ကာယနုပဿသ နာ ရှုကွက်များ (ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာဏ္ဍိတ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ်မှ ကာယနုပဿသ နာ ရှုကွက်များ

~~~~~~
၀၀၂။ ကာယနုပဿသ နာ
~~~~~~
တရားတော်ကို ဤနေရာတွင် နာယူနိုင်ပါသည်။

Audio link

http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/MP3Disc09/002-Dr-Nandamalabhivamsa-290909.mp3

Video Link

http://dhammadownload.com/MP4Library/Dr-Nandamalabhivamsa/DVD-12/02-Dr-Nandamalabhivamsa-DVD12.mp4

စာအုပ်ကို ဤနေရာတွင် download လုပ်ယူနိုင်ပါသည်။

http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-MahaThaHtiPathanThoatAhNyitChote.pdf

~~~~~~~~
ကာယနုပဿသ နာ ရှုကွက်များ (အထက်ပါ တရားတော်မှ မိမိ နားလည်သလို မှတ်စုတို ထုတ်နှုတ်ချက်)

~~~~~~~~

မဟာသတိပဋ္ဌာနသုတ်မှာ ကမ္မဋ္ဌာန်းအာရုံ ၂၁ မျိး ပေး ထားတဲ့အနက် ကာယနုပဿနာနဲ့ စပ်ဆိုင်တဲ့ ကမ္မဋ္ဌာန်းအာရုံ ၁၄ မျိုးရှိတယ်။

အဲဒီ ၁၄ မျိုးအနက်မှ ရုပ်အလောင်း ၉ မျိုးရှုပွားမှုကို အပိုင်း တစ်ခု အနေနဲ့ စုပေါင်းလိုက်ရင်၊ အကျဉ်းအားဖြင့် ကာယနုပဿနာ ရှုနည်း အပိုင်း ၆ ပိုင်း ရရှိပါသည်။

~~~~~~~~
ကာယနုပဿနာ ရှုနည်း အပိုင်း ၆ ပိုင်း
~~~~~~~~

(၁) အာနာပါန ပဗ္ဗ – ထွက်လေ ဝင်လေနှင့် (သတိစွမ်းအား၊ ဥာဏ်စွမ်းအားတွေကို ထက်လာအောင်) လေ့ကျင့် ခြင်း

(၂) ဣရိယာပထအဗ္ဗ – လျှောင်း၊ ထိုင်၊ ရပ်၊ သွား- စတဲ့ သွားလာလှုပ်ရှား ဣရိယာပုထ် လေးပါး နှင့် (သတိစွမ်းအား၊ ဥာဏ်စွမ်းအားတွေကို ထက်လာအောင်) လေ့ကျင့်ခြင်း

(၃) သမ္ပဇညပဗ္ဗ – လျှောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုတဲ့ အကြီးစားတွေထဲကမှ ခန္ဓာကိုယ်ရဲ့ ဣရိယာပုထ်
အသေးစားလေးတွေကို သတိထားပြိး ဆင်ခြင်တုံတရားနှင့် ဆင်ခြင်ပြီးတော့ ဥာဏ်ရည်ဥာဏ်သွေးတက်အောင် လေ့ကျင့်ခြင်း

(၄) ပဋိကူလ မနသိကာရပဗ္ဗ – ခန္ဓာကိုယ်ကြီးထဲက ၃၂-ကောဋ္ဌာသ ဖြစ်သော (၁) ကိုယ်မြင်လို့ရတဲ့ ၅မျိုး – ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ၊ (၂) ကိုယ်မြင်လို့မရသော ၂၇ မျိုး – အသား၊ အကြော၊ အရိုး၊ ခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်- စသော ၃၂-မျိုးသော ခန္ဓာကိုယ်မှာ ရှိနေတဲ့ အရာတွေကလည်း body တွေပဲ။ အဲဒါကိုတော့ ပဋိကူလ မနသိကာရပဗ္ဗ – ရွံစရာတွေနဲ့ ပတ်သက်တဲ့ ကာယာနုပဿနာအခန်း၊ ကာယမှာ မသတီစရာ၊ ရွံစရာတွေကိုလည်း ဆင်ခြင်စဉ်းစားပြီး သတိကပ်ဖို့ လေ့ကျင့်ဖို့ကိုလည်း အပိုင်းတစ်ပိုင်းအနေနဲ့ ဟောထားတယ်။

(၅) ဓာတု မနသိကာရအဗ္ဗ – ခန္ဓာကိုယ်ထဲမှာ ဓါတ်ကြီးလေးပါးဆိုတဲ့ ထင်ရှားသိသာတဲ့ အရာရှိတယ် – ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အဲဒီဓါတ်ကြီးလေးပါးကို ခန္ဓာကိုယ်ကြီးထဲမှာ ရှိနေတဲ့ အနေအထားအတိုင်း တစ်ခုစီ တစ်ခုစီ ဆင်ခြင်သုံးသပ်ပြီးတော့လည်း သတိကပ်ဖို့၊ ကာယနဲ့ပတ်သက်ပြီး ဥာဏ်တွေထက်လာအောင် နည်းစနစ်တွေ၊

အားလုံး ကာယနုပဿနာ အပိုင်း ၅ ခု၊

(၆) နဝသိဝထိကပဗ္ဗ – သချိုင်းမှာတွေ့ရမယ့် ရုပ်အလောင်း ၉ မျိုး ခွဲပြီး ရှုပွားရသော ကာယနုပသနာကမ္မဋ္ဌာန်း

