပေတည်း၊ မုဒိတာသည် သူ့စည်းစိမ်၌ မမွေ့လျော်မှု-မနာလိုမှု အဖြစ်များသောသူ၏ စင်ကြယ်ကြောင်းပေတည်း၊ ဥပေက္ခာသည် တပ်မက်မှု-ရာဂ အဖြစ်များသော သူ၏ စင်ကြယ်ကြောင်းပေတည်း၊ (ဤသို့ လေးဦးသောသူတို့၏ စင်ကြယ်ကြောင်း လေးပါးဖြစ်သောကြောင့်လည်း ၄-ပါး တို့သာ ဖြစ်ကြသည်)။ ထို့ပြင် အစီးအပွါးကို ဆောင်ပေးခြင်း, အစီးအပွါးမဲ့ အကျိုးမဲ့ကို ပယ်ခြင်း, ပြည့်စုံသော သူ့စည်းစိမ် ကို ဝမ်းမြောက်ခြင်း, တဖက်သတ်ကျစေရန် နှလုံးမသွင်းခြင်းတို့၏ အစွမ်းအားဖြင့် သတ္တဝါတို့၌ နှလုံးသွင်းခြင်းသည် လေးပါးသာလျှင်ရှိ၏။ (ထို့ကြောင့်လည်း ၄-ပါးတို့သာ ဖြစ်ကြသည်)။
ထို့ပြင် မိခင်သည် သူငယ်, သူနာ, အရွယ်ရောက်သူ, သူ့ကိစ္စသူ ဆောင်နေသူဟူသော သားလေးယောက်တို့တွင် သူငယ်သား၏ ကြီးထွားခြင်းကို အလိုရှိ၏၊ သူနာသား၏ အနာရောဂါကို ပယ်ဖျောက်ခြင်းငှါ အလိုရှိ၏၊ အရွယ်ရောက်သော သား၏ အရွယ်ကောင်းခြင်း ပြည့်စုံခြင်း၌ ရှည်မြင့်စွာ တည်ခြင်းကို အလိုရှိ၏၊ သူ့ကိစ္စသူ ဆောင်နေသောသား၏ တစုံတခုသောကိစ္စ အလှည့်၌မျှ ကြောင့်ကြမစိုက်တော့သကဲ့သို့ ထို့အတူ အပ္ပမညာခေါ် ဗြဟ္မစိုရ်တရားဖြင့် နေလေ့ရှိသော ရဟန်းသည်လည်း အလုံးစုံသော သတ္တဝါတို့၌ မေတ္တာပွါးခြင်း စသည်တို့၏ အစွမ်းအားဖြင့် အပ္ပမညာခေါ် ဗြဟ္မဝိဟာရတို့သည် ၄-ပါးတို့သာ ဖြစ်ကြပေသည်။
[၃၁၅] (ယင်း ၄-ပါးတို့၏ အစဉ်ကား) လေးပါးသော ဤအပ္ပမညာတို့ကို ပွါးစေခြင်းငှါ အလိုရှိသော ပုဂ္ဂိုလ်သည် သတ္တဝါတို့၌ ရှေးဦးစွာ အစီးအပွါးကို ပြုကျင့်သော အခြင်းအရာဖြင့် ဖြစ်ခြင်းအလိုအားဖြင့် ကျင့်အပ်၏၊ မေတ္တာသည်လည်း အစီးအပွါးကို ပြုကျင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာ ရှိပေ၏။ ထို့နောင် ဤသို့ တောင့်တအပ်သော အစီး အပွါးနှင့် ပြည့်စုံသော သတ္တဝါတို့အား ဆင်းရဲဒုက္ခနှိပ်စက်ခြင်းကို တွေ့မြင်ရ၍သော်၎င်း၊ ကြားရ၍သော်၎င်း၊ (ငရဲစသည်၌) ဖြစ်နိုင်သည်ကို မြော်တွေး ကြံဆ၍သော်၎င်း ဆင်းရဲကို ပယ်ဖျောက်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း အလိုအားဖြင့် (ကျင့်အပ်၏)၊ ကရုဏာသည်လည်း ဆင်းရဲကို ပယ်ဖျောက်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာ ရှိပေ၏။ ထိုမှ နောက်၌ ဤသို့ တောင့်တသည့်အတိုင်း အစီးအပွါးနှင့် ပြည့်စုံကြသည့်ပြင် တောင့်တသည့်အတိုင်း ဆင်းရဲလည်း ကင်းကုန် သော ထိုသတ္တဝါတို့၏ ပြည့်စုံသော စည်းစိမ်ကို တွေ့မြင်၍ ပြည့်စုံသော စည်းစိမ်ကို ဝမ်းမြောက်သည့် အလိုအားဖြင့် (ကျင့်အပ်၏)၊ မုဒိတာသည်လည်း ဝမ်းမြောက်ခြင်းလက္ခာဏာ ရှိပေ၏။ ထိုမှ နောက်၌မူ ပြုဖွယ်ကိစ္စမရှိသောကြောင့် လျစ်လျူရှုခြင်းဟု ဆိုအပ်သော အလယ်အလတ် သဘောအခြင်းအရာအားဖြင့် (ဝါ-ဘက်မလိုက်ပဲ အလယ်၌ တည်သော အခြင်းအရာအားဖြင့်၁) ကျင့်အပ်၏၊ ဥပေက္ခာသည်လည်း အလယ်အလတ်သဘော (အလယ်၌တည်သော) အခြင်းအရာ အားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိပေ၏။ ထို့ကြောင့် အစီးအပွါးကို ပြုကျင့်ခြင်းအစရှိသော ဤအခြင်းအရာတို့၏ အစွမ်းအားဖြင့် ထိုမေတ္တာ စသည်တို့တွင် မေတ္တာကို ရှေးဦးစွာ ဟောတော်မူပေသည်၊ ထို့နောင် ကရုဏာကို၊ ထို့နောင် မုဒိတာကို၊ ထို့နောင် ဥပေက္ခာကို ဟောတော်မူပေ သည်-ဟူ၍ ဤအစဉ်ကို သိအပ်ပေ၏။
အပ္ပမညာ ခေါ်ခြင်း၏ အကြောင်းကား အလုံးစုံသော ဤမေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့သည် အတိုင်းအရှည် ပမာဏကင်းသော အာရုံ၌ ဖြစ်ကုန်၏။ မှန်ပေ၏-အတိုင်းအရှည် ပမာဏကင်းကုန်သော သတ္တဝါတို့သည် ဤမေတ္တာ စသည် တို့၏ အာရုံဖြစ်ကြပေသည်၊ သတ္တဝါတယောက်တည်း၏သော်လည်း ဤမျှသော အစိတ်အပိုင်း၌သာလျှင် မေတ္တာစသည် တို့ကို ပွါးစေအပ်သည်ဟု ဤသို့ အတိုင်းအရှည်ပမာဏကို မယူမူ၍ တယောက်လုံးကို ဖြန့်သည်၏ အစွမ်းအားဖြင့် သာလျှင် ဖြစ်ကုန်၏။ (ထို့ကြောင့် အပ္ပမညာ မည်ကြပေသည်)။ ထို့ကြောင့်-
”စင်ကြယ်ကြောင်း စသည်တို့၏ အစွမ်းအားဖြင့် ၄-ပါးတို့သာ ဖြစ်ကုန်၏၊ ထိုမေတ္တာ စသည်တို့၏ အစဉ်သည် အစီးအပွါးကို ပြုကျင့်ခြင်း စသော အခြင်းအရာတို့၏ အစွမ်းအားဖြင့်ဖြစ်၏၊ ထိုမေတ္တာ စသည်တို့သည် အတိုင်းအရှည် ပမာဏ ကင်းသော အာရုံ၌ ဖြစ်ကြသောကြာင့် အပ္ပမညာ မည်ကုန်၏”ဟု ဆိုခဲ့ပေသည်။
ရနိုင်သော ဈာန်များ
၂၇ဝ။ ဤဆိုခဲ့သည့်အတိုင်း အတိုင်းအရှည် ပမာဏကင်းသော အာရုံရှိခြင်းဖြင့် တူသောလက္ခဏာ ရှိကုန်သော် လည်း ဤ အပ္ပမညာ ၄-ပါးတို့တွင် ရှေးသုံးပါးတို့သည် ဈာန်သုံးပါး လေးပါးအပေါင်းကိုသာ ရစေနိုင်ကုန်၏၊ အဘယ့် ကြောင့်နည်း?-သောမနဿနှင့် အမြဲယှဉ်ခြင်းကြောင့်ပေတည်း။ ထိုသုံးပါးတို့၏ သောမနဿနှင့်ယှဉ်ခြင်းသည် အဘယ့် ကြောင့်ပါနည်း?-ဟူမူ-ဒေါမနဿကြောင့် ဖြစ်ကုန်သော ဗျာပါဒ ဝိဟိံသာ အရတိတို့၏ ထွက်သွားကြောင်း ကင်းကြောင်း ဖြစ်သောကြောင့်ပေတည်း။ နောက်ဆုံးဖြစ်သော ဥပေက္ခာသည်ကား ကြွင်းကျန်သော ဈာန်တပါးကိုသာ ဖြစ်စေနိုင်၏၊ အဘယ့်ကြောင့်နည်း?-ဥပေက္ခာဝေဒနာနှင့် ယှဉ်ခြင်းကြောင့်တည်း။ မှန်ပေ၏-သတ္တဝါတို့၌ အလယ်အလတ်သဘော အခြင်း အရာအားဖြင့် ဖြစ်သော ဗြဟ္မဝိဟာရုပေက္ခာသည် ဥပေက္ခာဝေဒနာနှင့် ကင်း၍ မဖြစ်နိုင်ပေ။ ဤတွင် တရပ်ပြီး၏။
အယူအဆ မမှားရန် ရှင်းပြချက်
၂၇ဝ။ ”မြတ်စွာဘုရားသည် အင်္ဂုတ္တရ အဋ္ဌကနိပါတ်၌- ‘ရဟန်း သင်သည် ထိုအခါ၌ ဤ သမာဓိကို ဝိတက်လည်းရှိ ဝိစာရလည်းရှိအောင် ပွါးလေလော့၊ ဝိတက်မရှိမူ၍ ဝိစာရမျှရှိအောင်လည်း ပွါးလေလော့၊ ဝိတက်လည်း မရှိ ဝိစာရလည်း မရှိအောင်လည်း ပွါးလေလော့၊ ပီတိရှိအောင်လည်း ပွါးလေလော့၊ ပီတိကင်းအောင်လည်း ပွါးလေလော့၊ သာယာဖွယ်သုခနှင့်တကွ ဖြစ်အောင်လည်း ပွါးလေလော့၊ ဥပေက္ခာနှင့်တကွ ဖြစ်အောင်လည်း ပွါးလေလော့’ဟုအပ္ပမညာ လေးပါးတို့၌လည်း အထူးမပြုပဲ သာမညအားဖြင့် ဟောတော်မူ(အပ်)ပေသည်၊ [၃၁၆] ထို့ကြောင့် အပ္ပမညာ လေးပါးတို့သည် ဈာန်လေးပါး ငါးပါးအပေါင်းကို ဖြစ်စေနိုင်ကြသည်”ဟူ၍ အကြင်တစုံတယောက်က ဆိုငြားအံ့၊ ထိုသူကို ဤသို့ မဆိုပါလင့်ဟု ပြောရာ၏။ မှန်ပေ၏-ဤသို့ သာမညအားဖြင့် ဟောတိုင်း အတူပြု၍ယူလျှင် ကာယာနုပဿနာ စသော သတိပဋ္ဌာန်လေးပါးတို့သည်လည်း ဈာန်လေးပါး ငါးပါးအပေါင်းကို ဖြစ်စေနိုင်ကုန်ရာ၏၊ သို့သော် လည်း ဝေဒနာနုပဿနာစသည်တို့၌ ပဌမဈာန်သည်သော်လည်း မရှိပေ၊ ဒုတိယဈာန် စသည်တို့ မရှိကြသည်မှာ ဆိုဖွယ်မရှိ တော့ပြီ။ ထို့ကြောင့် သဒ္ဒါရိပ်မျှကို ယူ၍ မြတ်စွာဘုရားကို မစွပ်စွဲပါနှင့်။ မြတ်စွာဘုရား၏ စကားတော်သည် နက်နဲလှ ပါသည် ထိုနက်နဲသော ဘုရားစကားတော်ကို ဆရာများထံ ချဉ်းကပ်မှီဝဲ၍ ဆိုလိုသော အဓိပ္ပါယ်အားဖြင့် ယူအပ်-ယူသင့်ပေ သည်။
၂၇၂။ ချဲ့၍ပြဦးအံ့-ယခုပြဆိုမည့်စကားသည် ထို ဘုရားစကားတော်၌ ဆိုလိုသော အဓိပ္ပါယ်ပေတည်း- ”မြတ်စွာဘုရား၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့် တရားကို ဟောစေ ချင်ပါသည်၊ ထိုသို့ ဟောလျှင် ကောင်းပါလိမ့်မည်၊ မြတ်စွာဘုရား၏ ယင်းအကျဉ်း တရားကို ကြားနာ ပြီးလျှင် တပည့်တော်သည် တပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် စိတ်ကို စေလွှတ်ကာ မမေ့မလျော့ အပြင်းအထန် အားထုတ်လျက် နေလိုပါသည်”ဟု-
ရဟန်းတပါးက တရားဟောရန် မြတ်စွာဘုရားကို လျှောက်ထားတောင်းပန်လေသည်။ ထိုရဟန်းသည် ရှေးကလည်း ဤကဲ့သို့ပင် တောင်းပန်၍ တရားနာပြီးလျှင် ရဟန်းတရားကိုကျင့်ရန် တခြားသို့ မသွားပဲ ထိုအရပ်၌သာလျှင် နေခဲ့ဘူးလေပြီ၊ ထို့ကြောင့် ထိုရဟန်းကို မြတ်စွာဘုရားက-”ဤသာသနာ၌ အချို့သော (မောဃပုရိသ) အချည်းနှီး ယောက်ျားတို့သည် ဤသို့ ပင်လျှင် ငါဘုရားကိုသာ တရားဟောဖို့ တောင်းပန်ကြသည်၊ တရားကို ဟောပြီး (နာပြီး)သော အခါ၌လည်း ငါဘုရား နောက်သို့သာ လိုက်နေသင့်သည်ဟု ထင်မှတ်နေကြသည်”ဟု ကြိမ်းမောင်းတော်မူပြီးလျှင် တဖန် ထိုရဟန်းမှာ အရဟတ္တဖိုလ် ရောက်ရန် ဥပနိဿယအကြောင်းနှင့် ပြည့်စုံသည်ကို မြင်တော်မူသဖြင့် ထိုရဟန်းကို ဆုံးမတော်မူလျက်- ရဟန်း ထို (သို့ သင်က လျှောက်ထားတောင်းပန်ခြင်း)ကြောင့် ဤ၌ သင်သည် ယခုညွှန်ပြ မည့်အတိုင်း ကျင့်ရမည်-”ငါ၏စိတ်သည် (ကမ္မဋ္ဌာန်းအာရုံဟူသော ဂေါစရ) အဇ္ဈတ္တ၌၁ တည်လတံ့ ကောင်းစွာ တည်လတံ့ (ဝါ-တည်ရမည် ကောင်းစွာတည်ရမည်၂) ယုတ်မာသော အကုသိုလ်တရား တို့သည်လည်း ဖြစ်ပေါ်လာကုန်လျက် (ငါ၏) စိတ်ကို အကုန်ဆောင်ယူ၍ မတည်ကုန်လတံ့ (ဝါဆောင်ယူ သွားလျက် မတည်စေကြရဘူး)၃”ဟု ဤသို့ပင် သင်သည် ကျင့်ရမည်ဟု ဆုံးမ ဟောကြား တော်မူလေသည်။
ဤသြဝါဒဖြင့် (ပုဂ္ဂိုလ် အသီးအသီး၏ သန္တာန်၌ အတွင်းဝင်သော တရားဟူသော) နိယကဇ္ဈတ္တ၄ အလိုအားဖြင့် ထိုရဟန်းအား (ဝါ-ထိုရဟန်း၏) စိတ်၏ တခုတည်းသော အာရုံရှိခြင်း (စိတ္တေကဂ္ဂတာ)မျှ ဖြစ်သော မူလသမာဓိကို၁ ဟောပြ တော်မူပေသည်။ ထို့နောင် ဤမျှဖြင့်ပင် အားရကျေနပ်ခြင်းသို့ မရောက်သေးပဲ ထိုမူလ သမာဓိကိုပင် ယခု ပြဆိုမည့်အတိုင်း ပွါးစေရမည်”ဟု ပြဆိုတော်မူခြင်းငှါ-
”ရဟန်း၊ အကြင်အခါ၌ သင်၏စိတ်သည် (ကမ္မဋ္ဌာန်းအာရုံဟူသော ဂေါစရ) အဇ္ဈတ္တ၌တည်၏ ကောင်းစွာတည်၏၊ ယုတ်မာသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်လျက် (သင်၏) စိတ်ကို အကုန်ဆောင်ယူ၍ မတည်ကုန်၊ ရဟန်း၊ ထိုအခါ၌ သင်သည် ဤသို့ကျင့်ရမည်-ငါသည် မေတ္တာစေတောဝိမုတ္တိ (စိတ်၏ လွတ်ကြောင်း ဖြစ်သော မေတ္တာကို)ကို ပွါးစေအပ်ပြီးသည် အကြိမ်များစွာ ပြုအပ်ပြီးသည်က, ထားသော ယာဉ်ကဲ့သို့ ပြုအပ်ပြီးသည် တည်ရာကဲ့သို့ ပြုအပ်ပြီးသည် မြဲမြံစွာ တည်စေအပ်ပြီးသည် နိုင်နင်းအောင် လေ့ကျင့်အပ်ပြီးသည် ကောင်းစွာ အားထုတ်အပ်ပြီးသည် ဖြစ်ပေလတံ့ (ဖြစ်စေ ရမည်)ဟု ဤသို့ပင် သင်သည် ကျင့်ရမည်”ဟု ထိုရဟန်းအား မေတ္တာ၏ အစွမ်းအားဖြင့် ဘာဝနာကို (ဝါမေတ္တာပွါးပုံကို) ဤသို့ ဟောကြားတော်မူလေသည်။ ထိုသို့ ဟောကြားပြီးလျှင် –
”ရဟန်း၊ အကြင်အခါ၌ သင်သည် ဤသမာဓိကို ဤဆိုခဲ့သည့်အတိုင်း ပွါးစေအပ်ပြီး အကြိမ် များစွာ ပြုအပ်ပြီး ဖြစ်၏၊ ထိုအခါ၌ သင်သည် (ပွါးစေအပ်ပြီးသော) ဤ မူလသမာဓိကို ဝိတက်လည်း ရှိ ဝိစာရလည်းရှိအောင် ပွါးလေလော့။ပ။ ဥပေက္ခာနှင့်တကွ ဖြစ်အောင်လည်း ပွါးလေလော့”ဟု ဟောတော်မူပေသည်။
ထိုဟောတော်မူသော ဒေသနာ၏ ဆိုလိုသော အနက်ကား-ရဟန်း၊ အကြင်အခါ၌ သင်သည် ဤမူလသမာဓိကို ယခု ပြဆိုခဲ့သည့်အတိုင်း မေတ္တာ၏ အစွမ်းအားဖြင့် ပွါးစေအပ်ပြီး ဖြစ်၏၊ ထိုအခါ၌ သင်သည် ထိုမျှလောက်ဖြင့်လည်း အားရ ကျေနပ်ခြင်းသို့ မရောက်သေးပဲသာလျှင်-
[၃၁၇] ဤမူလသမာဓိကို (ပထဝီကသိုဏ်းစသော) တပါးသော အာရုံတို့၌လည်း ဈာန်လေးပါး ဈာန်ငါးပါး အပေါင်း သို့ ရောက်စေလျက် ဝိတက်လည်းရှိ ဝိစာရလည်းရှိ (သော ဈာန်ဖြစ်) အောင် ဤသို့ အစရှိသောနည်းဖြင့် ပွါးလေလော့-ဟု ဆိုလိုပေသည်။
ဆက်ဦးအံ့-ဤသို့ ဟောတော်မူပြီးလျှင် တဖန် ”ကရုဏာ အစရှိသော ကြွင်းသော ဗြဟ္မဝိဟာရသုံးပါးကို ရှေ့သွား ပြု၍လည်း (ပထဝီကသိုဏ်း အစရှိသော) တပါးသော အာရုံတို့၌ ဈာန်လေးပါး ဈာန်ငါးပါး အပေါင်း၏ အစွမ်းအားဖြင့် ဘာဝနာကို ပြုလေလော့”ဟု ထိုရဟန်းအား ပြတော်မူလိုသည် ဖြစ်၍
”ရဟန်း၊ အကြင်အခါ၌ သင်သည် ဤသမာဓိကို ဤဆိုခဲ့သည့်အတိုင်း ပွါးစေအပ်ပြီး အကြိမ် များစွာ ပြုအပ်ပြီး ဖြစ်၏၊ ထိုအခါ၌ သင်သည် ဤသို့ ကျင့်ရမည် ငါသည် ကရုဏာစေတော ဝိမုတ္တိ ကို ပွါးစေအပ်ပြီးသည် (ဖြစ်ပေလတံ့)” ဤသို့ အစရှိသည်ကို ဟောကြားတော်မူလေသည်။
ဤသို့ မေတ္တာစသည် ရှေ့သွားရှိသော ဈာန်လေးပါး ဈာန်ငါးပါးအပေါင်း၏ အစွမ်းအားဖြင့် ဘာဝနာကို ပြတော် မူပြီးလျှင် တဖန်ကာယာနုပဿနာစသည် ရှေ့သွားရှိသော ဘာဝနာကို ပြတော်မူခြင်းငှါ- ”ရဟန်း၊ အကြင်အခါ၌ သင့်မှာ ဤသမာဓိကို ဤဆိုခဲ့သည့်အတိုင်း ပွါးစေအပ်ပြီး အကြိမ် များစွာ ပြုအပ်ပြီးဖြစ်၏၊ ထိုအခါ၌သင်သည် ဤသို့ ကျင့်ရမည် ကာယ၌ ကာယကို ရှုသည်ဖြစ်၍ နေအံ့”
ဤသို့ အစရှိသည်ကို ဟောတော်မူပြီးလျှင်-
”ရဟန်း အကြင်အခါ၌ သင့်မှာ ဤသမာဓိကို ဤသို့ ပွါးစေအပ်ပြီး ကောင်းစွာ ပွါးစေအပ်ပြီး ဖြစ်လတံ့၊ ရဟန်း ထိုအခါ၌ သင်သည် သွားရာ သွားရာ အရပ်တိုင်း၌ပင် ချမ်းသာစွာသာလျှင် သွားရ ပေလတံ့၊ ရပ်ရာ ရပ်ရာ အရပ်တိုင်း၌ပင် ချမ်းသာစွာသာလျှင် ရပ်ရလတံ့၊ ထိုင်ရာ ထိုင်ရာ အရပ်တိုင်း ၌ပင် ချမ်းသာစွာသာလျှင် ထိုင်နေရပေလတံ့၊ လျောင်းရာ လျောင်းရာ အရပ်တိုင်း၌ပင် ချမ်းသာစွာသာ လျှင် လျောင်းနေရပေလတံ့”ဟုအရဟ တ္တဖိုလ်ကို အထွတ်တပ်သဖြင့် ဒေသနာတော်ကို ပြီးဆုံးစေတော်မူ၏။ ထို့ကြောင့် မေတ္တာအစရှိသော ရှေး ဗြဟ္မဝိဟာရ သုံးပါးတို့သည် ဈာန်သုံးပါး ဈာန်လေးပါး အပေါင်းကိုသာ ဖြစ်စေနိုင်ကုန်၏၊ ဥပေက္ခာသည်ကား ကြွင်းသော ဈာန်တပါးကိုသာ ဖြစ်စေနိုင်၏-ဟု သိအပ်ပေသည်။ မှန်ပေ၏-အဘိဓမ္မာ ပိဋကတ်၌ ထိုအတိုင်းပင် ဝေဘန်ထားပေသည်။
သုဘပရမစသည်
၂၇၃။ ဤဆိုခဲ့သည့်အတိုင်း ဈာန်သုံးပါး လေးပါးကို ဖြစ်စေနိုင်သည်၏ အစွမ်းအားဖြင့်၎င်း၊ ကြွင်းသော ဈာန် တပါးကို ဖြစ်စေနိုင်သည်၏ အစွမ်းအားဖြင့်၎င်း နှစ်ပါးအပြားအားဖြင့် တည်ကုန်သော ဤ ဗြဟ္မဝိဟာရလေးပါးတို့၏၁ (သုဘပရမ) သုဘဝိမောက္ခလျှင် အလွန် အမြတ်ရှိသော (မေတ္တာစေတော) ဝိမုတ္တိစသည်တို့၏ အစွမ်းအားဖြင့် အချင်းချင်း မတူပဲ ကွဲပြားသော အာနုဘော် အထူးကို သိအပ်၏။ မှန်ပေ၏-ဟလိဒ္ဒဝသနသုတ်၌ ဤမေတ္တာစေတော ဝိမုတ္တိ စသည်တို့ကို သုဘပရမ စသည်၏ အဖြစ်ဖြင့် အထူးပြု၍ ဟောတော်မူပေသည်။ ဟောတော်မူပုံမှာ-
”ရဟန်းတို့ မေတ္တာစေတောဝိမုတ္တိကို (သုဘပရမ) သုဘဝိမောက္ခလျှင် အလွန်အမြတ် ရှိသည် ဟု ငါဟောပေ၏၊ ရဟန်းတို့ ကရုဏာစေတော ဝိမုတ္တိကို အာကာသာနဉ္စာယတန သမာပတ်လျှင် အလွန်အမြတ်ရှိသည်ဟု ငါဟောပေ၏၊ ရဟန်းတို့ မုဒိတာစေတော ဝိမုတ္တိကို ဝိညာဏဉ္စာယတန သမာပတ်လျှင် အလွန် အမြတ်ရှိသည်ဟု ငါဟောပေ၏၊ ရဟန်းတို့ ဥပေက္ခာ စေတော ဝိမုတ္တိကို အာကိဉ္စညာယတန သမာပတ်လျှင် အလွန် အမြတ်ရှိသည်ဟု ငါဟောပေ၏” ဟူ၍ပင်တည်း။
[၃၁၈] မေးခွန်းသွင်း၍ ရှင်းပြဦးအံ့ – ဤ စေတောဝိမုတ္တိတို့ကို အဘယ့်ကြောင့် ဤသို့ ဟော (အပ်ကုန်) သနည်း? ဟူမူ (သုဘဝိမောက္ခစသော) ထိုထို ဝိမောက္ခ၏ မှီရာအကြောင်း ဥပနိဿယ ဖြစ်ခြင်းကြောင့် ပေတည်း။ ချဲ့၍ပြအံ့-မေတ္တာ ဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်အား သတ္တဝါတို့သည် စက်ဆုပ်ဖွယ် မဟုတ်မူ၍ ချစ်ဖွယ် တို့ဖြစ်ကြ၏၊ ထိုသို့ ထင်သောအခါ စက်ဆုပ်ဖွယ် မဟုတ်သောအခြင်းအရာဖြင့် အလေ့အကျင့်ရခြင်းကြောင့် စက်ဆုပ်ဖွယ် မဟုတ်ကုန်သော အညို အရွှေ အနီ အဖြူ ဟူသော စင်ကြယ်သော အဆင်းတို့၌ စိတ်ကို ဆောင်ပို့လျှင် ထိုပုဂ္ဂိုလ်၏ စိတ်သည် ယင်း စင်ကြယ်သော အဆင်း ကသိုဏ်းတို့၌ မဆင်းရဲ မခက်ခဲပဲ ချမ်းသာလွယ်ကူစွာသာလျှင် ပြေးဝင်၏။ ဤသို့ ဖြစ်သောကြောင့် မေတ္တာသည် (စင်ကြယ်သော အဆင်းကသိုဏ်းဈာန်ဟူသော) သုဘဝိမောက္ခ၏ မှီရာအကြောင်း ဥပနိဿယ ဖြစ်ပေ၏၊ ထိုထက်အလွန် (အခြားဝိမောက္ခအကြောင်း ဥပနိဿယကား) မဖြစ်ပေ။ ထို့ကြောင့် သုဘဝိမောက္ခလျှင် အလွန်အမြတ်ရှိသည်ဟု ဟောတော် မူပေသည်။
ထိုမှတပါး ကရုဏာဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်အား ဒုတ်ဖြင့် ရိုက်နှက်ခံရသော ရုပ်အစရှိသော ရုပ်လျှင် အကြောင်း ရှိသော သတ္တဝါတို့မှာ ဖြစ်နိုင်သော ဆင်းရဲကို၁ ရှုဆင်ခြင်လျက် သနားခြင်းကရုဏာ ဖြစ်သင့်ခြင်းကြောင့် ရုပ်၌ အပြစ်သည် အလွန် ထင်ရှားပေ၏၊ ထိုသို့ အလွန်ထင်ရှားသောအခါ ရုပ်၌ အပြစ်ကို ထင်ရှားသိပြီး ဖြစ်သောကြောင့် ပထဝီကသိုဏ်း အစရှိသော ရုပ်ကသိုဏ်းတို့တွင် တပါးပါးကို ခွါ၍ ရုပ်၏ ထွက်ပြေး ကင်းကွာကြောင်းဖြစ်သော ကောင်းကင် ပညတ်၌ စိတ်ကို ဆောင်ပို့လျှင် ထိုပုဂ္ဂိုလ်၏ စိတ်သည် ယင်းကောင်းကင် ပညတ်၌ မဆင်းရဲ မခက်ခဲပဲ ချမ်းသာလွယ်ကူစွာသာလျှင် ပြေးဝင်၏။ ဤသို့ဖြစ်သောကြောင့် ကရုဏာသည် အာကာသာနဉ္စာယတနသမာပတ်၏ မှီရာအကြောင်း ဥပနိဿယဖြစ်ပေ၏၊ ထို့ထက်အလွန် (အခြား ဝိမောက္ခ၏အကြောင်း ဥပနိဿယကား) မဖြစ်ပေ။ ထို့ကြောင့် အာကာသာနဉ္စာယတန သမာပတ် လျှင် အလွန်အမြတ်ရှိသည်ဟု ဟောတော်မူပေသည်။
ထိုမှတပါး မုဒိတာဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်အား ထိုထိုဝမ်းမြောက်ခြင်း၏ အကြောင်းကြောင့်ဖြစ်သော ဝမ်းမြောက် မှုရှိကြသော သတ္တဝါတို့၏ စိတ်ဝိညာဏ်ကို ရှုဆင်ခြင်လျက် ဝမ်းမြောက်မှု မုဒိတာ ဖြစ်သင့်ခြင်းကြောင့် ဝိညာဏ်ကို ယူခြင်း ၌ အလေ့အကျင့်ရသော စိတ်သည် ဖြစ်၏၊ ထိုသို့ဖြစ်သောအခါ ဘာဝနာအစဉ်ဖြင့် ရပြီးသော အာကာသာနဉ္စာ ယတနဈာန် ကို ကျော်လွန်၍ ကောင်းကင်ပညတ်လျှင် အာရုံရှိသော (အာကာသာနဉ္စာယတန) ဝိညာဏ်၌ စိတ်ကို ဆောင်ပို့လျှင် ထို ပုဂ္ဂိုလ်၏ စိတ်သည် ယင်းဝိညာဏ်၌ မဆင်းရဲမခက်ခဲပဲ ချမ်းသာ လွယ်ကူစွာ ပြေးဝင်၏။ ဤသို့ဖြစ်သောကြောင့် မုဒိတာ သည် ဝိညာဏဉ္စာယတနသမာပတ်၏ မှီရာအကြောင်း ဥပနိဿယ ဖြစ်ပေ၏၊ ထို့ထက်အလွန် (အခြား ဝိမောက္ခ၏အကြောင်း ဥပနိဿယကား) မဖြစ်ပေ။ ထို့ကြောင့် ဝိညာဏဉ္စာယတနသမာပတ်လျှင် အလွန်အမြတ်ရှိသည်ဟု ဟောတော်မူပေသည်။ ထိုမှတပါး ဥပေက္ခာဖြင့် နေလေ့ရှိသောပုဂ္ဂိုလ်အား သတ္တဝါတို့သည် ချမ်းသာကြပါစေ ဟူ၍သော်၎င်း၊ ဆင်းရဲမှ လွတ်ကြပါစေဟူ၍သော်၎င်း၊ ရပြီးသော ချမ်းသာမှ မကင်းကွာကြပါစေလင့်၁ ဟူ၍သော်၎င်း နှလုံးသွင်း ဆင်ခြင်မှု၏ မရှိခြင်း ကြောင့် သုခ ဒုက္ခစသော ပရမတ်သဘောကို ယူခြင်းမှ မျက်နှာလွှဲသည်၏ အဖြစ်ကြောင့် (ဝါ-မျက်နှာလွှဲသောအားဖြင့်) ထင်ရှားမရှိသောပညတ်ကို ယူခြင်း၌ ကျွမ်းကျင်သော၁ စိတ်သည် ဖြစ်၏၊ ထိုသို့ဖြစ်သောအခါ၌ ပရမတ်သဘောကို ယူခြင်းမှ မျက်နှာလွှဲသောအားဖြင့် အလေ့အကျင့်ရသည့် စိတ်ရှိသော ပရမတ်အားဖြင့် ထင်ရှားမရှိသော ပညတ်ကို ယူခြင်း၌ ကျွမ်းကျင် သည့် စိတ်လည်း ရှိသော၂ (ထိုပုဂ္ဂိုလ်မှာ) ဘာဝနာအစဉ်ဖြင့် ရပြီးသော ဝိညာဏဉ္စာယတန ဈာန်ကို ကျော်လွန်၍ ပရမတ် သဘောဖြစ်သော အာကာသာနဉ္စာယတန ဝိညာဏ်၏ မရှိခြင်းကင်းခြင်း ဟူသော၃ သဘောအားဖြင့် ထင်ရှားမရှိသော အဘာဝပညတ်၌ စိတ်ကို ဆောင်ပို့လျှင် ထိုပုဂ္ဂိုလ်၏ စိတ်သည် ယင်းအဘာဝ ပညတ်၌ မဆင်းရဲ မခက်ခဲပဲ ချမ်းသာ လွယ်ကူစွာ ပြေးဝင်၏။ ဤသို့ ဖြစ်သောကြောင့် ဥပေက္ခာသည် အာကိဉ္စညာယတနသမာပတ်၏ မှီရာအကြောင်း ဥပနိဿယ ဖြစ်ပေ၏၊ ထို့ထက်အလွန် (အခြား ဝိမောက္ခ၏ အကြောင်း ဥပနိဿယကား) မဖြစ်ပေ။ ထို့ကြောင့် အာကိဉ္စညာယတန သမာပတ်လျှင် အလွန်အမြတ်ရှိသည်ဟု ဟောတော်မူပေသည်။
ပါရမီစသည် ပြည့်ကြောင်းလည်း ဖြစ်သည်