စုစုပေါင်း ၁၄ မျိုး

~~~~~~~~
ကာယနုပသနာကမ္မဋ္ဌာန်း အားထုတ်သူတို့၏ ကျင့်ဝတ်

~~~~~~~~

အာတာပီ-သမ္ပဇာနော-သတိမာ (သို့မဟုတ်) ကာရက မဂ္ဂင် ၅ ပါး

အာတာပီ-သမ္ပဇာနော-သတိမာ
အာတာပီ – ကြိုးစားမှု၊ ကာယိကဝိရိယ၊ စေတသိကဝီရိယ (စိတ်ဓါတ်ပြင်းထန်) နှစ်မျိုး
သမ္ပဇာနော – ကိုယ်လုပ်တဲ့ လုပ်ငန်း ကိုယ် နားလည်ရမယ်၊ စိတ်ရဲ့ အခြေအနေကို အမြဲတမ်း လေ့လာအကဲခတ်နေရမယ်၊ စိတ်အားကျသွားရင်မြှင့်ပေးရမယ်၊ တက်လာရင်လျှော့ပေးရမယ်၊
သတိမာ – သတိဆိုတာ သမာသတိပဲ၊ ဝီရိယတို့၊ သတိတို့၊ ပညာတို့ဆိုတာ တရားအာထုတ်ရင် မရှိမဖြစ်တဲ့ အရည်အသွေးတွေပါပဲ။ ဒါတွေကို တစ်ခုနဲ့တခု ထိန်းညှိပေးရတယ်၊ သဘာဝတရားတွေက လုပ်တယ်ဆိုတာ သူအလုပ်ပဲသူလုပ်တာ၊ ဆိုင်ရာဆိုင်ရာ အလုပ်ကိုပဲ လုပ်ကြတာ၊ ဘောင်ကျော်ပြီး မလုပ်ဘူးတဲ့၊

ကာရက မဂ္ဂင် ၅ ပါး
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓီ – မဂ္ဂင် ၅ပါး၊ – တရားအားထုတ်ရင် သူတို့က အလုပ် လုပ်တာ။
သမ္မာဝ်စာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ က တရားအားထုတ်တဲ့ function ထဲမှာ မပါဘူး၊ အထောက်အကူပြုတဲ့ အနေနဲ့ဘဲ ပါတယ်၊

~~~~~~~~
ကာယနုပဿနာ ရှုနည်း အပိုင်း ၆ ပိုင်း – ရှင်းတမ်း
~~~~~~~~