၂၇၄။ ဤဆိုခဲ့သည့်အတိုင်း သုဘပရမ စသည်တို့၏ အစွမ်းအားဖြင့် ဤအပ္ပမညာတို့၏ အာနုဘော်ကို သိပြီးလျှင် ဤအပ္ပမညာအားလုံးတို့ပင် ဒါန အစရှိသော အလုံးစုံသော တရားကောင်း တရားမြတ်တို့ကို ပြည့်စေတတ်ကြသည်ဟူ၍ (လည်း) တဖန် သိအပ်၏။ [၃၁၉] ချဲ့၍ပြအံ့-သတ္တဝါတို့၌ အစီးအပွါးကို လိုလားခြင်းဖြင့်၎င်း၊ သတ္တဝါတို့၏ ဆင်းရဲကို သည်းမခံနိုင်ခြင်းဖြင့်၎င်း၊ ရပြီးသော စည်းစိမ်အထူးတို့ကို ရှည်စွာတည်စေလိုခြင်းဖြင့်၎င်း၊ သတ္တဝါအားလုံးတို့၌ တဖက်သတ် မကျခြင်း, ဘက်မလိုက်ခြင်းဖြင့်၎င်း အညီအမျှဖြစ်သည့် စိတ်ရှိကုန်သော ဘုရားအလောင်းတော်တို့သည် ”ဤသူအားပေးကမ်း သင့်၏၊ ဤသူအား မပေးကမ်းသင့်”ဟု ခွဲခြားခြင်းကို မပြုမူ၍ ချမ်းသာ၏ အကြောင်းရင်းဖြစ်သော အလှူဝတ္ထုဒါနကို (ရောက်လာသော အလှူခံ) သတ္တဝါအားလုံးတို့အား ပေးလှူကုန်၏။ (မခွဲခြားပဲ) ထိုသတ္တဝါအားလုံးတို့အား ညှဉ်းဆဲနှိပ်စက် ခြင်းကို ကြဉ်ရှောင်ကုန်လျက် (ချမ်းသာခြင်း၏ အကြောင်းဖြစ်သော) သီလကို ခံယူဆောက်တည်ကုန်၏။
သီလပါရမီကို ဖြည့်ကျင့်ခြင်းငှါ တောထွက်ခြင်း ရှင်ရဟန်းပြုခြင်းသို့ ချဉ်းကပ်ကုန်၏။ သတ္တဝါတို့၏ အစီးအပွါးနှင့် စီးပွါးမဲ့ အမှုတို့၌ မတွေဝေခြင်းအကျိုးငှါ ပညာကို ဖြူစင်စေကုန်၏။ သတ္တဝါတို့၏ စီပွါးချမ်းသာအကျိုးငှါ လုံ့လဝီရိယကို အမြဲမပြတ် အားထုတ်ကုန်၏။ မြတ်သော ဝီရိယ၏အစွမ်းဖြင့် (အားထုတ်ပြုလုပ်ရန်) ရဲရင့်ခြင်းသို့ ရောက်ကုန်သော်လည်း သတ္တဝါတို့၏ အမျိုးမျိုးသော ကျူးလွန်ပြစ်မှားသည့် အပြစ်ကို (မတုံ့ပြန်ပဲ)သည်းခံကုန်၏။ ”ဤ အရာကို သင်တို့အား ပေးမည်ပြုလုပ် ဆောင်ရွက်မည်”ဟု ပြုပြီးသော ဝန်ခံချက်ကို မချွတ်ယွင်းစေကုန်။ ထိုသတ္တဝါအားလုံးတို့၏ စီးပွါးချမ်းသာ အလို့ငှါ မတုန်မလှုပ် ခိုင်မြဲသောဆောက်တည်မှု (အဓိဋ္ဌာန်) ရှိကုန်၏။ ထိုသတ္တဝါတို့၌ (ဆန့်ကျင်ဘက်ကြောင့်) တုန်လှုပ်ခြင်း မရှိသော မေတ္တာဖြင့် လက်ဦးစကာ ကျေးဇူးပြုလေ့ရှိကုန်၏။
ဥပေက္ခာဖြင့် ကျေးဇူးတုံ့ကို မတောင့်တ မမြော်လင့်ကုန်။ (သတ္တဝါတို့၏ အစီးအပွါးကို အလိုရှိခြင်းအစရှိသော) ဤပုံ ဤနည်းဖြင့် ပါရမီတော်တို့ကို ပြည့်စေပြီး၍ ဒသဗလဉာဏ်တော် ဆယ်ပါး စတုဝေသာရဇ္ဇဉာဏ်တော် လေးပါး, အသာဓာရဏဉာဏ်တော် ခြောက်ပါး, ဗုဒ္ဓဓမ္မခေါ် ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူး တရား တဆဲ့ရှစ်ပါးတိုင်အောင် အပြားရှိကုန်သော အလုံးစုံသော တရားကောင်း တရားမြတ်တို့ကို လုံးဝဥဿုံ ပြည့်စုံစေတတ် ကုန်၏။ ထို့ကြောင့် ဤအပ္ပမညာတို့သည် ဤ ဆိုခဲ့သည့်အတိုင်း ဒါန ပါရမီ အစရှိသော အလုံးစုံသော တရားကောင်း တရားမြတ်ကို လုံးဝပြည့်စေတတ်ကုန်သည် သာလျှင်တည်း။ ဤတွင် တရပ်ပြီး၏။
ဤသည်ကား သူတော်ကောင်းအပေါင်းတို့၏ နှစ်သိမ့်ဝမ်းမြောက်ခြင်း
ငှါစီရင်အပ်သော ဝိသုဒ္ဓိမဂ် ကျမ်းဝယ် သမာဓိဘာဝနာအရာ၌ ဗြဟ္မဝိဟာရကို အကျယ်ပြချက် (ဗြဟ္မဝိဟာရနိဒ္ဒေသ) မည်သော ကိုးခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။
ဗြဟ္မဝိဟာရကို အကျယ်ပြချက် ပြီး၏။
Ref: http://www.pitakataw.net/%E1%81%89-%E1%80%BB%E1%80%97%E1%80%9F%E1%81%BC%E1%80%9D%E1%80%AD%E1%80%9F%E1%80%AC%E1%80%9B%E1%80%94%E1%80%AD%E1%80%B1%E1%80%92%E1%81%B5%E1%80%9E-%E1%80%BB%E1%80%97%E1%80%9F%E1%81%BC%E1%80%9D%E1%80%AD/
ဝိပဿနာ ရှုပွားနည်း အခြေခံ
Image
   အရင်ဆုံး၊ သမထ ရှုမှတ်မှု နဲ့ ၀ိပဿနာ ရှုမှတ်မှု ကွဲပြားပုံ ကို သိသင့်ပါတယ်။ ကွဲပြားပုံကို မသိဘဲ ရောထွေးနေရင်၊ ဒီနည်းများကို ကောင်းစွာလေ့ကျင့်နိုင်မှာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာ သမထ ရှုမှတ်မှု နဲ့ ၀ိပဿနာ ရှုမှတ်မှု ဆိုပြီး၊ ၂ မျိုး ရှိပါတယ်။
          သမထ ဆိုတာ၊ အာရုံစူးစိုက်မှု (သို့) စိတ်ကို ငြိမ်းအေးစေသော စိတ်အနေအထား ဖြစ်ပါတယ်။ စိတ်ဟာ အချင်းအရာ တစ်ခုထဲအပေါ်မှာအာရုံစူးစိုက်နေရင်၊ဒါကို စိတ်အာရုံစူးစိုက်မှု လို့ခေါ်ပါတယ်။ အာရုံစူးစိုက်မှု မြင့်မားစေဖို့၊ သမထ ကို၊ လေ့ကျင့်ရပါတယ်။ သမထ ရှုမှတ်မှုရဲ့ ရည်ရွယ်ချက်ကတော့၊ ဈာန် လို့ခေါ်တဲ့ မြင့်မားသော အာရုံစူးစိုက်မှု ကို ရရှိစေဖို့ ဖြစ်ပါတယ်။ သမထ ရှုမှတ်မှုကို လေ့ကျင့်ရင်၊ ဈာန် လို့ခေါ်တဲ့ မြင့်မားသော အာရုံစူးစိုက်မှုကို ရရှိနိုင်ပါတယ်။ စိတ်ရဲ့ နက်ရှိုင်းသော အာရုံစူးစိုက်မှု ရရှိစေဖို့၊ ၀င်လေ ထွက်လေ အစရှိတဲ့၊ တစ်ခုတည်းသော အချင်းအရာ ပေါ်မှာ၊ စိတ်ကို အာရုံစူးစိုက်ထားဖို့ လိုအပ်ပါတယ်။
           ဗုဒ္ဓဘာသာဝင် အများစုဟာ၊ ၀င်လေ – ထွက်လေ ရှုမှတ်ခြင်းကို လေ့ကျင့်ကြပါတယ်။ ပါဠိလို အာနာပါန လို့ ခေါ်တွင်ပါတယ်။ ၀င်လေ – ထွက်လေ ကို အရှုခံ အဖြစ်ထားပြီး၊ သမထ ကမဋ္ဌာန်း ပွားများရာမှာ၊ လေရှူသွင်းခြင်း – လေရှူတုတ်ခြင်း ပေါ်မှာ စိတ်ကို စူးစိုက်ထားရပါမယ်။ စိတ်ဟာ မိမိ နှာသီးဖျား ပေါ်မှာ စူးစိုက်ထားရပါမယ်။ လေကို ရှူသွင်းလိုက်ချိန်၊ လေက နှာသီးဖျားကိုထိခပ်သွားချိန်မှာ၊ ၀င်တယ်/ရှူတယ်လို့၊မှတ်ရပါမယ်။လေကိုရှူထုတ်လိုက်ချိန်၊ လေထွက်သွားချိန်၊ နှာသီးဖျားကို လေကထိသွားချိန်မှာ၊ ထွက်တယ် လို့ မှတ်ရပါမယ်။ ၀င်တယ် – ထွက်တယ်၊ ၀င်တယ် – ထွက်တယ် ဆိုပြီး၊ စိတ်ကို နှာသီးဖျားမှာ စူးစိုက်ထားရပါမယ်။
           ဒါပေမယ့် စိတ်ဟာ၊ လေရှူသွင်းခြင်း – လေရှူတုတ်ခြင်း မှာဘဲ တည်မနေပါဘူး။ စိတ်ဟာ ထွက်သွားပြီး၊ အခြားရောက်တတ်ရာရာ အကြောင်းအရာများအပေါ် တွေးတောရင်း စိတ်ပျံ့လွင့်ပါတယ်။ ဒီလို စိတ်ပျံ့လွင့်ပြီး အခြားအကြောင်းအရာများကို တွေးတောနေရင်၊ မူလအရှုခံ နှာသီးဖျားဆီကို၊ စိတ်ပြန်တည်ရပါတယ်။ “၀င်တယ် – ထွက်တယ်” ပြန်ရှုရပါတယ်။ ဒါပေမယ့် စိတ်ဟာ၊ နှာသီးဖျားမှာဘဲ အချိန်ကြာကြာ တည်မနေပြန်ပါဘူး။ စပြီးလေ့ကျင့်ခါစမှာ စိတ်ဟာ မကြာခဏကို လွင့်ပါး ပျံ့လွင့်ပါတယ်။ နှာသီးဖျားဆီ စိတ်ကိုပြန်ပို့၊ နှာသီးဖျားမှာ အာရုံစိုက်ပြီး၊ “၀င်တယ် – ထွက်တယ်” “၀င်တယ် – ထွက်တယ်” ပြန်မှတ်ရပါတယ်။ ဒီလိုနဲ့ စိတ်ဟာ၊ လေရှူသွင်းမှု – လေရှူထုတ်မှုပေါ်မှာ၊ အတိုင်းအတာတစ်ခုအထိတဖြေးဖြေးအာရုံစူးစိုက်တည်မြဲလာပါတယ်။ဒီအခါမှာ မိမိရဲ့ လေ့ကျင့်မှုအတိုင်း၊  ရှေ့ဆက်လေ့ကျင့်သွားရပါမယ်။
          တစ်ပါတ် ဆယ်ရက်လောက် ကြာတဲ့အခါ၊ စိတ်ဟာ လေရှူမှု – လေထုတ်မှု ပေါ်မှာ၊ တဖြေးဖြေး ပိုလို့ ပိုလို့ အာရုံတည်မြဲလာပြီး၊ နက်နက်နဲနဲ ကောင်းကောင်းမွန်မွန် ရှုမှတ်လာနိုင်ပါတယ်။ ၂လ ၃လခန့် အကြာမှာတော့၊ နှာသီးဖျားက ၀င်လေ – ထွက်လေ အပေါ်မှာ စိတ်ဟာ နက်ရှိုင်းစွာ အာရုံစိုက်နိုင်ပါပြီ။ ၁၀ မိနစ် – ၁၅ မိနစ်လောက်ထိ အသက်ရှူခြင်းမှာ စိတ်တည်နေပါလိမ့်မယ်။ ဒီလိုနဲ့ နှာသီးဖျားက ၀င်လေ – ထွက်လေ အပေါ်မှာ စူးစူးစိုက်စိုက် အာရုံပြု နေဖို့ အစွမ်းကုန်ကြိုးစားရပါမယ်။ နောက်ဆုံးတော့ စိတ်ဟာ ၀င်လေ – ထွက်လေ ပေါ်မှာဘဲ အပြည့်အ၀ တည်နေပါ လိမ့်မယ်။
            ဒီနောက်တော့ စိတ်မှာ ဘာအဟန့်အတား အနှောင့်အယှက်မှ မရှိတော့ပါဘူး။ စိတ်ဟာ၊ နှာသီးဖျားက ၀င်လေ – ထွက်လေအပေါ် ကောင်းစွာတည်နေချိန်မှာ၊ အနှောင့်အယှက်မရှိဘူးလို့ ဆိုလိုပါတယ်။ ကာမဂုဏ်အာရုံ၊ စိတ်ဆိုးစိတ်ညံ့၊ ပျင်းရိထိုင်းမှိုင်းမှု၊ ထိပ်လန့်မှု၊ နောင်တ၊ သံသယ စတဲ့ စိတ်အခြေအနေတွေကို အနှောင့်အယှက်လို့ ခေါ်ပါတယ်။ ရှုမှတ်စိတ်ဟာ၊ အရှုခံအာရုံဖြစ်တဲ့ ၀င်လေ – ထွက်လေ ပေါ်မှာသာ တည်မြဲစူးစိုက်နေတာကြောင့်၊ အဲဒီအနှောင့်အယှက် တွေဟာ စိတ်ထဲဝင်မလာနိုင်ပါဘူး။ အာရုံစူးစိုက်မှုဟာ စိတ်အညစ်အကြေးတွေကို ဖယ်ရှားပစ်ပါတယ်။ ရှုမှတ်စိတ်ဟာ ၀င်လေ – ထွက်လေ အပေါ် နက်နက်ရှိုင်းရှိုင်း အာရုံစူးစိုက်နေသရွေ့၊ စိတ်ထဲမှာ ဘာအနှောင့်အယှက်မှ မရှိပါဘူး။
             ဒီလိုနဲ့ စိတ်ဟာ တည်ငြိမ်၊ တိတ်ဆိတ်၊ ငြိမ်သက်၊ အေးချမ်း၊ ကြည်လင်လာပါမယ်။ ၀င်လေ – ထွက်လေကို စူးစိုက်ရှုမှတ်နေသရွေ့ ငြိမ်းအေးမှုကို ခံစားကျေနပ်နေပါလိမ့်မယ်။ ဒါကို ဈာန် (သို့) ဈာန်ဝင်စားခြင်း လို့ခေါ်ပါတယ်။ အရှုခံ ၀င်လေ – ထွက်လေအပေါ် စိတ်ဟာ ကောင်းစွာ တည်မြဲနေပါပြီ။ ဒါပေမယ့်၊ အရှုခံအာရုံအပေါ် စိတ်ဟာ အပြည့်အ၀ စူးစိုက်တည်မြဲနေသော်ငြားလည်း၊ တခြားသော စိတ်အခြေအနေတွေနဲ့ ခန္ဓာရဲ့ဖြစ်စဉ်တွေကိုတော့ သူ့သဘာဝမှန်အတိုင်း၊ မသိရှိနိုင်ပါဘူး။ သမထ ဘာဝနာဟာ အာရုံစူးစိုက်မှုမျှသာ ဖြစ်ပြီး၊ အမှန်အတိုင်းသိမြင်သော ဘာဝနာ မဟုတ်ပါဘူး။
           တခြားနည်းကတော့၊ ၀ိပဿနာ ဘာဝနာ ဖြစ်ပါတယ်။ ၀ိပဿနာဆိုတာ၊ ရုပ်တရား နာမ်တရားရဲ့ လက္ခဏာ သုံးပါးကို အမှန်တိုင်း သိမြင်ခြင်း ဖြစ်ပါတယ်။ လက္ခဏာသုံးပါးကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ပါတယ်။ မိမိ စိတ်နဲ့ခန္ဓာမှာ ဖြစ်ပေါ်တာမှန်သမျှကို၊ ဖြစ်ဆဲအခိုက်အတန့်မှာ၊ အရှိအတိုင်း သိမြင်အောင် သတိကပ်ပြီးကြည့်နေမှသာ၊ ရုပ်တရား နာမ်တရားတို့ရဲ့ လက္ခဏာသုံးပါးကို သိမြင်နိုင်မှာ ဖြစ်ပါတယ်။