(၁) အာနာပါနဿတိ ကမ္မဋ္ဌာန်း
~~~~~~~~

(ပထမ) နေရာရွေးချယ်ခြင်း၊
– အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ၊
(က) အရညဂတော – လူသံတိတ်ဆိပ်တဲ့ လူသူမနီး ဆိတ်ငြိမ်တဲ့တော မှာ ဖြစ်စေ
(ခ) ရုက္ခမူလဂတော – သစ်ပင်အနီး၊ သစ်ပင်အောက် မှာ ဖြစ်စေ
(ဂ) သုညာဂါရဂတော – ဘယ်သူမှ မရှိတဲ့ ကိုယ်တစ်ယောက်တည်းနေတဲ့ တိုက်ခန်းမှာ ဖြစ်စေ

(ဒုတိယ) ထိုင်ပုံထိုင်နည်းစနစ်
နိသီဒတိ – ထိုင်ပြီး အားထုတ်ပါ၊
ပလ္လင်္ကံ အာဘုဇိတွာ – အမျိုးသားတွေ အတွက် တင်ပလ္လင်ခွေထိုင်
အဒ္ဓပလ္လင်္က – အမျိုးသမီးတွေအတွက် ဒူးတစ်ဖက်တုပ်ထိုင်နည်းစနစ်နဲ့ ထိုင်၊
ဥဇုံ ကာယံ ပဏိဓာယ – ခါးကနေ ခေါင်းအထိ ခန္ဓာကိုယ်လေးကို ဖြောင့်ဖြောင့် ထားပါတဲ့၊
ပရိမုခံ သတိံ ဥပဋ္ဌပေတွာ – သတိလေးကို ကမ္မဋ္ဌာန်းအာရုံ ရှေ့ကို ပို့လွှတ်ပါတဲ့၊ ကမ္မဋ္ဌာန်းအာရုံရှိတဲ့အပေါ်မှာ သတိလေးက အဲဒီအာရုံကို ရယူလိုက်ပါလို့ ဆိုလိုတယ်။

(တတိယ) ရှုကွက် –

(လေ့ကျင့်စဉ် ပထမ အဆင့်)
ဖုဋ္ဌ ဌာနေ – လေကလေး ထိသွားတဲ့နေရာကို စိုက်ကြည့်ပါ၊ မြတ်စွာဘုရားက လေကလေးထိတဲ့နေရာလို့တော့ မဟောဘူး၊ သတိကို အဲဒီကို ပို့လွှတ်လိုက်၊ ထွက်လေ ဝင်ထွက် ထိသွားတဲ့နေရာကို ပို့ပြီးရင် နံပါတ်တစ် စ လေ့ကျင့်ရမှာက
သတောဝ အဿတိ၊ သတောဝ ပဿတိ – သတိလေးထားပြီး ရှူသွင်းလိုက်ပါ၊ သတိလေးထားပြီး ရှိုက်ထုတ်လိုက်ပါ၊ ရှူသွင်းတဲ့လေကလေးကိုလည် သတိရှိပါ၊ လေကလေး ရှိုက်ထုတ်တဲ့အချိန်မှာလည်း သတိရှိပါ၊ ဒါကို စဉ်ဆက်မမြတ် လေ့ကျင့်ရမယ်။

(လေ့ကျင့်စဉ် ဒုတိယ အဆင့်)

အဲဒီလို လေ့ကျင့်လိုက်တဲ့ အခါကျတော့ တိုးတက်မှု ရှိလာတယ်။ ကိုယ်ရှူသွင်းလိုက်တဲ့ လေ ကလေးဟာ အချိန်ပိုင်းအားဖြင့် ရှည်ကြာမှုရှိသလား၊ အချိန်အားဖြင့် တိုသလား၊ အရှည် အတိုလေးပါ သတိထားမိလာတယ်။ အဲဒီနှစ်ခု သဲသဲကွဲကွဲ ဖြစ်လာတဲ့ အသိဥာဏ်တစ်ခု တက်လာတယ်။

(လေ့ကျင့်စဉ် တတိယ အဆင့် )

အဲဒီလို တစ်ဆင့်တက်လာပြီးတော့ နောက်မှာ ဘာသိဖို့ ကြိုးစားရမလဲ၊ ကိုယ့်ရဲ့ကြိုးစားမှုနဲ့ အသိကလေးမြှင့်တင်ပေးရမယ်။ ဘာမြှင့်တင်ပေးရမလဲဆိုရင်
သဗ္ဗကာယပဋိသံဝေဒီ အဿ သိဿာမီတ သိက္ခတိ – အဲဒီစကားလေးသုံးထားတယ်။

သဗ္ဗကာယပဋိသံဝေဒီ – သတိထားပြီးတော့ ကာယအားလုံးကို သိရှိလျှက်၊ ဒီနေရာမှာ အဋ္ဌကထာဆရာရဲ့ ရှင်းလင်းချက်၊ ပဋိသမ္ဘိဒါမဂ် ရဲ့ ရှင်းလင်းချက်ကို မသိဘူးဆိုရင် သဗ္ဗကာယ -အရ တစ်ကိုယ်လုံးလို့ မှတ်ယူစရာ ရှိတယ်။ ခန္ဓာကိုယ် တစ်ကိုယ်လုံး ကြည့်နေရင် အာနာပါနမဟုတ်တော့ဘူး၊ အာနာပါနဆိုတာ ထွက်လေ ဝင်လေ ပဲ၊ ကိုယ်လုပ်တာက အာနာပါန၊ ကြည့်တာက တစ်ကိုယ်လုံးဆိုရင် အာရုံတွေ လွဲမသွားပေဘူးလား၊ အဲဒါကို မမှန်ဘူးလို့ သိရမယ်ပေါ့။

သဗ္ဗကာယ- သဗ္ဗ ဆိုတာ အလုံးစုံ၊ ကာယ ဆိုတာ အစု၊ ဟောဒီ ဝင်လေ ထွက်လေ လေးဟာ ကာယအစုကလေးပဲ၊ အဲဒီအစုလေးကို အကုန်သိအောင်လုပ်တဲ့၊ အကုန်ဆိုတာ ဟောဒီ လေ လေး စတင်လာပုံ၊ လေလေး အဆုံးသတ်သွားပုံ၊ စတင်မှုနဲ့ အဆုံးသတ်မှုရဲ့ကြားမှာ ဖြစ်ပေါ်ပုံ၊ ဆိုလိုတာက စ လယ် ဆုံး သုံးမျိုးစလုံး စဉ်ဆက်မပြတ် သိတာကို သဗ္ဗကာယပဋိသံဝေဒီ လို့ပြောတာ။ ဝင်လေ ထွက်လေ အားလုံး အစုအဝေးကို သိအောင် စ လယ် ဆုံး သုံးမျိုးလုံးကို သိအောင် ရှူမယ်ဆိုပြီး ကြိုးစားအားထုတ်ပါတဲ့။ သိက္ခတိ – ကြိုးစားအားထုတ်ပေးတဲ့။

သဗ္ဗကာယပဋိသံဝေဒီ အဿ သိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿ သိဿာမီတိ သိက္ခတိ၊ – အာနာပါနရဲ့ ကာယ body အစုအားလုံးကို စ လယ် ဆုံး အားလုံးသိအောင် ရှူသွင်းမယ်လို့ ကြိုးစားပါ၊ ရှိုက်ထုတ်မယ်လို့ ကြိုးစားပါ၊ ဒါဟာ အားလုံးကို သိဖို့အတွက် ကြိုးစားခိုင်းတာ။

နံပါတ် (၁) သတောဝ အဿတိ၊ သတောဝ ပဿတိ သတောဝ – သတိထားပြီး ရှူ၊ သတိထားပြီး ရှိုက်တဲ့၊ ရှူသွင်း၊ ရှိုက်ထုတ် သတိထားပြီးလုပ်၊
နံပါတ် (၂) အရှည် အတို သိ
နံပါတ် (၃) အာနာပါန အစ အလယ် အဆုံး သုံးပါစလုံး သိအောင်ကြိုးစားတဲ့၊

လူတစ်ဦးနဲ့တဦး သတိစွမ်းအားတို့၊ ဥာဏ်အရည်အသွေးတို့ မတူတဲ့အတွက်ကြောင့် ဒီအဆင့်ရောက်အောင် တစ်မိနစ်အတွင်း၊ တစ်ထိုင်အတွင်း၊ ဥာဏ်ရည်မထက်သူအတွက် လနဲ့ချီ ကြာရင်လည်းကြာမယ်။ ပုဂ္ဂိုလ်နဲ့ ဆိုင်တယ်လို့ မှတ်ယူရမယ်။

(လေ့ကျင့်စဉ် စတုတ္ထ အဆင့်)

နောက်တဆင့်တက်ပြီး စဉ်းစားရမှာက ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခ – ကြိုးစားရမယ်၊ ပဿမ္ဘယံ – ငြိမ်သွားအောင်၊ ငြိမ်းသွားအောင်၊ ကာယသင်္ခါရ – ကာယကို ပြုပြင်ပေးနေတဲ့အရာလေးဟာ ငြိမ်သွားအောင်၊ ငြိမ်းသွားအောင် ရှူသွင်းမယ်လို့ ကြိုးစားပါတဲ့။

ကာယသင်္ခါရ – ဆိုတာ ဘာလဲလို့ မေးရင် ကာယသင်္ခါရဆိုတာ ထွက်လေ ဝင်လေကိုပဲ ပြောတယ်၊ တခြားဟာကို ပြောတာ မဟုတ်ဘူး။ ဒီနေရာမှာလည်း ကာယသင်္ခါရကို အဓိပ္ပါယ်ကောက်တွေလွဲပြီး ဖွင့်ဆိုနေတဲ့ တချို့စာအုပ်တွေရှိတယ်။ အထူးသဖြင့်နိုင်ငံခြားမှာ အင်္ဂလိပ်လိုပြန်တဲ့စာအုပ်တွေမှာ မှားမှားယွင်းယွင်းတွေ အများကြီးရှိတယ်။

စူဠဝေဒလ္လသုတ်မှာ ပါတတ် – အဿာပပဿာသာ ကာယာသင်္ခါရော – ဆိုတဲ့စကား ရှိတယ်၊ ထွက်လေ ဝင်လေကို ကာယသင်္ခါရလို့ခေါ်တာ။
သာမန်အာဖြင့်ပြောရင် သင်္ခါရဆိုတဲ့ အသံလေးကြားလိုက်တာနဲ့ အများက ဘာထင်တုန်းဆိုရင် မမြဲတဲ့သဘောကို သွားတွေးတယ်။ အဲဒါတွေ မဟုတ်ဘူးတဲ့။ ကာယသင်္ခါရ ဆိုတာ ဒီနေရာမှာ ကိုယ်လုပ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံက ဘာလဲ၊ အာရုံကနေတခြားမထွက်သွားဖို့ အရေးကြီးဆုံးပဲ၊ ကိုယ်လုပ်နေတာက အာနာပါန၊ အားလုံးဟာ အာနာပါနနဲ့ သက်ဆိုင်တာချည်းပဲ မှတ်ရမယ်၊ အဲဒီ ရှိုက်သွင်းနေတဲ့ လေကလေးဟာလည်း ကာယသင်္ခါရ၊ အဲဒီ ကာယသင်္ခါရ – လေကလေး သိမ်မွေ့ပြီးတော့ သွားအောင် ရှူမယ်-ရှိုက်မယ်လို့ ကြိုးစားပါတဲ့။
တရားအာထုတ်ပါ များလို့ရှိရင် ရှူမှရှူရဲ့လားလို့ထင်ရလောက်အောင် ငြင်သာသွားတယ်၊ ထွက်လေ ဝင်လေလေး သိပ်ငြိမ်သက်သွားသည် အထိ သိအောင်ကြိုးစားပါတဲ့၊ ဟောဒီအဆင့် လေးဆင့်ကို မဟာသတ်ပဋ္ဌာနသုတ်မှာ ဟောတာ။

တခြားသုတ္တန်တွေမှာကျတော့ ၁၆ ဆင့်ထိ ဟောတာရှိတယ်။ အဋ္ဌကထာမှာ ရေးထားတာက ကမ္မဋ္ဌာန်းစပြီး အားထုတ်တဲ့ beginner တွေအတွက် ဒီ ၄ ခုက အဓိကကျတယ်၊ ကျန်တာတွေကတော့ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာတွေနဲ့ ပတ်သက်ပြီး ဈာန်ရတဲ့ပုဂ္ဂိုလ်တွေအတွက် အခြားအာရုံတွေနဲ့ ဆက်စပ်ပြီးတော့ ဟောတာပါတဲ့၊ အာနာပါန စ-အားထုတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီ ၄ ချက် လုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

ဒီထက်ပြည့်ပြည့်စုံစုံကတော့ ဝိသုဒ္ဓိမဂ်မှာ လာတဲ့အတိုင်း အာနာပါနဿတိကို မှတ်ကြရမှာဖြစ်ပါတယ်။ ဒါက ဒီသုတ္တန်မှာဟောပုံအတိုင်း ဒါလေ့ကျင့်တာ၊ စတုတ္ထအဆင့်အထိအောင် သိမ်မွေ့လှတဲ့ ကာယသင်္ခါရ ထွက်လေ ဝင်လေလေး ဖြစ်လာပြီဆိုရင် သမာဓိစွမ်းအားတွေလည်း တက်လာပြီ၊ ဥာဏ်စွမ်းအားတွေလည်း တက်လာပြီ၊ သတိတွေလည်း ကောင်းလာပြီ။ ကောင်းလာတဲ့အခါ ဒီအာရုံလေးကို
အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ – မြတ်စွာဘုရားက ဆက်ဟောတယ်၊ အဇ္ဓတ္တကာယကိုလည်း ဆက်ပြီးရှူလိုက်ပါဦးတဲ့၊
ဗဟိဒ္ဓါ ဝါ ကာယေ ကာယနုပဿီ ဝိဟရတိ -တဲ့၊ ဗဟိဒ္ဓကာယဆိုတဲ့ နေရာမှာ အဋ္ဌကထာဆရာရဲ့ ဖွင့်ပုံက (အဇ္ဈတ္တကာယ) က မိမိရဲ့ထွက်လေဝင်လေကို ရှူတာ ၊ (ဗဟိဒ္ဓကာယ) သူတပါးရဲ့ ထွက်လေဝင်လေကို ရှူတာ၊ ဒါက စွမ်းရည်ထက်လာရင် သူတစ်ပါးရဲ့ ထွက်လေ ဝင်လေကို ရှူနိုင်တဲ့သဘောကို ပြောတာ ဖြစ်မယ်။
ဒီလိုလည်း ဖြစ်နိုင်တယ်၊ ထွက်လေဝင်လေက ဗဟိဒ္ဓ၊ျွှတ်နေတဲ့စိတ်က အဇ္ဈတ္တ၊ အဲဒါကိုလည်း ရှူလို့ရတယ်၊ ထွက်လေဝင်လေတင် သိတာမဟုတ်ဘူး၊ အဆင့်မြင့်လာလို့ရှိရင် သိတဲ့စိတ်ကိုလည်း နောက်စိတ်လို့ သိတယ်၊ ထွက်လေဝင်လေကို ရှူနေတဲ့စိတ်ကိုလည်း နောက်စိတ်တစ်ခုက ထပ်ပြီးတော့ ရှူပေးတယ်။ ပထမတော့ ရှူတဲ့ အာရုံလေးတစ်ခုကိုပဲ သိတယ်။ နောင်လေ့ကျင့်လာတဲ့ အခါကျတော့ အရှူခံနေတဲ့ အာရုံလေးကိုလည်း သိတယ်၊ ရှူတဲ့ စိတ်ကလေးကိုလည်း သိလာတယ် ဆိုတော့ နှစ်ခု ဖြစ်သွားတယ်၊
ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ – ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ – တဲ့၊ ဉာတ ဆိုတာ သိစရာအာရုံလေးကို ရှူတယ်၊ ဉာဏဆိုတာ သိတဲ့ဉာဏ်ကလေးကိုလည်း ရှူတယ်တဲ့၊ နှစ်ခုရှူတယ်၊ ထွက်လေဝင်လေကို ရှူနေတယ်ဆိုရင် ထွက်လေဝင်လေကိုလည်း ရှူနိုင်တယ်၊ ထွက်လေဝင်လေကို သိနေတဲ့ အသိဉာဏ်ကိုလည်း ရှူလို့ မရနိုင်ဘူးလား၊ ရတယ်။

အဲဒီတော့ ထွက်လေဝင်လေရှူတာကို သိလိုက်တဲ့အခါကျတော့ အဇ္ဈတ္တ၊ ထွက်လေဝင်လေဆိုတဲ့အာရုံကို ရှူတာကျတော့ ဗဟိဒ္ဓ၊ အဲဒီနှစ်ခုကို တစ်လှည့်စီတစ်လှည့်စီ ရှူတဲ့အခါကျတော့ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ တဲ့၊ တစ်လှည့်စီ အဇ္ဈတ္တကို ရှူလိုက်၊ ဗဟိဒ္ဓကို ရှူလိုက်ဆိုတော့ အာရုံချင်းက ကပ်ခါသီခါလေးတင် ပြောင်းတာ၊ ထွက်လေဝင်လေကနေခွါ မသွားဘူး၊ ထွက်လေဝင်လေဆိုတဲ့ အာရုံကိုလည်း ရှူတယ်၊ အဲဒီအာရုံကို သိတဲ့ စိတ်ကလေးကလည်း တစ်ဖက်က ရှူလိုက်တယ်ဆိုတော့ အဲဒီလိုများ အဓိပ္ပါယ်ယူရင် ပိုပြီးတော့ကောင်းမယ်ထင်တယ်၊ ဒါက ဘုန်းဘုန်းရဲ့ ကိုယ်ပိုင်ထင်မြင်ချက်နော်၊ စာထဲမှာ ဒီလိုတော့ မပါဘူး။ အဲဒီလိုအဓိပ္ပါယ် မှတ်ယူမယ်ဆိုရင် အဇ္ဈတ္တဗဟိဒ္ဓ အာယတန ယူပုံလေးနဲ့ ကိုက်တယ်ပေါ့၊ ပြီးတော့ သူများရဲ့ ထွက်လေ ဝင်လေ သွားရှူရာလည်း မလိုဘူး။ အဲဒီနေရာ ဋီကာဖွင့်ဆိုမှုကို ကြည့်တဲ့အခါ အဇ္ဈတ္တ ဗဟိဒ္စဆိုတာ ဖြစ်နိုင်ချေလေးတွေကို ထည့်ပြောတာပါတဲ့၊ သူများရဲ့ထွက်လေ ဝင်လေကို သွားရှူလို့ သမထဆိုတာတောင် မဖြစ်နိုင်ပါဘူးလို့ ရေးထားတယ်။ သမထမဖြစ်နိုင်ဘူးဆိုတာ၊ သမာဓိမရနိုင်ဘူးလို့ပြောတာ၊ အဲဒီတော့ ခုနအဓပ္ပါယ်ကိုယူရင် အင်မတန်မှ ဆီလျော်စရာရှိတယ်ပေါ့၊ တချို့ စာကို အဓိကထားရင် စာထဲမပါရင် အငြင်းပွားစရာဖြစ်တယ်၊ တရားကတော့ မမှားဘူးပေါ့၊ နှစ်ခုလုံး ရှူတာချည်းပဲ၊ သို့သော် စာအဓိပ္ပါယ်က ဒီလိုဆိုလိုတာလား၊ ဆိုလိုတာ မဟုတ်ဘူးလား၊ ဒီလောက်ဘဲ ပြောစရာ ရှိတယ်ပေါ့။

ဝိပဿနာဘက် ကူးပုံ

ဒီအာနာပါန – ထွက်လေဝင်လေနဲ့ ပက်သက်လာရင် အဇ္ဈတ္တ ထွက်လေဝင်လေပဲ ဖြစ်စေ၊ ဗဟိဒ္ဓ ထွက်လေဝင်လေပဲဖြစ်စေ အဲဒီ ကာယလေးတွေကို ရှူမှတ်ပြီး နေလိုက်တဲ့အခါ ဘာတွေတိုးမြှင့်ပြီးတော့ သိလာသလဲ၊ ဝိပဿနာဘက် ဘာတွေကူးသွားသလဲဆိုတော့ ထွက်လေဝင်လေ ရှူရင်းကနေ – သမုဒယဓမ္မာနုပဿီဝါ – ဖြစ်စေတတ်တဲ့ အကြောင်းတရားလေးကိုလည်း သိလာတယ်၊ ဝယဓမ္မာနုပဿီ ဝါ – ပျက်သွားတဲ့ အကြောင်းတရားလေးကိုလည်း သိလာတယ်၊ ဒါ အဋ္ဌကထာအဆို၊ သမုဒယဓမ္မာနုပဿီ ဆိုတာ ဖြစ်ကြောင်းတရားကိုလည်း သိတယ်၊ ဝယဓမ္မာနုပဿီ ဆိုတာ ပျက်ကြောင်းတရားကိုလည်း သိတယ်။ ဒီနေရာမှာ မဟာစည်ဆရာတော်ဘုရားကြီးက – သမုဒယဓမ္မာနုပဿီ ဝါ ဝယဓမ္မာနုပဿီ ဝါ -ကို အာနာပါနနဲ့ ပတ်သက်ပြီး ဖြစ်လာတာလည်းတွေ့တယ်၊ ပျက်တာလည်း တွေ့တယ်၊ ဖြစ် ပျက်မြင်တာကို ပြောတာတော်၊ ဆရာတော်ကြီး စကားဟာလည်း စာထဲ မပါပေမယ့်လို့ သင်လျော်တဲ့ စကားတစ်ခုပဲ။ ဒီလိုလည်း ဖြစ်နိုင်ပါတယ်လို့ မဟာစည်ဆရာတော်ကြီးက သူ့စာအုပ်မှာ ရေးထားတာ ရှိတယ်။
သမုဒယဓမ္မာနုပဿီ ဝါ – ဖြစ်မှုသဘောကိုလည်း သိလာတယ်၊ ဝယဓမ္မာနုပဿီ ဝါ – ပျက်မှုသဘောကိုလည်း သိတယ်၊ ဝိပဿနာဉာဏ်ဝင်လာတာကို ပြောတာ၊ ဒီ အာနာပါနလေးဟာလည်း ဝါယောကာယဖြစ်သည့်အတွက်ကြောင့် ဖြစ်ပြီးရင် ပျင်တဲ့သဘောရှိတယ်၊ အဲဒါကို သိတယ်၊ အသိဉာဏ်တွေဟာ ရင့်လာတယ်၊ တက်တက်လာတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ။
အဲဒီလို စိတ်ကို ထွက်လေဝင်လေနဲ့ လေ့ကျင့်လိုက်တဲ့ အခါ အသိဉာဏ် စွမ်းအားတွေ တက်လာပြီးတော့ နောက်ဆုံကျတော့ သူ့မှာ ကာယဆိုတဲ့ အသိဘဲ ကျန်တော့တယ်၊ ငါ အနေနဲ့ ရှိနေတာ မဟုတ်ဘူး၊ ငါ ဥစ္စာဆိုပြီး ရှိနေတာ မဟုတ်ဘူး၊ ကာယ အနေနဲ့ ရှိနေတယ်ဆိုတာလေးကို အဲဒီ ကာယလေးပေါ်မှာ သတိစွမ်းအားတွေ ဖြစ်နေတယ်၊ ဉာဏ်စွမ်းအားတွေဖြစ်နေတယ်၊ သတိဉာဏ် ဖြစ်မှုထက် ပိုပြီးတော မထင်မှတ်တော့ဘူးတဲ့၊ ဒီ ကာယလေး ရှိနေတယ် ဆိုတဲ့အပေါ်မှာ သူက သတိလေးဖြစ်နေတယ်။ ဉာဏ်လေးဖြစ်နေတယ်။ အဲဒီ သတိဉာဏ်ဖြစ်နေတဲ့အပေါ်မှာ ကာယနဲ့ပတ်သက်ပြီး တဏှာဆိုတဲ့အတွေးတွေလည်း မလာဘူး၊ မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိ အတွေးတွေလည်း မလာဘူး၊ တဏှာအတွေးက ဘာတုန်းဆိုရင် ငါ့ရဲ့ထွက်လေလေး၊ အို အသက်ရှူလို့ ကောင်းလိုက်တာ၊ ရှိုက်လို့ ကောင်းလိုက်တာ၊ ဆိုတဲ့ အတွေးတွေ၊ ဒါမျိုးတွေ မလာတော့ဘူး၊ ငါ့ဟာဆိုတဲ့ အတွေးတွေ မလာတော့ဘူး။

နစ ကေကေ ကိဉ္စိ ဥပါဒိယတိ

နောက်ပြီးတော့ ဒီထက်လေဝင်လေလေးကို အတ္တဆိုတဲ့ အရာလေးက လုပ်ဆောင်နေပါလားဆိုတဲ့ အတွေးလည်း မလာတော့ဘူး၊ မိစ္ဆာဒိဋ္ဌိအတွေးရော၊ တဏှာအတွေးရော ဒီနှစ်ခုလုံးဟာ လုံးဝ မလာနိုင်တော့ဘူးတဲ့၊ န စ လောကေ ကိဉ္စိ ဥပါဒိယတိ တဲ့၊ ထွက်လေဝင်လေကို သိနေတာနဲ့ သတိကပ်နေတာကလွဲပြီး ဘယ်အရာကိုမှ တဏှာနဲ့ဖြစ်စေ မိစ္ဆာဒိဋ္ဌိနဲ့ဖြစ်စေ စွဲမှတ်ထားတာ မကျန်တော့ဘူးတဲ့၊ ဆိုလိုတာက အစွဲတွေ ပြုတ်သွားတယ်၊ ဒီလိုလေ့ကျင့်လိုက်ရင် တဏှာဒိဋ္ဌိတွေ ဖယ်ရှားပြိးတော့ အစွဲတွေပြုတ်သွားမယ်တဲ့၊ အဲဒီလို အစွဲပြုတ်သွားရင် အာနာပါနကျင့်စဉ် တစ်ခု အောင်မြင်သွားပြီလို့ ပြောတာ။