           မမြဲခြင်း ( အနိစ္စ )၊ ဆင်းရဲခြင်း ( ဒုက္ခ )၊ အစိုးမရခြင်း ( အနတ္တ ) အချင်းအရာတို့ကို၊ ရှုမှတ်သူက သေချာစွာ သိမြင်နိုင်မှသာ၊ စိတ်အညစ်အကြေးတွေဖြစ်တဲ့ လောဘ၊ ရမ္မက်၊ တဏှာ၊ သံယောဇဉ်၊ ကာမဂုဏ်အာရုံ၊ စိတ်ယုတ်၊ မောဟ၊ မာန၊ မစ္ဆရိယ စတာတွေကို ချေဖျက်နိုင်မှာ ဖြစ်ပါတယ်။ “ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး” လို့ ပညတ်ထားတဲ့၊ ရုပ်တရား နာမ်တရားတို့ရဲ့ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့ကို သိမြင်မှသာ၊ ရုပ်တရား နာမ်တရားတို့ဟာ “ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး” မဟုတ်မှန်း သိလာမှာ ဖြစ်ပါတယ်။ ဒီအခါမှာ၊ စိတ်အညစ်အကြေး ကိလေသာများရဲ့ အရင်းအမြစ် ဖြစ်တဲ့၊ “ငါ” “အတ္တ” အယူအဆတို့ကို ဖယ်ရှားပြီး ဖြစ်သွားပါတယ်။ “ပုဂ္ဂိုလ်၊ သတ္တ၀ါ” အစွဲကို ချေဖျက်ပြီးချိန်မှာ၊ လောဘ၊ ဒေါသ စတဲ့ကိလေသာအညစ်အကြေးများထပ်မံမပေါ်ပေါက်တော့တာကြောင့်၊ပျော်ရွှင် ငြိမ်းချမ်းလာမှာ ဖြစ်ပါတယ်။ ဒါဟာ ၀ိပဿနာ ဘာဝနာ ဖြစ်ပါတယ်။
             အရေးအကြီးဆုံးကတော့၊ မိမိစိတ်မှာ ဘာဘဲပေါ်ပေါ်၊ သူ့အတိုင်း သတိကပ် သိနေဖို့သာ ဖြစ်ပါတယ်။ တရားရှုမှတ်နေချိန်မှာ၊ စိတ်ဟာ လွင့်ပါး ပျံ့လွင့်ပြီး၊ အခြားအကြောင်းအရာများကို တွေးတောနေတတ်ပါတယ်။ တစ်ခါတစ်ရံ များပြားစွာ စိတ်ကူးယဉ် ကြံစည်နေတတ်ပါတယ်။ ထိုအခါမှာ၊ အဲဒီ စိတ်၊ အတွေး၊ တွေးတောခြင်း၊ စီစဉ်ခြင်း၊ ကြံစည်ခြင်းတွေကို၊ သတိကပ်ပြီး၊ “တွေးတယ် – တွေးတယ်” “စိတ်ကူးတယ် – စိတ်ကူးတယ်” ဆိုပြီး၊ ရှုမှတ်ရမှာ ဖြစ်ပါတယ်။ စိတ်ထဲမှာ ပုံရိပ်တစ်ခုမြင်လာရင်၊ ဘာမှ ခွဲခြမ်းစိတ်ဖြာခြင်း မပြုဘဲ၊ တွေးတောခြင်းမပြုဘဲ၊ ဝေဖန်ဆန်းစစ်ခြင်း မပြုဘဲ၊ “မြင်တယ် – မြင်တယ်” လို့ ရှုမှတ်ရပါမယ်။ ၀ိပဿနာဘာဝနာမှာ အောင်မြင်စေဖို့ အရေးကြီးဆုံးအချက်ကတော့၊ သတိကပ် ရှုမှတ်ခြင်း၊ တုန့်ပြန်မှုကင်းသော သတိ ကပ်နေခြင်း၊ ဝေဖန်ဆန်းစစ်မှုကင်းသော သတိ ကပ်နေခြင်းဘဲ ဖြစ်ပါတယ်။ မတုန့်ပြန်ရပါဘူး။
             အရာတစ်ခုကို မြင်လိုက်တိုင်း၊ အသံတစ်ခုကို ကြားလိုက်တိုင်း၊ အနံ့တစ်ခုကို ရှူလိုက်တိုင်း၊ အရသာတစ်ခုကိုအရသာခံလိုက်တိုင်း၊တစ်စုံတစ်ခုကိုထိတွေ့မိတိုင်း၊အကြောင်းအရာတစ်ခုကို တွေးတောမိတိုင်း၊ ထိုအရာတွေအပေါ်ဘာမှမတုန့်ပြန်ရပါဘူး။ဒီလိုမတုန့်ပြန်ဘဲနေဖို့အတွက်၊တစ်စုံတစ်ရာအပေါ် မြင်သိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ တွေးကြံစိတ်တို့ကို၊ “မြင်တယ်” ၊ “ကြားတယ်” ၊ “နံတယ်” ၊ “အရသာ ခံတယ်” ၊ “ထိတယ်” ၊ “တွေးတောတယ်” ဆိုပြီး၊ ရှုမှတ်ရမှာ ဖြစ်ပါတယ်။ အာရုံ၆ပါးအနက် ဘယ်အာရုံပေါ်ပေါ် ရှုမှတ်လာနိုင်ပြီဆိုရင်၊ ဒီအာရုံတွေအပေါ် ဘယ်လိုမှ တုန့်ပြန်မှု မရှိတော့ပါဘူး။
            (ဥပမာ) မြင်သိစိတ်အပေါ်၊ အားကောင်းစွာ ရှုမှတ်နေခြင်းကြောင့်၊ မြင်သိစိတ်ဟာ အရာဝတ္ထုကို ထင်ရှားစွာ မမြင်တော့ပါဘူး။ ဒါကြောင့် ထိုအရာကို ကောင်းတယ် ဆိုးတယ်လို့ မဆန်းစစ်နိုင်တော့ပါဘူး။ ဒီအခါမှာ ကောင်းတယ် ဆိုးတယ်လို့လည်း မခံစားရတော့ပါဘူး။ ဒါဟာ ထိုအရာအပေါ် တုန့်ပြန်မှုကင်းသွားတာ ဖြစ်ပါတယ်။ တကယ်လို့၊ တစ်စုံတစ်ခုကို မြင်ချိန်မှာ၊ မြင်သိစိတ်ကို မစောင့်ကြည့်နိုင် သတိမကပ်နိုင်ဘူးဆိုရင်၊ မြင်သိစိတ်ဟာ အရာဝတ္တုအပေါ် အချိန်အတော်ကြာ မြင်နေပြီး၊ ထိုအရာဟာ ကောင်းတယ် ဆိုးတယ်လို့ ဝေဖန်ဆန်းစစ်နိုင်သွားပါတယ်။ မြင်သိစိတ်ဟာ အရာဝတ္ထုအပေါ် ကောင်းတယ်လို့ ဆန်းစစ်လိုက်ရင်၊ သင်ဟာ ထိုအရာအပေါ် သာယာသွားပါတယ်။ နှစ်သက်၊ စွဲလမ်း၊ လိုချင်သွားပါတယ်။ ဒီစွဲလန်းမှုတဏှာဟာ၊ ထိုအရာကို မရှုမှတ်လိုက်တဲ့အတွက်၊ဖြစ်ပေါ်လာတဲ့၊ တုန့်ပြန်မှုပါဘဲ။ ထိုစွဲလမ်းမှုတဏှာဟာ ဒုက္ခဆင်းရဲကို ဖြစ်စေသော အကြောင်းတရားဖြစ်ပါတယ်။တုန့်ပြန်မှုဟာ၊ချစ်ခင်ခြင်းလိုချင်တောင့်တခြင်းအသွင်နဲ့ ပေါ်လာခြင်းဖြစ်ပါတယ်။
              အရှုခံအာရုံအပေါ် တုန့်ပြန်ခြင်းကင်းဖို့အတွက်၊ အရှုခံအာရုံကို သတိကပ်စောင့်ကြည့်နေရပါမယ်။ ရှုမှတ်နေရ ပါမယ်။ မြင်တယ် မြင်တယ် ( ကြားတယ် / နံတယ် / အရသာခံတယ် / ထိတယ် / တွေးတယ် / စသဖြင့် ဖြစ်လာသလို) ရှုမှတ်ရပါမယ်။ ရုပ်တရားဖြစ်စေ၊ နာမ်တရားဖြစ်စေ၊ ရှုမှတ်နိုင်ပြီဆိုရင်၊ ဘာတုန့်ပြန်မှုမှ မရှိတော့ပါဘူး။ ဒီအခါမှာ တည်ကြည် ငြိမ်သက်ပြီး အေးချမ်းမှုကို ခံစားရပါလိမ့်မယ်။ ဒါကြောင့်လည်း သတိကပ်ရှုမှတ်ခြင်းကို၊ တုန့်ပြန်မှုကင်းတဲ့ ရှုမှတ်ခြင်း၊ ဝေဖန်ဆန်းစစ်မှုကင်းတဲ့ ရှုမှတ်ခြင်းလို့ ခေါ်တာပါ။ သတိကပ်ရှုမှတ်တော့မယ်ဆိုရင်၊ မိမိခန္ဓာနဲ့စိတ်မှာ ဖြစ်ပေါ်လာတာတွေကို သူ့အတိုင်း သတိကပ်ပြီး သိနေရုံပါဘဲ။ ကြိုတင်မှန်းဆ ထင်မြင်တာမျိုး မလုပ်ရပါဘူး။ မိမိစိတ်ထဲကို ကြိုတင်မှန်းဆ ထင်မြင်ချက်တွေ ၀င်လာရင်၊ အရှုခံရုပ်နာမ်တို့ရဲ့ သဘာဝမှန်ကို အမှန်တိုင်း နားမလည်နိုင် တော့ပါဘူး။ ဒါကြောင့်မို့၊ ၀ိပဿနာဘာဝနာရဲ့ စည်းမျဉ်းကတော့၊ မိမိ စိတ်နဲ့ခန္ဓာမှာ ဘာဘဲပေါ်လာ ပေါ်လာ၊ ပေါ်လာတဲ့အတိုင်း ရှုမှတ်ဖို့၊ သဘာဝမှန်အတိုင်း ရှုမှတ်ဖို့ပါဘဲ။
              နည်းလမ်းက သိပ်မခက်ခဲလှပါဘူး။ ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်မယ်ဆိုရင်၊ အင်မတန် ရိုးစင်းလွယ်ကူပြီး အကျိုးများပါတယ်။ အဆင့်မြင့်တဲ့ ၀ိပဿနာဉာဏ်တွေ မရမချင်း၊ စိတ်ရှည်ဖို့ လိုပါတယ်။ ဇွဲ၊ စိတ်ရှည်မှု၊ အပြင်းအထန် အားထုတ်မှုတို့ဟာ၊ ၀ိပဿနာကျင့်ကြံရာမှာ အောင်မြင်စေတဲ့ အကြီးမားဆုံးအရည်အသွေးတွေပါဘဲ။
             မိမိစိတ်နဲ့ခန္ဓာမှာ ပေါ်လာသမျှကို ပေါ်လာတဲ့အတိုင်း ရှုမှတ်တာဟာ ၀ိပဿနာဘာဝနာလို့၊ သိပြီဖြစ်တဲ့အတွက်၊ ဒီအချက်ကနေတစ်ဆင့်၊ ၀ိပဿနာ ဘာဝနာဟာ၊ သမထ ဘာဝနာလို၊ အရှုခံအာရုံ တစ်ခုထဲ မဟုတ်ဘဲ၊ အရှုခံအာရုံ များစွာ ရှိတာကို သိနိုင်ပါတယ်။ သမထ ဘာဝနာမှာ “၀င်လေ – ထွက်လေ” ဆိုတဲ့ အရှုခံအာရုံ တစ်ခုထဲ ရှိပြီး၊ ၀ိပဿနာ ဘာဝနာ မှာတော့၊ ရုပ်တရားအားလုံး နာမ်တရားအားလုံးဟာ အရှုခံအာရုံတွေချည်း ဖြစ်တာကြောင့်၊ သမထဘာဝနာနဲ့ ၀ိပဿနာ ဘာဝနာရဲ့ ကွဲပြားခြားနားမှုကို၊ အခု သိလောက်ပြီထင်ပါတယ်။ ရှုမှတ်ဆဲအခိုက်အတန့်မှာ ထင်ရှားစွာပေါ်လာတဲ့ ဘယ်ရုပ်တရား နာမ်တရားမဆို၊ အရှုခံအာရုံ ဖြစ်ပါတယ်။ ရှုမှတ်ဆဲမှာ ထင်ရှားစွာပေါ်လာတဲ့ ရုပ်တရား နာမ်တရားတွေကို၊ ရှုမှတ်စိတ်နဲ့ စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။
               ရှုမှတ်ရာမှာ လွယ်ကူစေဖို့၊ ၀မ်းဗိုက်ရဲ့ ဖောင်းကားလာတဲ့လှုပ်ရှားမှုနဲ့ ပိန်ကျသွားတဲ့လှုပ်ရှားမှုကို စတင်ရှုမှတ် ရပါမယ်။ ၀မ်းဗိုက်ရဲ့ဖောင်းလိုက် ပိန်လိုက်လှုပ်ရှားမှုကို ရှုမှတ်တာဟာ၊ ၀င်လေ-ထွက်လေ ရှုမှတ်တာ မဟုတ်ပါဘူး။ ပထ၀ီ – မြေဓာတ်၊ အာဘော – ရေဓာတ်၊ တေဇော – မီးဓာတ်၊ ၀ါယော – လေဓာတ် လို့အမည်ရတဲ့ ရုပ်အစုအဝေးကို ရှုမှတ်တာလို့ ခေါ်ပါတယ်။ ရှုမှတ်မှုအစပိုင်းမှာ၊ ဒီဓာတ်၎ပါးနဲ့အဓိကပတ်သက်ပါတယ်။ဝမ်းဗိုက်ရဲ့ဖောင်းခြင်းပိန်ခြင်း လှုပ်ရှားမှုဟာ လေရှူသွင်းခြင်း လေရှူထုတ်ခြင်းနဲ့ ဆက်စပ်နေပေမယ့်၊ ၀င်လေ – ထွက်လေ ဘာဝနာ မဟုတ်ပါဘူး။ ဒါဟာ ၀မ်းဗိုက်ရဲ့ လှုပ်ရှားမှုသာဖြစ်ပါတယ်။ ၀မ်းဗိုက်အတွင်းက လေဟာ၊ တက်လာလိုက်၊ ကျသွားလိုက်၊ ရှေ့နောက် ရွေ့လျားလိုက်၊ တစ်ခါတစ်ရံ အထက်အောက်ရွေ့လျားလိုက် ဖြစ်ပါတယ်။ အဲဒီမြင့်တက်လာတဲ့ လှုပ်ရှားမှု နိမ့်ဆင်းသွားတဲ့ လှုပ်ရှားမှုကို ရှုမှတ်ရပါတယ်။ ၀မ်းဗိုက်ရဲ့ ဖောင်းလိုက် ပိန်လိုက်လှုပ်ရှားမှုတွေကို “ဖောင်းတယ် – ပိန်တယ်” “ဖောင်းတယ် – ပိန်တယ်” လို့ ရှုမှတ်ရပါမယ်။
               ဒါကြောင့် ၀င်လေ – ထွက်လေ ရှုမှတ်တာ မဟုတ်ပါဘူး။ ဓာတု မနစီကရ လို့ခေါ်ပါတယ်။ မြတ်ဗုဒ္ဓ အသေးစိတ် ရှင်းလင်းပြခဲ့တဲ့ ၀ိပဿနာ၎ပါးထဲက တစ်ပါးဖြစ်ပါတယ်။ ၀င်လေ – ထွက်လေ ရှုမှတ်သလိုမျိုး မဟုတ်တဲ့အတွက်ကြောင့်၊ ၀မ်းဗိုက်လှုပ်ရှားမှုကို၊ တစ်ခုတည်းသော အရှုခံအာရုံအဖြစ် စွဲကပ်နေဖို့မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့၊ ၀ိပဿနာ ဘာဝနာမှာ အရှုခံအာရုံက တစ်ခုထဲမဟုတ်ဘဲ၊ အရှုခံအာရုံများစွာရှိတဲ့အနက်ကမှ ၀မ်းဗိုက်လှုပ်ရှားမှုဟာ တစ်ခုအပါအ၀င် သာ ဖြစ်ပါတယ်။ ၀မ်းဗိုက်ရဲ့ မြင့်တက်လာမှု ဖောင်းကားလာမှုကို ခံစားမိရင်၊ “ဖောင်းတယ်” လို့ မှတ်ရပါတယ်။ ၀မ်းဗိုက်က ပိန်ကျ လျော့ကျသွားရင် “ပိန်တယ်” လို့ မှတ်ရပါတယ်။ ဒီလိုနည်းအတိုင်း၊  ဖောင်းလာတိုင်း ပိန်လာတိုင်း “ဖောင်းတယ် – ပိန်တယ်” “ဖောင်းတယ် – ပိန်တယ်” လို့မှတ်သွားရပါမယ်။
             ဒါပေမယ့် ၀မ်းဗိုက်ရဲ့ ဖောင်းခြင်း ပိန်ခြင်းကို ရှုမှတ်နေတုန်းမှာဘဲ၊ စိတ်ဟာ လွင့်ပါး ပျံ့လွင့်ပါတယ်။ လေ့ကျင့်မှု အစပိုင်းမှာတော့၊ ဒါကို သတိထားမိမှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာတော့ စိတ်ဟာ ထွက်သွားနေတာ၊ ဟိုဟိုဒီဒီ ပျံ့လွင့်နေတာ၊ တစ်ခုခုကို တွေးနေတာကို သတိထားမိလာပါလိမ့်မယ်။ စိတ်ပျံ့လွင့်နေတာကို သိသိချင်း၊ အဲဒီစိတ်နောက်ကို လိုက်ကြည့်ပြီး၊ “တွေးတယ် တွေးတယ်” “ပျံ့လွင့်တယ် ပျံ့လွင့်တယ်” ဆိုပြီး ပေါ်လာတဲ့အတိုင်း မှတ်ရပါတယ်။ ပျံ့လွင့်တာတွေ တွေးတောတာတွေ ရပ်တန့်သွားရင်တော့၊ မူလ အရှုခံဖြစ်တဲ့ ၀မ်းဗိုက် ဖောင်းလိုက် ပိန်လိုက် လှုပ်ရှားမှုကို၊ “ဖောင်းတယ် – ပိန်တယ်”လို့ ပြန်မှတ်ရပါတယ်။ စိတ်ဟာ ထပ်ထွက်သွားပြန်ရင်၊ အဲဒီစိတ် နောက်ကို လိုက်ကြည့်ပြီး၊ “စိတ်ထွက်တယ် – စိတ်ထွက်တယ်” “ပျံ့လွင့်တယ် – ပျံ့လွင့်တယ်”လို့ မှတ်။ မူလအရှုခံဆီ ပြန်လာရင်လည်း အရင်အတိုင်း ပြန်မှတ်ရပါတယ်။