~~~~~~~~
(၂) ဣရိယာပထ
~~~~~~~~

အဲဒီအတိုင်းပဲ အခြားအာရုံတွေနဲ့လည်း လေ့ကျင့်ရမယ်တဲ့၊ ဣရိယာပထအဗ္ဗ . လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါး ဣရိယာပုတ်တွေကို အာရုံစိုက်ပြီး သတိကပ်နေ၊ ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်နေ၊ ခုနလိုပဲ ကျင့်စဉ်တွေ အတူတူပဲ၊ သတိကပ်ပြီး လေ့ကျင့်နေတဲ့အခါမှာ အဇ္ဈတ္တကာယနဲ့ လေ့ကျင့်မယ်၊ ဗဟိဒ္ဓကာယနဲ့ လေ့ကျင့်မယ်၊ အဇ္ဈတ္တဗဟိဒ္ဓကာယနဲ့ လေ့ကျင့်မယ်၊လေ့ကျင့်ပါများလာတဲ့အခါကျတော့ မမြဲတဲ့သဘောတွေ တွေ့လာမယ်၊ ပျက်တဲ့ သဘောတွေ တွေ့လာမယ်၊ ဖြစ်တဲ့ သဘောတွေ တွေ့လာမယ်၊ ဖြစ်တာ ပျက်တာ တွေ့မြင်လာမယ်၊ မြင်လာရင် သဘာဝတရား တစ်ခုအနေနဲ့သာ ရှိတယ်ဆိုတာ သတိရော ဉာဏ်ရော ဖြစ်နေတယ်၊ တဏှာအတွေး ဒိဋ္ဌိအတွေးတွေ မလာတော့ဘူး၊ လွတ်သွားပြီတဲ့၊ လောကကြီးအပေါ်မှာ အာလုံးဟာတွယ်တာမှုတွေ လွတ်သွားပြီ၊ ဒါက ဣရိယာပထပဗ္ဗ။

~~~~~~~~
(၃) သမ္ပဇညပဗ္ဗ
~~~~~~~~

အသေးစားလှုပ်ရှားမှုတွေကျတော့ အသမ္မောဟ သမ္ပဇညဖြင့် သိရမယ်၊ အသမ္မောဟ သမ္ပဇည ဆိုတာ မတွေဝေဘူးတဲ့၊

~~~~~~~~
(၄) ပဋိကူလ မနသိကာရပဗ္ဗ
~~~~~~~~

နောက်တစ်ခုကျင့်ပုံက ပဋိကူလ မနသိကာရ ဆိုတာပဲ၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရွံစရာတွေကို တွေးမယ်၊ ခန္ဓကိုယ်ကြီါ်မှာ ရှိတဲ့ ၃၂ ကောဋ္ဌာသတွေကို တစ်ခုချင်း တစ်ခုချင်း စဉ်းစားပြီး စိတ်ကလေးဟာ အဲဒီကာယလို့ဆိုတဲ့ ၃၂ မျိုးပေါ်မှာပဲ လှည့်လည်ပြီးတော့ သတိစွမ်းအားတွေ ဉာဏ်စွမ်းအားတွေ တက်လာပြီဆိုရင် ခုနပြောတဲ့ ကာယပေါ်မှာ သတိနဲ့ ဉာဏ်တွေထက်လာတယ်၊ ဒီဋ္ဌိအတွေးတွေ တဏှာ အတွေးတွေ ဝင်မလာဘူး၊ လောကကြီး တစ်ခုလုံးအပေါ်မှာ ဘယ်အပေါ်မှာမှ မစွဲလန်းတော့၊ စိတ်ကလေး လွတ်မြောက်သွားတယ်၊