            မိနစ် ၂၀ – ၃၀ လောက်ကြာလာရင်၊ ခန္ဓာကိုယ်တစ်နေရာရာက နာကြင်လာတာကို ခံစားရပါမယ်။ ခြေထောက်မှာဖြစ်ဖြစ်၊ ခြေမျက်စိဖြစ်ဖြစ်၊ နောက်ကျောဖြစ်ဖြစ် နာကြင်တာကို ခံစားလာရပါမယ်။ ဒီနာကြင်မှုဝေဒနာဟာ ၀မ်းဗိုက်လှုပ်ရှားမှုထက် ပိုထင်ရှားပြီး၊ ရှုမှတ်ဆဲအချိန်မှာ အထင်ရှားဆုံးအဓိကအကျဆုံးအဖြစ်ပေါ်ပေါ်လာတာကြောင့်၊ ဒီဝေဒနာကို စူးစူးစိုက်စိုက်၊ ပြင်းပြင်းထန်ထန်၊ အဆက်မပြတ်ဘဲ “နာတယ် – နာတယ်” လို့ ရှုမှတ်ပြီး စောင့်ကြည့်နေ ရပါမယ်။ နာကြင်မှုဟာ တဖြေးဖြေး ပိုပြင်းထန်လာနိုင်ပါတယ်။ ဒါကို သည်းခံပြီး၊ အရှိအတိုင်း သတိကပ်ကာ၊ “နာတယ် – နာတယ်” လို့ရှုမှတ်နေရပါမယ်။ နာကြင်မှုဟာ မခံမရပ်နိုင်အောင် ဖြစ်လာရင်တော့၊ မတ်တပ်ထရပ်ပြီး၊ စင်္ကြန်လျှောက်ကာ ရှုမှတ်သင့်ပါတယ်။ နာကြင်လာလို့ ဣရိယာပုပ်ကို ပြောင်းလိုက်တာထက်၊ စင်္ကြန်လျှောက် ရှုမှတ်လိုက်တာက ပိုမို ကောင်းမွန်ပါတယ်။ နာကြင်မှုကို သက်သာစေဖို့ ဣရိယာပုပ် မပြောင်းသင့်ပါဘူး။ ထရပ်လိုက်ပြီး စင်္ကြန်လျှောက် ရှုမှတ်ရပါမယ်။
            စင်္ကြန်လျှောက် နေချိန်မှာ ခြေထောက်ရဲ့ရွေ့လျားမှုကို ရှုမှတ်ရပါတယ်။ ဘယ်ခြေလှမ်း လှမ်းလိုက်ရင်၊ မိမိစိတ်ကို ဘယ်ခြေရဲ့ ရွေ့လျားမှုအပေါ် အာရုံစိုက်ထားရပါမယ်။ ညာခြေလှမ်း လှမ်းလိုက်ရင်၊ စိတ်ကို ညာခြေရဲ့ ရွေ့လျားမှုအပေါ် အာရုံစိုက်ရပါမယ်။ “ဘယ်လှမ်းတယ်” “ညာလှမ်းတယ်” လို့မှတ်ရပါတယ်။ခြေထောက်ရဲ့ရွေ့လျားမှုဟာဝါယောဓာတု-လေလှုပ်ရှားမှုဖြစ်ပြီးဒါကိုအရှိအတိုင်း စေ့စေ့စပ်စပ် သိနားလည်နေရပါမယ်။
            ဘယ်ခြေ ညာခြေတို့ရဲ့ ရွေ့လျားမှုကို ကောင်းကောင်းရှုမှတ်လာနိုင်ပြီဆိုရင်၊ ခြေလှမ်း ကြွတဲ့အပိုင်း နဲ့ ချတဲ့အပိုင်းဆိုပြီး၊ ခြေတစ်လှမ်းမှာ အပိုင်းနှစ်ပိုင်းခွဲ သိလာပါလိမ့်မယ်။ ခြေထောက်ကြွလိုက်ချိန်မှာ၊ ကြွတဲ့လှုပ်ရှားမှုကို သိနေပြီး “ကြွတယ်” လို့ မှတ်ရပါမယ်။ ခြေလှမ်းချလိုက်ရင်၊ ချနေတာကို သိနေပြီး “ချတယ်” လို့ မှတ်ရပါတယ်။ တခြားခြေတစ်ဖက် ကြွလိုက်ချိန်မှာ ခြေထောက်ရဲ့ ကြွလိုက်တဲ့ ရွေ့လျားမှုကို သိနေပြီး၊ “ကြွတယ်” လို့မှတ်၊  ချလိုက်ချိန်မှာ ချလိုက်တဲ့ ရွေ့လျားမှုကို “ချတယ်” လို့မှတ်။ ဒီနည်းနဲ့၊ “ကြွတယ် – ချတယ်” “ကြွတယ် – ချတယ်” လို့ မှတ်သွားရပါမယ်။
           “ကြွတယ် – ချတယ်” ဆိုတာကို ကောင်းစွာရှုမှတ်လာနိုင်ပြီဆိုရင်၊ အရှုခံအာရုံကို တစ်ဆင့်တိုးပြီး၊ ကြွတဲ့ရွေ့လျားမှု၊လှမ်းတဲ့ရွေ့လျားမှု၊ချတဲ့ရွေ့လျားမှုဆိုပြီး၊သိနေရပါမယ်။ ခြေတစ်လှမ်းလှမ်းဖို့အတွက် ခြေထောက်ကို ကြွလိုက်ပြီး အရှေ့ကို တွန်းလိုက်ကာ ပြန်ချပါတယ်။ ဒါကြောင့်၊ ခြေတစ်လှမ်းမှာ၊ ကြွတဲ့အပိုင်း၊ လှမ်းတဲ့အပိုင်း၊ ချတဲ့အပိုင်းဆိုပြီး အပိုင်းသုံးပိုင်းကို သိမှတ်နေရပါမယ်။ ဒီနည်းနဲ့ “ကြွတယ် – လှမ်းတယ် – ချတယ်”၊ နောက်တစ်ဖက် လှမ်းရင်လည်း၊ “ကြွတယ် – လှမ်းတယ် – ချတယ်”။ စင်္ကြန်လျှောက် ရှုမှတ်နေချိန်မှာ ဟိုဟိုဒီဒီ ကြည့်တာမျိုးကို မပြုလုပ်ရပါဘူး။ ဟိုဒီမကြည့်ဘဲ ကိုယ့်ရှေ့တည့်တည့် ၆ပေအကွာလောက်ကိုသာ မျက်လွှာချပြီး ကြည့်နေရပါတယ်။ ဒါမှသာ၊ စိတ်ဟာ “ကြွတယ် – လှမ်းတယ် – ချတယ်””ကြွတယ်လှမ်းတယ်ချတယ်”လို့၊ခြေထောက်ရဲ့ရွေ့လျားမှုအပေါ်အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။
 ဖြေးညင်းစွာဘဲ လှမ်းရပါတယ်။ ခပ်မြန်မြန်လျှောက်နေရင်၊ ခြေထောက်ရဲ့ ရွေ့လျားမှုတစ်ခုစီကို သတိကပ်နိုင်မှာ မဟုတ်လို့၊ ဖြေးဖြေးလျှောက်ဖို့ လိုပါတယ်။
           လျှောက်လမ်း အဆုံးထိ ရောက်သွားရင်တော့၊ ပြန်လှည့်ရပါတယ်။ ပြန်လှည့်ခါနီးမှာ ခန္ဓာကိုယ်ကို လှည့်ဖို့ ကြံရွယ်စိတ်၊ လှည့်ချင်တဲ့စိတ်တွေ ဖြစ်နေပါတယ်။ ဒီအခါမှာ “လှည့်ချင်တယ် – လှည့်ချင်တယ်” လို့မှတ်ရပါတယ်။ ပြီးမှ ခန္ဓာကိုယ်ရဲ့ ဖြေးဖြေးချင်း လှည့်သွားတဲ့ရွေ့လျားမှုကို “လှည့်တယ် – လှည့်တယ်”လို့ မှတ်ရပါတယ်။ မိမိ လျှောက်လာ ခဲ့တဲ့ လမ်းကြောင်းအတိုင်း မျက်နှာမူမိပြီဆိုရင်၊ မရွေ့မလျား မတ်မတ်ရပ်နေပြီး၊ ရပ်နေတဲ့အနေအထားကိုဘဲ “ရပ်တယ် – ရပ်တယ်”လို့ ၁၀ကြိမ်လောက် မှတ်ရပါသေးတယ်။ အဲဒီနောက်မှာတော့ လာလမ်းအတိုင်း စင်္ကြန်ပြန်လျှောက်လာပြီး၊ “ကြွတယ် – လှမ်းတယ် – ချတယ်” လို့၊ ရှုမှတ်ရပါတယ်။
             ဒီနည်းအတိုင်း စင်္ကြန်လျှောက်ရှုမှတ်ခြင်းကို အနည်းဆုံး ၁နာရီလောက် ရှုမှတ်သင့်ပါတယ်။ ကျင့်သားမရသေးသူ များအတွက်တော့ ၁နာရီလောက် စင်္ကြန်လျှောက်ဖို့ဆိုတာ၊ သိပ်တော့မလွယ်ကူပါဘူး။ ဒါကြောင့် မိနစ် ၃၀ လောက် စင်္ကြန်လျှောက်ပြီး၊ “ကြွတယ် – လှမ်းတယ် – ချတယ်” လို့ မှတ်သင့်ပါတယ်။ လျှောက်လမ်းအဆုံး ရောက်သွားရင်၊ အရင်လိုဘဲ ပြန်လုပ်ရပါတယ်။ မတ်မတ်ရပ်၊ ခန္ဓာကိုယ်ရဲ့ တည့်မတ်နေတဲ့ အနေအထား၊ မတ်မတ်ရပ်နေတဲ့ အနေအထားကို သတိကပ်ပြီး၊ “ရပ်တယ်”လို့မှတ်။ “လှည့်ချင်တယ် – လှည့်ချင်တယ်”လို့ မှတ်ပြီး၊ တဖြေးဖြေး ခန္ဓာကိုယ် လှည့်သွားချိန်မှာ “လှည့်တယ် – လှည့်တယ်”လို့ မှတ်ပါ။ မမြန်ရပါဘူး။ ဒီနည်းအတိုင်း လမ်းကြောင်းတစ်ခုထဲကိုဘဲ အရှေ့ အနောက် အခါခါ လျှောက်ရပါမယ်။ ဒီလိုနဲ့ ခြေထောက်ရဲ့ ရွေ့လျားမှုအပေါ် စိတ်ဟာ တဖြေးဖြေး အာရုံစူးစိုက် လာနိုင်ပါလိမ့်မယ်။ ဒီလိုအာရုံစူးစိုက်မှုကို ပါဠိလို သမာဓိ လို့ ခေါ်ပါတယ်။ အင်တိုက်အားတိုက် မပြတ်မလပ် ရှုမှတ်ခြင်းအားဖြင့်၊ သမာဓိကို ရနိုင်ပါတယ်။ စင်္ကြန်လျှောက် ရှုမှတ်ခြင်းနဲ့၊ ထိုင်ပြီး ရှုမှတ်ခြင်းကို တစ်လှည့်စီ ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် စင်္ကြန်လျှောက် ရှုမှတ်ခြင်းကို၊ ထိုင်ပြီး ရှုမှတ်ခြင်းတိုင်းရဲ့ ကနဦးအဖြစ် ပြုလုပ်သင့်ပါတယ်။
            စင်္ကြန်လျှောက်ပြီးပြီဆိုရင်တော့၊ ထိုင်ပြီးရှုမှတ်မယ့်နေရာဆီ လျှောက်ရပါတော့မယ်။  စင်္ကြန်လျှောက်စဉ်က ရရှိထားတဲ့ သမာဓိကို၊ မပြတ်တောက် မရပ်တန့်စေဘဲ၊ ထိုင်ပြီးရှုမှတ်မယ့်နေရာဆီ လှမ်းလျှောက်သွားရပါမယ်။ ထိုင်မယ့်နေရာအထိ “ကြွတယ် – လှမ်းတယ် – ချတယ်” “ကြွတယ် – လှမ်းတယ် – ချတယ်” လို့၊ ရှုမှတ်သွားမှသာ၊ သမာဓိ မပျက်မှာပါ။ နေရာကိုရောက်ပြီဆိုရင် “ရပ်တယ် – ရပ်တယ်”လို့ မှတ်ရပါမယ်။ ခန္ဓာကိုယ်ရဲ့ မတ်မတ်အနေအထားကို အာရုံစိုက်ထားရပါမယ်။ ဒီနောက်တော့ တရားရှုမှတ်ဖို့အတွက် ထိုင်ပါတော့မယ်။ ထိုင်ဖို့စိတ်ကူးနေစဉ်မှာ၊ စိတ်ကူးတာကို သိနေပြီး “ထိုင်ဖို့စိတ်ကူးတယ် – စိတ်ကူးတယ်”လို့ ရှုမှတ်ပါ။ နေရာမှာ ဖြေးညင်းစွာထိုင်လိုက်ပါ။ ထိုင်လိုက်တဲ့ လှုပ်ရှားမှုတစ်ခုလုံးကို သိနေပြီး “ထိုင်တယ် – ထိုင်တယ်”လို့ မှတ်ရပါတယ်။ ခန္ဓာကိုယ်က နေရာနဲ့ ထိသွားချိန်မှာ “ထိတယ် ထိတယ်”၊ ခြေ လက် အနေအထားတွေ ပြုပြင်နေချိန်မှာလည်း၊ လှုပ်ရှားမှုအားလုံးကို သူ့အတိုင်း သိမှတ်နေရပါမယ်။
           ခြေထောက်ကို တင်ပလ္လင်ခွေဖြစ်ဖြစ် အခြားသက်တောင့်သက်သာ အနေအထားဖြစ်ဖြစ် ထိုင်ရပါတယ်။ ကျောရိုးကို တည့်တည့်မတ်မတ်ထားရပါတယ်။ ဒါပေမယ့် ဆန့်ထုတ်မထားရပါဘူး။ တည့်မတ်နေဖို့တော့လိုပါတယ်။ လည်ပင်းနဲ့ ဦးခေါင်းကို တည့်တည့်ထားရပါမယ်။ အဲဒီနောက် မျက်လုံးတွေကိုမှိတ်ပြီး၊ အဓိက အရှုခံအာရုံဖြစ်တဲ့ ၀မ်းဗိုက် ဖောင်းလိုက် ပိန်လိုက် လှုပ်ရှားမှုအပေါ်၊ စိတ်ကိုအာရုံစိုက်ထားရပါမယ်။ စိတ်ကို စူးစိုက်ထားပါ။ ၀မ်းဗိုက်ဖောင်းလာရင်၊ ဖောင်းလာတဲ့လှုပ်ရှားမှုကို သိနေပြီး “ဖောင်းတယ်” ။ ပိန်သွားရင် “ပိန်တယ်” ။ ဒီလိုနဲ့ “ဖောင်းတယ် – ပိန်တယ်” “ဖောင်းတယ် – ပိန်တယ်” လို့ မှတ်ရပါတယ်။
            စင်္ကြန်လျှောက်ရှုမှတ်ခြင်းနဲ့ ထိုင်ပြီးရှုမှတ်ခြင်းကို တစ်လှည့်စီ လုပ်ရပါမယ်။ ထိုင်ပြီးရှုမှတ်ရာကနေ စင်္ကြန် လျှောက်တော့မယ်ဆိုရင် ထိုင်ရာကနေ ထရပ်လိုက်ချိန်မှာ ခြေ လက် ခန္ဓာတို့ရဲ့ လှုပ်ရှားမှုအားလုံးကို၊ ဖြစ်ပေါ်လာတဲ့ အတိုင်း၊ သိမှတ်နေရပါမယ်။ စင်္ကြန်လျှောက်မယ့်နေရာကို သွားနေချိန်မှာ၊ ဘယ်ခြေ ညာခြေတို့ရဲ့လှုပ်ရှားမှုကို သိနေပြီး “ဘယ်လှမ်းတယ် – ညာလှမ်းတယ်” “ဘယ်လှမ်းတယ်-ညာလှမ်းတယ်” လို့မှတ်ရပါတယ်။ လျှောက်မယ့်နေရာကို ရောက်ရင်၊ မရွေ့ဘဲရပ်နေပြီး၊ ရပ်တဲ့အနေအထားကိုသိနေကာ “ရပ်တယ်” “ရပ်တယ်”။ ဒီလိုနည်းနဲ့ မိမိ ခန္ဓာနဲ့ စိတ်မှာ၊ ဘာဘဲပေါ်လာပေါ်လာ၊ ပေါ်လာတဲ့အတိုင်း မှတ်နေရပါမယ်။ ဒါဟာ ၀ိပဿနာ ဘာဝနာ ဖြစ်ပါတယ်။ ခန္ဓာအစဉ်နဲ့ စိတ်အနေအထားတို့ကို ဖြစ်ပေါ်လာတဲ့အတိုင်း အမှန်အတိုင်းသိနေအောင် ၀ိပဿနာကို ရှုမှတ်ကြခြင်းဖြစ်ပါတယ်။
            ဒါကြောင့် ၀ိပဿနာ ဘာဝနာ အားထုတ်နည်းကို မှန်ကန်စွာ နားလည်သဘောပေါက်ကြပြီး၊ မိမိတို့ ရည်မှန်းချက် ပေါက်မြောက်သည်အထိ အစွမ်းကုန် ကြိုးစားအားထုတ်နိုင်ကြပါစေ။
( www.chanmyay.org ရှိ basic instructions ကို၊ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ )
Credits : http://pa-ohlay.blogspot.sg/2012/02/blog-post_7948.html
ကမ္မဋ္ဌာန်းပိုင်း (၁)
ကမ္မဋ္ဌာန်း