~~~~~~~~
(၅) ဓာတု မနသိကာရအဗ္ဗ –
~~~~~~~~

နောက်တစ်ခုက ဓာတု မနသိကာရ – ဓာတ်ကြီးလေးပါးကိုနှလုံးသွင်း ဆင်ခြင်ခြင်း၊ ခန္ဓာကိုယ်ကြီးကို အရှိအတိုင်း ဓာတ်ကြီး ၄ ပါး ခွဲကြည့်လိုက်၊ ကိုယ့်ကိုယ်ကို ကြည့်လိုက်ပေါ့၊ ခန္ဓာကိုယ်ကြီး ဘာတွေနဲ့ တည်ဆောက်ထားတယ်၊ အရိုးပေါ်မှာ အသားတွေ တင်ပြီး ပရေတွေ ကြွက်သားတွေနဲ့ ထိန်းထားတာ မဟုတ်လား၊ ခန္ဓာကိုယ်ဆိုတာ အရိုးအိမ်ကြီးပဲ၊ အဲဒီအရိုးအိမ်ကြီးမှာ အသားတွေထည့်၊ ထည့်ပြီးတဲ့အခါ အပေါ်က အရေလေးနဲ့ ပတ်ချုပ်ထားတာ၊ တစ်ခုနဲ့ တစ်ခု အကြောတွေနဲ့ ဆိုင်းထားတာ၊ ကြိုးလေးတွေ ချည်ထားတာနဲ့ အတူတူပဲ။ အဲဒီ အရိုးအိမ်ကြီးဟာ ပကတိအိမ်ကြီး တည်ဆောက်ထားတာနဲ့ အင်မတန်တူတယ်၊ ခန္ဓာအိမ်ကြီးမှာ အမာခံတည်ဆောက်ထားတာ အရိုးတွေနဲ့ တည်ဆောက်ပြီးတော့ အသားတွေ အကြောတွေနဲ့ ထိန်းညှိပြီးထားတဲ့ ခန္ဓာကိုယ်ကြီးတဲ့၊ အဲဒီထဲမှာ ဘာတွေ ထည့်ထားတုံးဆိုရင် အပူငွေ့တွေကော ထည့်မထားဘူလား၊ Heating System ဆိုတာ အဲဒီအထဲမှာ ရှိပြီးသားတဲ့၊ ခန္ဓာကိုယ်ကြီးရဲ့ အပူတွေ၊ တရားနာတဲ့နေရာမှာ ထိုင်နေတဲ့ သူတွေ ထသွားရင် အဲဒီနေရာမှာ အပူငွေ့ မကျန်ထဲ့ဘူးလား၊ ကျန်ရစ်တယ်။ Heating System ခန္ဓာကိုယ်ထဲမှာ ရှိပြီးသား၊ အဲဒါတွေက တေဇောတွေ၊
ဝါယောတဲ့ – အသက်ရှူသွင်းနေတာတို့၊ သွေးတွေလည်ပတ်နေတာတို့၊ လေစွမ်းအားတွေနဲ့ လှုပ်ရှားနေတာတို့တွေ့ရမယ်။ ခန္ဓာကိုယ်ကြီး အနေအထားကို တစ်ခုစီ တစ်ခုစီ စဉ်းစားလိုက်ရင် ပထဝီလည်းတွေ့ရတယ်၊ အာပေါလည်း တွေ့ရတယ်၊ ဝါယောလည်း တွေ့ရတယ်၊ တေဇော ဝါယောကလွဲပြီး တခြား အရာ မတွေ့ရတော့အောင် ခန္ဓာကိုယ်ကြီး ပျောက်သွားအောင် ရှုမှတ်ရမယ်တဲ့။

အဲဒီလိုပဲ ခန္ဓာကိုယ်ကို ပထဝိ အာပေါ တေဇော ဝါယောဆိုတတဲ့ ဓာတ်ကြီး ၄ ပါးနဲ့ ဖျက်ချလိုက်ရင် ဒါက ပထဝီ၊ ဒါက ဝါယော၊ ဒါက တေဇော၊ ဒီလောက်ပဲမြင်တော့ လူသဏ္ဍန်ပျောက်သွားပြီဆိုရင် ခုနကလို သတိစွမ်းအားတွေ ဉာဏ်စွမ်းအားတွေ ထက်လာလို့ တဏှာအတွေး ဒိဋ္ဌိအတွေးတွေ လုံးဝ မရှိတော့ဘူတဲ့၊ အဲဒီလို လုံးဝမရှိတော့ရင် လောကကြီးတစ်ခုလုံးမှာ စွဲလမ်းမှုတွေကင်းလွတ်သွားနိုင်ပါတယ်။

~~~~~~~~
(၆) နဝသိဝထိကပဗ္ဗ
~~~~~~~~

သင်္ချိုင်းနဲ့ ပတ်သက်ပြီး ဟောတာက အလောင်းကောင်တွေနဲ့ ပတ်သက်သွားတယ်။
(၁) လူတွေ အနိစ္စရောက်သွားတဲ့အခါ ၂ ရက် ၃ ရက် ကြာတဲ့အခါ ရောင်ဖောလာပြီး ပြည်တွေနဲ့ ပုပ်ပွနေတဲ့ အလောင်းကောင်ကြီးတွေကိုကြည့်ပြီး – အော် ငါ့ခန္ဓာကိုယ်ကြီးဟာလည်း ဒါမျိုးဖြစ်မှာပဲ၊ ဒီသဘောရှိတယ်၊ ငါလည်း ဒီသဘောကို မကျော်လွှားနိုင်ဘူး – လို့ ဒီလိုစဉ်းစားပါတဲ့၊ ဒါ ကမ္မဋ္ဌာန်း အားထုတ်တာပဲနော်၊

(၂) သိဝထိက – ဆိုတာ သင်္ချိုင်း၊ သင်္ချိုင်းမှာ ရောက်နေတဲ့ အလောင်းကောင်နဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ပြီး ကြည့်တာ၊ – အယံ ပိ ကာယော ဋ္ဌဝံဘာဝီ -တဲ့၊ ငါ့ခန္ဓာကြီးလည်း ဒီလိုသဘောရှိတယ်၊ ဧဝံဓမ္မော -ဒီသဘောရှိနေတယ်၊ ဧဝံဘာဝီ – ဒါမျိုးဖြစ်ဦးမှာပဲ၊ ဧဝံ အနတိက္ကမော – ဒီအခြေအနေမျိုးကို မလွန်ဆန်နိုင်ဘူးဆိုတာ၊ ဒီလို ဆင်ခြင်စဉ်းစားပါတဲ့၊ အဲဒီလို တွေးလိုက်ရင် ခုနလိုပဲ တဏှာအတွေးလည်း မလာဘူး၊ ဒိဋ္ဌိအတွေးတွေလည်း မလာဘူး၊ အသိဉာဏ်တွေ သတိတွေထက်ပြီး လောကမှာ တွယ်တာစရာတွေ မရှိတော့ဘူး၊ ဒါက ပုံမပျက်သေးတဲ့ ခန္ဓာကိုယ်ရုပ်အလောင်း

(၃) အရိုး၊ ပုံပျက်သွားတဲ့ လူ့သဏ္ဍန် Skeleton နဲ့ ပတ်သက်တာ ၇ ခု၊ အရိုးဘဝရောက်သွားတဲ့အခါ အဲဒီ အရိုးပေါ်မှာ အသားလေးတွေ အသွေးလေးတွေ အကြောလေးတွေ ဆိုင်းထားပြီး ပုံမပျက်သေးတဲ့ အရိုးစုက တစ်ခု၊

(၄) နောက်တစ်ခါ အသားမရှိတော့ဘူး၊ သွေးလေးတွေ လူးပြီးတဲ့နေတဲ့ အရိုးစု တစ်ခု။
(၅) နောက်တစ်ခါ အရိုးစုမှာ အသားတွေ အသွေးတွေ လုံးဝမရှိတော့ဘူး၊ အကြောလေးနဲ့ပဲ ဆိုင်းထားတဲ့ အရိုးစုက တစ်ခု။
(၆) လက်တခြား၊ ခြေတခြား၊ ခေါင်းတခြား တခြားစီဖြစ်ပြီးတော့ ဗလနှံ့ကျဲနေတဲ့ အရိုးစုက တစ်ခု၊
(၇) အဲဒီလို အနှံ့အပြားဖြစ်နေရုံတင်မကဘူး နှစ်ကြာလာတဲ့အခါ အရိုးက အရောက်ပြောင်းသွားတယ်၊ နေပူလိုက် မိုးရွာလိုက်ဆိုတော့ အရိုးစုတွေဟာ ဖွေးဆွတ်ပြီးတော နေတယ်၊ အရောင်ပြောင်သွားတဲ့ အရိုးစုက တစ်ခု၊
(၈) နောက် နှစ်ကြာပြီး ၃ နှစ် ၃ မိုး ကြာလာတဲ့အခါ အရိုးတွေက ဆွေးသွားတယ်၊ အဲဒီလို ဆွေးနေတဲ့ အရိုးစုက တစ်ခု၊

ဆိုပြီးတော့ ပေါင်းလိုက်တဲ့အခါ အဲဒီအရိုးစု ၇ ခုတဲ့၊ ခုနကက ပုံပျက် အလောင်းကောင်က ၂ ခု၊ အဲဒါတွေ ပေါင်းလိုက်တဲ့အခါ ၉ ခု၊

အဲဒီ ၉ ခု ရှုနည်းက ဒီအတိုင်းပါပဲ၊ ငါ့ခန္ဓာကိုယ်ကြီးဟာလည်း ဒါမျိုးဖြစ်ဦးမှာပဲ၊ ဒီအခြေအနေမျိုးက မလွန်မြောက်သေးဘူး၊ ဒါမျိုးဆင်ခြင်စဉ်းလို့ သတိစွမ်းအား၊ ဉာဏ်စွမ်းအားတွေ ထက်လာရင် တဏှာအတွေးတွေ မလာတော့ဘူး။ ဒိဋ္ဌိအတွေးတွေလည်း မလာတော့ဘူး၊

အနိဿိတော စ ဝိဟရတိ – တဏှာအတွေးနဲ့ မတွဲတော့ဘူး၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ – လောကကြီးမှာ စွဲလန်းမှုဆိုတာ မရှိတော့ တဏှာနဲ့လည်း မတွယ်တော့ဘူး၊ ဒိဋ္ဌိအမြင်နဲ့လည်း မစဲံလန်းတော့ဘူါ်၊ ဥပါဒါန်တရားတွေ လုံးဝကျွတ်လွတ်သွားပြီါ် လွတ်မြောက်တဲ့ စိတ် အခြေအနေကို ရောက်သွားပါတယ်။

အာလုံးပေါင်းလိုက်တဲ့အခါ ၁၄ ခု၊ ကာယနုပဿနာနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ ကမ္မဋ္ဌာန်း ၁၄ ခု ပေးထားပါတယ်။ ဘယ်ကမ္မဋ္ဌာန်းလမ်းကြောင်းကပဲသွားသွား နောက်ဆုံးမှာ အတွယ်အတာတွေ ကင်းပြတ်ပြီး နဗ္ဗာန်ဆိုတဲ့ အငြိမ်းဓါတ်ကို ရစေတာချည်းပဲတဲ့၊ ဒါကြောင့်မို့ နည်းမှန်လမ်းမှန်ကျင့်ကြံကြိုးကုတ်အာထုတ်မယ်ဆိုရင် မှန်ကန်သည့်ကျင့်စဉ်ဖြစ်သည့်အတွက်ကြောင့် လိုအပ်တဲ့အကျိုးကျေးဇူးတွေ ရကြမှာဖြစ်တယ်။

Ref: https://www.facebook.com/dhammadownload/media_set?set=a.10203950488910308.1073741975.1464856977&type=3

Leave a comment