ကမ္မဋ္ဌာန်းဆိုသည်မှာ စိတ်ဓာတ်ကို သမာဓိဖြစ်အောင် လေ့ကျင့်ခြင်း၊ သမာဓိဖြစ်ပြီး ပညာဖြစ်အောင် ပွားများခြင်းကို ခေါ်၏။
အာရုံကို ကမ္မဋ္ဌာန်းဟု ခေါ်သည်လည်း ရှိ၏။ အလေ့အကျင့်ကို ကမ္မဋ္ဌာန်းဟု ခေါ်သည်လည်း ရှိ၏။
ကမ္မဋ္ဌာန်း ၂-မျိုး
ဗုဒ္ဓဘာသာမှာ သင်ကြားသော ကမ္မဋ္ဌာန်း ၂-မျိုး ရှိ၏။
(၁) သမထကမ္မဋ္ဌာန်းနှင့် (၂) ဝိပဿနာကမ္မဋ္ဌာန်းတို့ ဖြစ်သည်။
သမထကမ္မဋ္ဌာန်း = နီဝရဏတရားများကို ငြိမ်းစေတတ်သော ကမ္မဋ္ဌာန်း ဖြစ်၏။ သမထကမ္မဋ္ဌာန်းကို လေ့လာ ပွားများ အားထုတ်က ဈာန်၊ အဘိညာဏ်တို့ကို ရနိုင်၏။
ဝိပဿနာကမ္မဋ္ဌာန်း = တေဘူမကသင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးပါးဖြင့် အဖန်ဖန် ရှုဆင်ခြင်ခြင်း။
တေဘူမကသင်္ခါရ = ဘုံသုံးပါး၌ဖြစ်သော သင်္ခါရတရားများ (လောကီ ရုပ်, နာမ်)
လက္ခဏာယာဉ်သုံးပါး = အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ဝိ = အမျိုးမျိုး (လက္ခဏာယာဉ် သုံးပါး)
ပဿနာ = ရှုမြင်ခြင်း
ဝိပဿနာ = အမျိုးမျိုးသိအောင် အားထုတ်ခြင်း။
ဝိပဿနာ ရှုမှတ် ပွားများ အားထုတ်ပြီး အောင်မြင်ကာ အဆုံးသို့ရောက်လျှင် တရားထူး မဂ်ဖိုလ် ရ၏။
သမထကမ္မဋ္ဌာန်းနှင့် ဝိပဿနာကမ္မဋ္ဌာန်း ၂-မျိုးရှိရာတွင် သုတ္တန်များ၌ သမထကနေ ဝိပဿနာသို့ သွားသည်ကို ဟောကြားခြင်း များ၏။
ဝိပဿနာသက်သက် ဟောကြားခြင်း နည်းပါး၏။
မဂ်ဖိုလ်ရအောင် အားထုတ်ရာ၌ သမထယာနိကနည်းနှင့် ဝိပဿနာယာနိကနည်းဟူ၍ ၂-မျိုး ရှိ၏။
သမထယာနိကနည်း
ရှေးဦးစွာ သမထအားထုတ်ပြီး ဈာန်ရကာ၊ ဈာန်ဝင်စား၊ ဈာန်ဝင်စားရာကနေ ဈာန်မှ ထပြီး ထိုဈာန်ကိုပင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုခြင်း (သို့မဟုတ်) တခြား တေဘူမကသင်္ခါရကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုပြီး မဂ်ဖိုလ်ရအောင် အားထုတ်သောနည်း ဖြစ်၏။
ဝိပဿနာယာနိကနည်း
ဈာန်ရအောင် အားမထုတ်တော့ဘဲ ဝိပဿနာကိုပင် စ,စချင်း ရှုမှတ် ပွားများ အားထုတ်ကာ ဝိပဿနာသမာဓိ (ခဏိကသမာဓိ) ရပြီး၊ ဝိပဿနာညာဏ် အဆင့်ဆင့် တက်၍ မဂ်ဖိုလ်ရအောင် အားထုတ်သောနည်း ဖြစ်၏။
+++++
သမထကမ္မဋ္ဌာန်း
သမထကမ္မဋ္ဌာန်း၌ –
(၁) ကသိုဏ်း ၁၀-ပါး
(၂) အသုဘ ၁၀-ပါး
(၃) အနုဿတိ ၁၀-ပါး
(၄) အပ္ပမညာ ၄-ပါး
(၅) သညာ ၁-ပါး
(၆) ဝဝတ္ထာန် ၁-ပါး
(၇) အာရုပ္ပ ၄-ပါး ဟူ၍ ၇-မျိုးဖြင့် ဝေဖန် ပိုင်းခြား သိအပ်၏။
+++
ကသိုဏ်း ၁၀-ပါး
(၁) ပထဝီ = မြေကသိုဏ်း
(၂) အာပေါ = ရေကသိုဏ်း
(၃) တေဇော = မီးကသိုဏ်း
(၄) ဝါယော = လေကသိုဏ်း
(၅) နီလ = အညိုရောင်ကသိုဏ်း
(၆) ပီတ = အရွှေရောင်ကသိုဏ်း
(၇) လောဟိတ = အနီရောင်ကသိုဏ်း
(၈) သြဒါတ = အဖြူရောင်ကသိုဏ်း
(၉) အာကာသ = အပေါက်ဟင်းလင်းကသိုဏ်း
(၁၀) အာလောက = အရောင်အလင်းကသိုဏ်း
မှတ်ချက်။ လုံးစုံမကြွင်း ပျံ့နှံ့ခြင်းကို ကသိုဏ်းဟု ခေါ်သည်။
+++
အသုဘ ၁၀-ပါး
(၁) ဥဒ္ဓုမာတက = ဖူးဖူးရောင်သော သူကောင်အသုဘ
(၂) ဝိနီလက = ညိုညိုမည်းမည်း အဆင်းရှိသော သူကောင်အသုဘ
(၃) ဝိပုဗ္ဗက = ယိုစီးသောပြည်ရှိသော သူကောင်အသုဘ
(၄) ဝိစ္ဆိဒ္ဒက = ဓားလက်နက်စသည်ဖြင့် အလယ်၌ နှစ်ပိုင်းဖြတ်အပ်သော သူကောင်အသုဘ
(၅) ဝိက္ခာယိတက = ခွေးစသည်တို့ ကိုက်ခဲ၍ ထားအပ်သော သူကောင်အသုဘ
(၆) ဝိက္ခိတ္တက = ခွေး ကျီး လင်းတ စသည်တို့ ကိုက်ချီ စားသောက်၍ ပစ်လွှင့်ထားအပ်သော သူကောင်အသုဘ
(၇) ဟတဝိက္ခိတ္တက = ရန်သူသည် ဓားသန်လျက်ဖြင့် ကိုယ်တခြား ခေါင်းတခြား ခြေတခြား လက်တခြား ဖြတ်တောက်လျက် အထူးထူးသော အရပ်၌ ဖရိုဖရဲ ပစ်ထားအပ်သော သူကောင်အသုဘ
(၈) လောဟိတက = ယိုစီးသောသွေးရှိသော သူကောင်အသုဘ
(၉) ပုဠုဝက = ပိုးလောက်တို့ဖြင့်ပြည့်သော သူကောင်အသုဘ
(၁၀) အဋ္ဌိက = အရိုးစုမျှသာဖြစ်သော သူကောင်အသုဘ
+++
အနုဿတိ ၁၀-ပါး
(၁) ဗုဒ္ဓါနုဿတိ = မြတ်စွာဘုရား၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၂) ဓမ္မာနုဿတိ = တရားတော်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၃) သံဃာနုဿတိ = သံဃာတော်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၄) သီလာနုဿတိ = မိမိ၏ သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၅) စာဂါနုဿတိ = မိမိ၏ စွန့်ကြဲခြင်း ဒါနဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၆) ဒေဝတာနုဿတိ = နတ်တို့ကို သက်သေအရာ၌ ထား၍ နတ်တို့၏ သဒ္ဓါစသော ဂုဏ်နှင့်တူသော မိမိ၏သဒ္ဓါစသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၇) ဥပသမာနုဿတိ = နိဗ္ဗာန်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၈) မရဏာနုဿတိ = သေခြင်းတရားကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၉) ကာယဂတာဿတိ = ဆံအစရှိသော ၃၂-ပါးသော ကောဋ္ဌာသကို ရွတ်ဆို နှလုံးသွင်းခြင်း။
(၁၀) အာနာပါနဿတိ = ထွက်သက်ဝင်သက်ကို အာရုံပြု၍ အောက်မေ့ခြင်း သတိ။
+++
အပ္ပမညာ ၄-ပါး
(၁) မေတ္တာ = အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ ချစ်ခြင်းမေတ္တာ။
(၂) ကရုဏာ = အတိုင်းမသိသော ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်း ကရုဏာ။
(၃) မုဒိတာ = အတိုင်းမသိသော သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း မုဒိတာ။
(၄) ဥပေက္ခာ = အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ လျစ်လျူရှုခြင်း ဥပေက္ခာ။
အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါ ပညတ်ကို အာရုံပြု၍ ဖြစ်တတ်သောကြောင့် အပ္ပမညာ မည်၏။
ဤလေးပါးကို ကျင့်သုံးသောသူသည် မြတ်သောနေခြင်း ဖြစ်သောကြောင့် ဗြဟ္မဝိဟာရတရား ၄-ပါးဟုလည်း ခေါ်သည်။
၅၂၈-သွယ် မေတ္တာ
သဗ္ဗေသတ္တာ၊
သဗ္ဗေပါဏာ၊
သဗ္ဗေဘူတာ၊
သဗ္ဗေပုဂ္ဂလာ၊
သဗ္ဗေအတ္တဘာဝပရိယာပန္နာ – ဤ ၅-ခုကား မည်သူမည်ဝါ ယောက်ျား မိန်းမ စသည်ဖြင့် ရည်မှတ် ပိုင်းခြားခြင်း မရှိသောကြောင့် “အနောဒိသပုဂ္ဂိုလ်” မည်၏။
သဗ္ဗာဣတ္ထိယော၊
သဗ္ဗေပုရိသာ၊
သဗ္ဗေအရိယာ၊
သဗ္ဗေအနရိယာ၊
သဗ္ဗေဒေဝါ၊
သဗ္ဗေမနုဿာ၊
သဗ္ဗေဝိနိပါတိကာ – ဤ ၇-ခုကား မိန်းမ ယောက်ျား စသည်ဖြင့် ရည်မှတ် ပိုင်းခြားခြင်း ရှိသောကြောင့် “သြဒိသပုဂ္ဂိုလ်” မည်၏။
၎င်း သြဒိသ အနောဒိသ ၂-ပါးကို ပေါင်းသော် ၁၂-ပါး ဖြစ်၏။
၎င်း ၁၂-ပါးကို တည်၍ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု ဟူသော အခြင်းအရာ ၄-ပါးနှင့် မြှောက်သော် ၄၈-ပါး ဖြစ်၏။
ဤ ၄၈-ပါးကား အရပ်မျက်နှာနှင့် မစပ်ဘဲ ပို့သော မေတ္တာတည်း။
အရပ် ၁၀-မျက်နှာနှင့် စပ်၍ ပို့ရာ၌ တစ်မျက်နှာ တစ်မျက်နှာတွင် ၄၈-ပါးစီ ရသောကြောင့် အရပ် ၁၀-မျက်နှာ၌ ၄၈၀ ဖြစ်၏။
ထို ၄၈၀ ကို အရပ်မျက်နှာနှင့် မစပ်သော ၄၈ နှင့် ပေါင်းသော် ၅၂၈ ဖြစ်၏။
+++
ဧကသညာ
မျိုအပ် စားအပ်သော အစာအာဟာရ၌ စက်ဆုတ် ရွံရှာဖွယ်သော အဖြစ်ကို အောက်မေ့ ဆင်ခြင်သော အမှတ်သညာသည် “အာဟာရေပဋိကူလသညာ” မည်၏။
+++
ဧကဝဝတ္ထာန
မိမိကိုယ်၌ တည်ရှိကုန်သော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော ဓာတ် ၄-ပါးကို မှတ်သောအားဖြင့် ပိုင်းခြား ရှုဆင်ခြင်၍ ဆုံးဖြတ်ခြင်းသည် “စတုဓာတုဝဝတ္ထာန” မည်၏။
+++
အာရုပ္ပ ၄-ပါး
ရုပ်၏ ဆန့်ကျင်ဘက်ဖြစ်သော ကောင်းကင်ပညတ်စသော လေးပါးသော အာရုံ၌ဖြစ်သော အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါးသည် အာရုပ္ပ ၄-ပါး မည်၏။
+++++
ကမ္မဋ္ဌာန်းလေးဆယ်ကို စရိုက် ၆-ပါးနှင့် တွဲစပ်ပုံ
အဖြစ်များခြင်းကြောင့်လည်းကောင်း၊ မပြတ်ဖြစ်ခြင်းကြောင့်လည်းကောင်း စရိုက် မည်၏။
စရိုက်တို့သည် ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ သဒ္ဓါစရိုက်၊ ဗုဒ္ဓိစရိုက်၊ ဝိတက်စရိုက် ဟူ၍ ၆-ပါး အပြားရှိ၏။
စရိုက် သင့်လျော်သော ကမ္မဋ္ဌာန်း ပေါင်း
ရာဂ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ ၁၁
ဒေါသ အပ္ပမညာ ၄-ပါး၊ နီလ, ပီတ, လောဟိတ, သြဒါတကသိုဏ်း
မောဟ၊ ဝိတက် အာနာပါနဿတိ
သဒ္ဓါ ဗုဒ္ဓါ၊ ဓမ္မာ၊ သံဃာ၊ သီလာ၊ စာဂါ၊ ဒေဝတာနုဿတိ
ဗုဒ္ဓိ မရဏာနုဿတိ၊ ဥပသမာနုဿတိ၊ အာဟာရေပဋိကူလသညာ၊ စတုဓာတုဝဝတ္ထာန်
စရိုက် ၆-ပါး ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ၊ အာလောကကသိုဏ်း၊ အာရုပ္ပ ၄-ပါး ၁၀
ရာဂစရိုက်များသောသူသည် အသုဘ ၁၀-ပါး၊ ကာယဂတာသတိကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများအပ်၏ စသည် ယူပါ။
Ref: http://lokachantha.mahasiusa.org/?p=1187
အာနာပါန သတိပဌာန် ရှုမှတ်နည်း အကျဉ်း
အာနာပါနဿတိသည် ကာယာနုပဿနာသတိပဌာန်တစ်မျိုးဖြစ်ပါသည်။ အာနာပါနသည် ထွက်လေ၀င်လေဆိုသည့် ၀ါယောဓါတ် ခေါင်းဆောင်သည် ဓါတ်တရားတွေ စုပေါင်းထားသော ကာယကို အစိတ်စိတ်အမွှာမွှာ ကွဲသွားအောင် အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါသည်။
ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၍ သတိကို နှာခေါင်းရှည်သောပုဂ္ဂိုလ်ဆိုလျှင် နှာသီးဝ၊ နှာခေါင်းတိုလျှင် အထက်နုတ်ခမ်း မှာထားပါ။ ထွက်လေ၀င်လေကို သတိနဲ့ ၀င်၊ ထွက်စေရမည်။
က) မှတ်နည်းမှာ
၁) ထွက်လေ၀င်လေတစ်စုံကို ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု မှတ်တဲ့နည်း။
၂) အနုပတ္တာနည်း- နေရာတစ်ခုခုမှာပဲ သတိကိုထားပါ။ ထွက်လေ၀င်လေကို စ၊လယ်၊ဆုံးသိအောင်လုပ်တဲ့နည်း။
၃) ဌာပနာနည်း- ထိတဲ့နေရာမှာ ထိထိနေတာသိအောင်လုပ်တဲ့နည်း။
ခ) ကြာတာ၊ မြန်တာသိအောင်လုပ်ပါ။ တိုတိုလား၊ ရှည်ရှည်လား သိအောင် လုပ်ရမည်။
ဂ) ပြင်းထန်သလား၊ နူးညံ့သလား သိအောင်လုပရမည်။ ထွက်လေ ၀င်လေသည် စိတ္တဇ၀ါယောဖြစ်လို့ စိတ်ပေါ်မူတည်သည်။ စိတ်တွေ ကြမ်းလျှင် ထွက်လေ၀င်လေက ကြမ်းသည်။ နီဝရဏ တရား ၅ ပါး မကင်းလျှင် ပျံ့လွင့်တဲ့စိတ်ကပူလောင်တဲ့သဘောရှိပါသည်။ ၄င်းကြောင့် ဖြစ်တဲ့စိတ်က ကြမ်းပါသည်။ နီဝရဏဆိုသည်မှာ-
၁) တစ်စုံတစ်ခုကိုလိုချင်တဲ့စိတ်
၂) အလိုမကျတဲ့စိတ်
၃) ငိုက်မျဉ်းတာ
၎) ပျံ့လွင့်တာ၊ ပူပန်တဲ့စိတ်
၅) မဆုံးဖြတ်နိုင်တဲ့စိတ်
ဃ)နီဝရဏ ကင်း၍ စိတ်တွေသိမ်မွေ့သွားတဲ့အခါ ၀င်လေထွက်လေသည် နူးညံ့လာပါသည်။ သိပ်ပြီး သိမ်မွေ့လာရင် ထွက်လေ၀င်လေ ရှိမှရှိသေးလားလို့ ထင်ရတတ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များမှသာ ထွက်လေ၀င်လေ ချုပ်ပါသည်-
၁) အမိဝမ်းထဲက ကလေး
၂) သေသွားတဲ့ပုဂ္ဂိုလ်
၃) သေခါနီးမိန်းမျောနေတဲ့သူ
၎) စတုထ္တဈာန်ဝင်စားနေသူ
၅) နိရောဓသမာပတ်ဝင်စားသူ
၆) ဗြဟ္မပြည်ရောက်နေပုဂ္ဂိုလ်(ဗြဟ္မာ)
င) ၀ီရိယစိုက်ပြီးရှုလျှင် သိမ်မွေ့နေသော ၀င်လေထွက်လေကို တွေ့လာလိမ့်မည်။ စိတ်တွေကြည်လာတတ်သည်။ အဖြူရောင် ညစ်ထေးထေး နမိတ် စပေါ်လာမည်။ ပေါ်လာကစတွင် ၀င်လေထွက်လေက သတ်သတ် နမိတ်က သတ်သတ် ဖြစ်နေတတ်သည်။ ယင်းသို့ နမိတ်ပေါ်လာလျှင် စိတ်ကပေါ်လာသော နိမိတ်ပေါ်ရောက်သွားတတ်သည်။ နမိတ်ကိုဆက်ရှုရမည်။ နမိတ် ပျောက်သွားလျှင် ဘာဝနာစိတ်ကို ၀င်လေထွက်ပေါ်ပြန်တင်ရမည်။ ဘာဝနာစိတ်အားကောင်းလျှင် နမိတ်နှင့် ၀င်လေထွက်လေတို့ တစ်ထပ်တည်း ကျလာလိမ့်မည်။ ယင်းနောက်မှာ နှာခေါင်းထဲက လှုပ်ရှားနေသော မီးခိုးတန်းလို၊ ဖြူဖြူဖွေးဖွေး ၀ါဂွမ်းဆိုင်လိုအစတွင် ဖြစ်မည်။ ဘာဝနာစိတ် ခိုင်ခံ့လာသောအခါ ဖြူဖွေး ကြည်လင်တောက်ပသော မီးချောင်းလို ကြည်လို နက္ခတ်လို ပုလဲလုံး ရွဲလုံးလို ပေါ်လာ တတ်သည်။ ဈာန်လမ်းသွားချင်လျှင် ပေါ်လာသော နမိတ်ကို မလွတ်တန်းရှုဖို့လိုပါသည်။ လှုပ်နေတဲ့နမိတ်က ငြိမ်သွားသည် အထိ အာရုံပြုပွါများလျှင် ဈာန်စခန်းသို့ ရောက်ပြီ။ ၄င်းဈာန်ကလည်း နီဝါရဏ ၅ ပါးကို လောင်ကျွှမ်း သွားစေပါသည်။ နမိတ် ၃ မျိုးမှာ-
၁) မူလ ၀င်လေထွက်လေက ပရိကမ္မနမိတ်
၂) မီးခိုးတန်းလို ၀ါဂွမ်းဆိုင်လို အစရှိတဲ့ လှုပ်ရှားပြီးနေတဲ့နမိတ်က ဥဂ္ဂဟနမိတ်
၃) ကြည်လင်တောက်ပပြီး ငြိမ်၍ပေါ်လာတာက ပဋိဘာဂနမိတ်
ဈာန်မှာ အင်္ဂါ ၅ ပါး ရှိသည်။
၁) စိတ်ကို နမိတ်ပေါ် မရောက်ရောက်အောင် တင်ပေးရတဲ့ ၀ိတက်
၂) ထိုနမိတ်ကို အဆက်မပြတ် ဆင်ခြင်နေတဲ့ သုံးသပ်နေတဲ့ ၀ိစာရ
၃) ၀ိစာရနှင့် နမိတ်ကို ဆင်ခြင်ပါများတော့ ပွတ်ပါများရင် အရောင်တလက်လက်ထွက်လာသော ရွှေပုထိမ်သည်ရဲ့ လက်ဝတ်ရတနာများလို လှုပ်ရှားနေတဲ့ နမိတ်က ငြိမ်ပြီး ကြည်လင်လာသည်။ ထိုနမိတ်ကို နှစ်သက်တဲ့ သိမ့်ကနဲ ငြိမ့်ကနဲ ခံစားတတ်တဲ့ ပီတိ
၎) အေးချမ်းတဲ့သဘော ပဿဒ္ဒိ၊ စိတ်တွေလဲ အေးချမ်လို့ ခန္ဓာကိုယ်လဲ အေးချမ်းလာသည်။ ငြောင်းညာကိုက်ခဲခြင်းမရှိ။ ခန္ဓာကိုယ်ကြီးကို
အောက်က မြောက်ပင့်လိုက်သလို ပေါ့နေသလို ခံစားရသည့် လဟုတာ။ အောက်မှာထိနေတယ်လို့ မထင်ရ။ နတ်စည်းစိမ်တမျှဟု ဆိုပါသည်။
၅) နောက်ဆုံး စိတ်က တည်ငြိမ်သွားတဲ့ ဧကဂ္ဂတာ။ သမာဓိရသွားပါပြီ။ ပထမဈာန်ဟု ခေါ်သည်။ စိတ်က နီဝရဏလွတ်လို တက်ကြွလန်းဆန်း အေးချမ်းနေပါတယ်။
ဤနေရာတွင် ၀ိပဿနာမရှုလိုသေးပါက ၀ိတက် ၀ိစာရကိုပယ်လျှင် ဒုတိယဈာန်၊ ပီတိကိုပယ်လျှင် တတိယဈာန်၊ သုခကိုပယ်လျှင် စတုထ္ထဈာန်အထိ တက်သွားနိုင်သည်။ ဈာန်စခန်းသွားရင် ဉာဏ်မလိုသေးပါ။ ရှုရုံပဲရှုနေရင်း တက်သွား ပါသည်။ ပထမဈာန်ရပြီး ၀င်လေထွက်လေဆိုသော တွန်းကန်လှုပ်ရှား တတ်သည့် ၀ါယောဓါတ်ဖြစ်သည့် ရူပ်ကိုရှုရင် ကယာနုပဿနာ။ ပီတိ၊ သုခ ဆိုသည့် စေတသိတ်များကိုရှုရင် ဝေဒနာနုပဿနာ။ ကြည်လင်နေသည်ကို သိနေသော စိတ်ကိုရှုရင် စိတ္တာနုပဿနာ။ ထိုစိတ် စေတသိတ်နှင့် ရုပ်များ မမြဲဘူးဆိုသည့် အနိစ္စသဘော၊ ကုန်ပျောက်တတ်သည်ဆိုသည့် ၀ိရာဂသဘော (တက်မက်စရာမရှိ)၊ ချုပ်ပျောက်ပျက်စီးတတ်သည်ဆိုသည့် နိရောဓ (ခိုင်မြဲသည်ဟု မယူဆ)၊ စွန့်ပစ်ရမည် ဆိုသည့် ပဋိနိသေကသဘော၊ အချက် ၄ ချက် ပါသော ဓမ္မာနုပဿနာ။ ယင်းသို့ သုံးသပ်သောဉာဏ်က သမ္မသနဉာဏ်ရဲ့ အစဖြစ်ပါသည်။ ထွက်လေ၀င်လေက ရုပ်၊ ပီတိပဿဒ္ဒိ ခံစားမှု ဝေဒနာသည် စေတသိတ်၊ ချမ်းသာမှုကို သိနေသည့် စိတ်သည် ၀ိဉာဏ်၊ ယင်းစိတ်စေတသိတ်ရုပ်များကို ပိုင်းပိုင်းခြားခြား သိလာခဲ့သောဉာဏ်ကို နာမရူပပဋိစ္ဆေဒဉာဏ်။ သက္ကာယဒိဌိ ကင်းသွားပါပြီ။ ထိုနာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံဆိုသော ဝေးသောအကြောင်းကြောင့် ဖြစ်ရပါသည်။ ထွက်လေ၀င်လေ တည်းဟူသော ၀ါယောရုပ်၏ အနီးဆုံးအကြောင်းမှာ စိတ်ဖြစ်ပါသည်။ အကြောင်းနှင့် အကျိုးကို သိမ်းဆည်းတတ်သည့်ဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါသည်။
ဤသို့အကြောင်းအကျိုးကြောင့် ဖြစ်နေသော ရုပ်နာမ်နှစ်ပါး၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဓမ္မာနုပဿနာသတိပဌာန်နှင့် ၀ိပဿနာရှုလျှင် သမ္မသနဉာဏ် ဖြစ်ပြီ။ ၄င်းရုပ်နာမ်များ၏ ဖြစ်လာတာပျက်လာတာကိုမြင်သော ဉာဏ်က ဥဒယဗ္ဗယဉာဏ် ဖြစ်သည်။ ဖြစ်လာတာတွေ့လျှင် ဥစ္ဆေဒဒိဌိပြုတ်ပြီး ပျက်တာတွေ့လာသော် မြဲသည်ဆိုသော သဿတဒိဌိ ပြုတ်ပါသည်။ ဖြစ်ခြင်းနှင့် ပျက်ခြင်းတွင် ပျက်ခြင်းက ကြောက်စရာကောင်းသည့် သဘောဆောင်လို့ ဉာဏ်က ပျက်သည့်ဘက်ကိုပဲ ဒလစပ်ရှု သွားပါသည်။ အပျက်ကို သုံးသပ်ခြင်းက ဘင်္ဂဉာဏ် ဖြစ် ပါသည်။ ၀ါယောရုပ်ကိုပဲ ဖြစ်ဖြစ်၊ ဝေဒနာတစ်လုံးကိုဖြစ်ဖြစ်၊ ကြည်လင်နေသော စိတ်ကလေး တစ်လုံးကိုဖြစ်ဖြစ် ပျောက်ပျက်သွားနေသည်ကို မြင်သောအခါ ကြောက်စရာ ဆိုသည့် သံဝေဂဉာဏ် ဘယဉာဏ် ပေါ်လာပါသည်။ ထိုပျောက်ပျက်နေသော ခန္ဓာက အားကိုးစရာမဟုတ်ဟု သိသောဉာဏ်ဖြစ်သည့် အာဒီန၀ဉာဏ် ဖြစ်လာစေပါသည်။ ယင်းနောက်တွင် ငြီးငွေ့သော နိဗ္ဗိဒါဉာဏ် ပေါ်ပါသည်။ ထိုသို့ မလိုချင်ပဲ ရှုမှတ်နေရတာကို လွတ်ချင်သော မုဉ္စိတုကမျတာဉာဏ် ပေါ်လာပါသည်။ သို့သော် ရေနစ်မှာကြောက်၍ ခွေးသေကောင် ပုပ်ကို အတင်းဖက်တွယ်ထားသူကဲသို့ မလွှတ်ပဲ ဤသင်္ခတကိုပင် အနစ္စ၊ ဒုက္ခ၊ အနတ္တဟု ဘာဝနာစိတ်ဖြင့် ဖိပြီးရှုမှတ်နေသော ပဋိသင်္ခါဉာဏ် ဆက်ဖြစ် လာပါသည်။ ယင်းအခိုက်တွင် သင်္ခတတရားကို သုခ၊ ဒုက္ခသောမနဿမပါသော ဥပက္ခာဝေဒနာ ဖြစ်နေပါပြီ။ ၄င်းဉာဏ်ကို သင်္ခါရုပက္ခာဉာဏ် ဟု ခေါ်ပါသည်။ ထို့နောက်မှာ မဂ်ဖြစ်ပေါ်ရန် ကျေးဇူးပြုသည့် အနုလောမဉာဏ် ဖြစ်ပေါ်လာပါပြီ။ ဆက်လက်၍ အထူးကြောင့်ကြမစိုက်ရပဲ ဂေါတြဘုဉာဏ် ပေါ်လာပါသည်။ ထိုဉာဏ်က သင်္ခတ အာရုံကို မယူတော့ပဲ အသင်္ခတကို မျော်ကြည့်သည့်ဉာဏ်ဖြစ်ပါသည်။ ယင်းနောက်တွင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အစဉ်အတိုင်း ပေါ်လာပါတော့သည်။ ထိုနောက် ချုပ်ပျာက်ခဲ့ပုံ ပယ်ပြီးကိလေသများကို ပြန်ဆင်ခြင်သည့် ပစ္စ၀က္ခဏာဉာဏ် ပေါ်လာပါသည်။ အာနာပါနသတိပဌာန်သည် သတိပဌာန်လေးပါး ပြည့်စုံသည့်အတွက် ဗောဇ္ဈင် ရ ပါး ဖြစ်ပါသည်။
(ဆရာတော် အရှင်ဉာဏိသရ ဟောကြားသော အာနပါနသတိပဌာန်တရားထဲမှ ကောက်နုတ်ဖော်ပြပါသည်။)
ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ။
ပြေဇော်
http://pyayzaw.phpnet.us/?cat=33
သမထနှင့် ၀ိပဿနာ (၂)
ဓမ္မဖိုရမ်တွင် ဓမ္မမိတ်ဆွေတို့နှင့် သမထ၊ ၀ိပဿနာ အကြောင်း ဆွေးနွေးရာမှ ဖတ်ရှုလေ့လာမိသမျှကို မျှဝေပါဦးမည်။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်စာအုပ်တွင် သမထဆိုသည်မှာ တစ်ခုတည်းသော အာရုံကို စွဲမြဲစွာ ယူထားသည့် စိတ်အလုပ်ဟု ဖော်ပြထားပါသည်။ ၀ိပဿနာဟူသည်မှာ ဘုံသုံးပါးတို့တွင် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကို ရှုမှတ် ဆင်ခြင်သည့် ဉာဏ်အလုပ်ဟု သိရှိထားပါသည်။
နှစ်မျိုးစလုံး တူညီနေသည်မှာ ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိတ္တ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ၀ိစိကိစ္ဆာစသော နီဝရဏတရားများ ဖယ်ရှားရန်လိုအပ်ခြင်းမှာ  တူနေပါသည်။ သမထတွင် ပရိကမ္မနမိတ်၊ ဥဂ္ဂဟနမိတ်၊ ပဋိဘာဂနမိတ်  ၃ မျိုး ရှိတဲ့အနက် ပဋိဘာဂနမိတ်ကို ရသည့်အခါ ဥပစာရသမာဓိဟု ခေါ်ဆိုပါသည်။ ပဋိဘာဂနမိတ်ဆိုသည်မှာ မူလယူထားသော ကသိုင်းနမိတ် မဟုတ်တော့ပဲ ကသိုင်းနမိတ်နှင့် ပုံစံတူ အာရုံအတု၊ အာရုံအနုဟု ဆိုပါသည်။ စရှုစဉ်က ကသိုင်းဝန်းနမိတ်ကို ပကတိမျက်စိနဲ့ စိုက်ကြည့်ရပါသည်။ ပဋိဘာဂနမိတ်ရသည့်အခါ မျက်စိဖွင့်ထားထား၊ ပိတ်ထားထား မည်သည့်နေရာကြည့်ကြည့် ကသိုင်းနမိတ်သာ ထင်နေပါသည်။ နီဝရဏတရားတွေ မရှိတော့ပါ။ သို့သော် မခိုင်ခံ့သေး။ ဈာန်အင်္ဂါများ ဈာန်စိတ်များ ပေါ်နေသော်လည်း ရံခါရံဖန် ဘ၀င်စိတ် ကြားဝင်တတ်သည်ဟု ဖားအောက်တောရဆရာတော်ကြီး၏ကျမ်းတွင် ဖတ်ရှုရပါသည်။ ၄င်းပဋိဘာဂနမိတ်ကို အထပ်ထပ်ရှု၍ ခိုင်ခံ့လာပြီဆိုလျှင် အပ္ပနာဈာန်သမာဓိ ဖြစ်လာပြီဟု ခေါ်ဆိုပါသည်။ ဈာန်စိတ်များ အဆက်မပြတ်ဖြစ်နေပါသည်။ ဈာန်အင်္ဂါများကိုလည်း ထင်ထင်ရှားရှား သိနိုင်ပါသည်။ ပထမဈာန်ရပြီလို့ ပြောနိုင်ပါသည်။ ထိုနောက်မှာ ဈာန်အင်္ဂါများကို ရှုမှတ်၍ ပယ်သွားခြင်းဖြင့် ဈာန်အဆင့်ဆင့် ဆက်တက်သွားနိုင်ပါသည်။ ဤကား သမထအလုပ်ဟု နားလည်ထားပါသည်။
ဝိပဿနာအလုပ်သည် ဉာဏ်အလုပ်ဖြစ်ပါသည်။ မိုးကုတ်ဆရာတော်ကြီးက သမာထဆိုသည်မှာ ရိုးရိုးမျက်စိနဲ့ ကြည့်ရသည်။ ၀ိပဿနာကတော့ ဉာဏ်နှင့် ကြည့်ရသည်ဟု နားလည်လွယ်အောင် မိန့်ခဲ့ပါသည်။ ရုပ်နာမ်တို့၏ ဖြစ်ပျက်အမှန်ကို ယျထာဘူတ ကျကျ မြင်နိုင်ရန်မှာ နီဝရဏတရားများ ဦးစွာ ဖယ်ရှားရပါသည်။ သမာထကနေ ဈာန်သမာဓိရပြီး ၀ိပဿနာကူးရာတွင် မူလယူထားတဲ့ သမထအာရုံမှ ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မ တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ပြောင်းပြီး ရှုဆင်ခြင်ဖို့ လိုပါသည်။
သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိပါသည်။ ယင်းတို့မှာ –
(၁) ကသိုင်း (၁၀) ပါး။            ရေ၊ မြေ၊ လေ၊ မီး၊ နီ၊ ၀ါ၊ ညို၊ ဖြူ၊ ကောင်းကင်၊ အလင်းရောင်
(၂) အသုဘ (၁၀) ပါး။
(၃) အနုဿတိ (၁၀)ပါး ။         ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ (ရတနာ ၃ ပါးဂုဏ်ကို ဆင်ခြင်ခြင်း)၊ သီလာ၊ စာဂါ၊(မိမိ၏ သီလ၊ ဒါနတို့ကို ဆင်ခြင်ခြင်း)၊ ဒေ၀တာ(နတ်တို့၏ဂုဏ်)၊ ဥပသမာ(နိဗ္ဗာန်၏ ဂုဏ်ကို အောက့်မေ့ခြင်း)၊ မရဏာ (သေခြင်းကို ဆင်ခြင်ခြင်း)၊ ကာယဂတာ ( ၃၂ ကောဋ္ဌာသ)၊ အာနာပါနဿတိ (၀င်လေ၊ ထွက်လေ)
(၄) ဗြဟ္မ၀ိဟာရ ၄ ပါး။            မေတ္တာ၊ ဂရုဏာ၊ မုတိတာ၊ ဥပေက္ခာ၊
(၅) အာရုပ္ပတရား ၄ ပါး။
(၆) အဟာရေ ပဋိကူလသညာ ၁ ပါး။
(၇) စတုဓါတု၀၀တ္တာန ၁ ပါး (ခန္ဓာရှိ ဓါတ်ကြီးလေးပါး)။
ကမ္မဌာန်း ၄၀ တွင် အနုဿတိ ၁၀ ပါးအနက် ကာယဂတာဿတိနှင့် အာနာပါနဿတိတို့မှ ကြွင်းလျက် ကျန်အနုဿတိ ၈ ပါး၊ အဟာရေ ပဋိကူလသညာနှင့် စတုဓါတု၀၀တ္တာနကမ္မဌာန်းတို့သည်  ဥပစာရသမာဓိကိုသာဆောင်နိုင်သော ဥပစာရကမ္မဌာန်းတို့ ဖြစ်ပါသည်။ ကသိုင်း ၁၀ ပါး၊ အသုဘ ၁၀ ပါး၊ ကာယဂတာဿတိ၊ အာနာပါနဿတိ၊ ဗြဟ္မ၀ိဟာရ ၄ ပါး၊ အာရုပ္ပ ၄ ပါး၊ ဤ ၃၀ သော ကမ္မဌာန်းတို့သည် အပ္ပနာသမာဓိကို ဆောင်နိုင်သောကြောင့် အပ္ပနာကမ္မဌာန်းဟုခေါ်ပါသည်။
ထို အပ္ပနာကမ္မဌာန်းတို့တွင် ကသိုင်း ၁၀ ပါးနှင့် အာနာပါနဿတိသကမ္မဌာန်းတို့သည် ဈာန်လေးပါး အစဉ်လိုက် စတုတ္ထဈာန်အထိ ဆောင်နိုင်သဖြင့် စတုက္ကဇ္ဈာနိကကမ္မဌာန်းများ ဖြစ်ကြသည်။ အသုဘ ၁၀ ပါးနှင့် ကယာဂတာဿတိတို့သည် ပထမဈာန်ကိုသာ ဆောင်နိုင်သောကြောင့် ပထမဇ္ဈာနိကကမ္မဌာန်းဟု ခေါ်ပါသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ကမ္မဌာန်းတို့သည် တတိယဈာန်အတိ ပေါက်ရောက်နိုင်သော တတိယဇ္ဈာနိကကမ္မဌာန်းဖြစ်ပြီး ဥပေက္ခာနှင့် အာရုပ္ပ ၄ ပါး ကမ္မဌာန်းတို့သည် စတုတ္ထဈာန်ကိုသာ ပေါက်နိုင်သောကြောင့် စတုက္ကဇ္ဈာနိကကမ္မဌာန်းများ ဖြစ်ကြပါသည်။
ဝိပဿနာပိုင်းတွင် သတိပဌာန်တရား ၄ ပါးကို ပွါးများ အားထုတ်သူသည် မျက်မှောက်ဘ၀မှာပင် အရဟတ္တဖိုလ် ထိပေါက်နိုင်သည် တစ်ကြောင်းတည်းသောလမ်းဟု မဟာသတိပဌာနသုတ်တွင် ဟောကြားထားခဲ့ပါသည်။
ကာယနုပဿနာသတိပဌာန်သည် ၀င်လေထွက်လေ၊ ၃၂ ကောဋ္ဌာသ စသည့်ရုပ်အပေါင်းကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုခြင်းဖြင့် အသုဘအခြင်းအရာ ထင်လာပြီး သုဘ ၀ိပလ္လာသ (တင့်တယ်သည်ဟု ဖောက်ပြန်စွာမြင်ခြင်း)ကို ပယ်ရှားသည်။ ဝေဒနာနုပဿနာသည် ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုမှတ်ခြင်းဖြင့် ဒုက္ခအခြင်းအရာထင်လာပြီး ရုပ်နာမ်တို့အပေါ် သုခဟုထင်မှတ်မှားခြင်း သုခ ၀ိပလ္လာသကို ပယ်ရှားခြင်း ဖြစ်ပါသည်။ စိတ္တာနုပဿနာသတိပဌာန်သည် ဖြစ်ပေါ်လာသမျှသော ရာဂနှင့်တကွသောစိတ် ရာဂကင်းသောစိတ်စသဖြင့် ခိုင်မြဲသော သတိဖြင့်  အဖန်ဖန်ရှုမှတ်ရာမှ စိတ်တို့၏ မမြဲသော အနိစ္စအခြင်းအရာ ထင်လာပြီး မြဲသည်ဟု ဖောက်ပြန်စွာမြင်သော နိစ္စ ၀ိပလ္လာသကို ပယ်ရှားခြင်းဖြစ်ပါသည်။ ဓမ္မာနုပဿနာသည် ကာယ၊ ဝေဒနာ၊ စိတ္တတို့မှကြွင်းသော သညာ၊ သင်္ခါရစသော ဓမ္မ၊ နီဝရဏတို့ကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုမှတ်ရင်း လောကတွင် အရာရာတို့သည် ပရမတ္တဓမ္မတို့သာ ဖြစ်ပျက်ပြောင်းလည်းနေခြင်း အတ္တကောင် အသက်ကောင် လိပ်ပြာကောင်တို့ မရှိဟူသော အနတ္တအခြင်းအရာကိုထင်လာပြီး အတ္တ ၀ိပလ္လာသကို ပယ်ရှားခြင်း ဖြစ်ပါသည်။
ဝိပဿနာတရား အားထုတ်မည့်သူသည် ရှေးဦးစွာ သီလမဂ္ဂင်နှင့် ပြည့်စုံရန်လိုပါသည်။ လူတို့အတွက်မူကား အာဇီဝဋ္ဌမက သီလနှင့် ပြည့်စုံရပါမည်။ မိစ္ဆာဇီဝနှင့် ကာယဒုစရိုက် ၃ ပါး (သူ့အသက်သတ်ခြင်း၊ သူတစ်ပါးပစ္စည်းခိုးခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာပြုမိခြင်း)၊ ၀စီဒုစရိုက် ၄ ပါး (လိမ်လည်ပြောဆိုခြင်း၊ ချောပြစ်ဂုံးတိုက်သော စကား၊ ပိန်ဖျင်းသောစကား၊ ရုန့်ရင်းကြမ်းတမ်းသောစကား) စသော ၈ ပါးသော မကောင်းမှုဒုစရိုက်တို့မှ ရှောင်ကျဉ်နိုင်လျှင် လူတို့အတွက် ၈ ပါးသီလ လုံခြုံပါသည်။ မဂ္ဂင် ၈ ပါးအနက် သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမာအာဇီဝ စသော မဂ္ဂင် ၃ ပါးဖြင့် ပြည့်စုံပါပြီ။
ထိုသီလမဂ္ဂင် ၃ ပါး ပြည်စုံပြီးနောက် အာနာပါနဿတိ၊ ကာယဂတာဿတိ ကမ္မဌာန်းတို့ဖြင့် ပထမဈာန် ရောက်အောင် အားမထုတ်ပဲ ဥပစာရသမာဓိ သို့မဟုတ် ခဏိကသမာဓိဖြင့် ၀ိပဿနာလမ်းကိုလိုက်လျှင် သုဒ္ဓ၀ိပဿနာယာနိကလမ်းကို လိုက်သူဟု ခေါ်ဆိုပါသည်။ သို့မဟုတ် ဈာန်၊ သမာပတ်များထူထောင်ပြီးမှ ၀ိပဿနာလမ်းလိုက်လျှင် သမာထ၀ိပဿနာယာနိကလမ်း လိုက်သူဟု ခေါ်ဆိုနိုင်ပါသည်။ ထိုလမ်းကြောင်း ၂ ကြောင်းအနက် မည်သည့် လမ်းကြောင်းကိုလိုက်သည်ဖြစ်စေ ကျန်မဂ္ဂင် ၅ ပါးဖြစ်သော သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာသတိ၊ သမ္မာဝါယာမ၊ သမ္မာသမာဓိတို့နှင့် ပြည့်စုံသည့်အခါ မဂ္ဂင် ၈ ပါး ပြည့်စုံသွားပြီး နိရောဓသစ္စာဖြစ်သည့် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည် ဖြစ်ပါသည်။
သတိပဌာန်တရား ၄ ပါး ပွါးများ အားထုတ်ရာတွင် အကြမ်းအားဖြင့် ရုပ်ကမ္မဌာန်းနှင့် နာမ်ကမ္မဌာန်း ၂ မျိုး ခွဲခြားကြည့်နိုင်ပါသည်။ ကာယယနုပဿနာကို ရုပ်ကမ္မဌာန်းဟု ခေါ်ဆိုပြီး စိတ္တာ၊ ဝေဒနာ၊ ဓမ္မာနုပဿနာတို့ကို နာမ်ကမ္မဌာန်းဟု ခေါ်ဆိုသည်ဟု နားလည်ထားပါသည်။ ထိုကမ္မဌာန်း ၂ မျိုး ရွှေးချယ်မှုနှင့်ပတ်သက်၍ ဘ၀သာသနာစာအုပ်တွင် လယ်တီဆရာတော်၊ သထုံဇေတ၀န်ဆရာတော်ကြီး၊ မိုးညှင်းဆရာတောကြီး၊ ရွှေတောင်ဆရာတော်၊ ပြည်နိဗ္ဗိန္ဒဆရာတော်၊ မဟာစည်ဆရာတော်၊ တောင်ပုလုဆရာတော်၊ ဝေဘူဆရာတော်တို့သည် ရုပ်ကမ္မဌာန်းကို အပေးများသည်။ မိုးကုတ်ဆရာတော်ကြီးက စိတ္တာနုပဿနာ နာမ်ကမ္မဌာန်းကို အပေးများသည်ဟု ဖောပြထားပါသည်။ စိတ္တာနုပဿနာကို မိုးကုတ်ဆရာတော်ကြီး သဘောကျရခြင်းမှာ-
၁) မိုးကုတ်ဆရာတော်ကြီးသည် အနှစ် ၃၀ ကျော် အဘိဓမ္မာ ပို့ချခဲ့လို့ အဘိဓမ္မာအားသန်လို့ မမြင်ရသော စိတ်-စေတသိတ် သရုပ်ခွဲရာတွင် အားသန်သည်၊ အလေ့အကျင့်များသည်ကတစ်ကြောင်း။
၂) စိတ်တို့သည် ရုပ်ထက် အဖြစ်အပျက်မြန်သည် ဒိဌိကွာလွယ်မည်။ ဒိဌိပြုတ်ရင် သောတာပန် ဖြစ်လွယ်သည်ကတစ်ကြောင်း။
၃) အရှင်သာရိပုတ္တရာက သူများစိတ် အကဲခတ်ရတာထက် ကိုယ်စိတ် အကဲခတ်ရတာ ပိုပြီး အမှန်တွေ့နိုင်သည်။ စိတ်ကိုရှုကြဟု မိန့်သည်က တစ်ကြောင်းဟု ယူဆကြောင်း ၄င်းစာအုပ်တွင် ဖော်ပြထားပါသည်။ သို့သော်လည်း မိုးကုတ်ဆရာတော်ကြီးကလည်း ကိုယ်နဲ့ လိုက်ဖက်တဲ့ တရားနာပါလို့ မိန့်ပါသည်။ “ရုပ်ကြိုက်လား၊ စိတ်ကြိုက်လား၊ ဝေဒနာကြိုက်လား၊ ဓမ္မသဘောကြိုက်လား အဆင်ပြေတာရှုပါ”ဟု  တိုက်တွန်းခဲ့ပါသေးသည်။
အချုပ်အားဖြင့် မဟာစည်ဆရာတော်ကြီး၏ ဓမ္မာစင်္ကြာတရားတော်(၁)အရ သတိပဌာန်တရားလေးပါးမှ ကင်းလွတ်ပြီး မဂ်ဖိုလ်ရခြင်းသည် မရှိဟု ဟောကြားထားသည့်အတွက်  သတိပဌာန်တရား ၄ ပါးကို ပွါးများခြင်းသည်သာ တစ်ကြောင်းတည်းသောလမ်း ဖြစ်ပါသည်။ သောတာပန် ဖြစ်ဖို့မှသည် ရဟန္တာဖြစ်သည်အထိ တစ်ကြောင်းတည်းသောလမ်းကို ၄ ကြိမ် လျှောက်ရမည် ဖြစ်ပါသည်။ ကမ္မဌာန်းရွှေးချယ်ရာတွင်လည်း စရိုက် ၆ မျိုး ရှိသည့်အနက် မိမိစရိုက်နှင့် သင့်တော်ဖို့ အရေးကြီးသည်ဟု မှတ်သားဘူးပါသည်။ သတိပဌာန် ၄ ပါးလုံးကို ရှုကြည့်ပါ။ မိမိအားသန်ရာ ကမ္မဌာန်းတစ်ခုခုကို ရှုရင်းဖြင့် သတိထားမိလာပါလိမ့်မည်။ အားသန်ရာကို စွဲစွဲမြဲမြဲ အားထုတ်ဖို့သာလိုပါသည်။ ရုပ်ရယ် စိတ်ရယ် ဝေဒနာရယ် ဘယ်ဟာရှုရှု ဖြစ်ပျက်ဆုံး ဖြစ်ပျက်မုန်းပါက အသင်္ခတ နိဗ္ဗာန်က ဆီးကြိုနေမည်ဟု ယုံကြည်ပါသည်။ သတိပဌာန်တရား ပွါးများသူသည် ၇ ရက်မှ ၇ နှစ်အတွင်း အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းရှိလျှင် အနာဂါမိဖိုလ်ဖြစ်စေ ၂ ခုအနက် တစ်ခုခုသောဖိုလ်ကို ရမည်ဟု မဟာသတိပဋ္ဌာနသုတ်တွင် ဟောကြားထာသောကြောင့် “သူတော် ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာ နှလုံး၊ ကျင့်သုံး ဇွဲသန် မြတ်နိဗ္ဗာန်သို့”ဟူသော အဆုံးအမနှင့်အညီ အားထုတ်သွားကြပါရန် စေတနာရှေ့ထား၍ အကြံပြုတိုက်တွန်းအပ်ပါသည်။
ချမ်းသာစစ်နဲ့ ပြည့်စုံကြပါစေ။
ပြေဇော်
http://pyayzaw.phpnet.us/?cat=62
Next Newer Entries